အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့

Posted in အိမ်မှုရေးရာ, အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်း


မြေနေရာလွတ် ရှားပါးလာပြီး နေအိမ်တွေဟာ အထပ်မြင့်တွေ ဖြစ်လာတဲ့အခါ အလှစိုက်အပင်ငယ်လေးတွေကို အိမ်ထဲမှာပဲ နည်းလမ်းရှာပြီး စိုက်ပျိုးလာကြပါတယ်။ Indoor Plant တွေက အရွယ်အစားစုံ၊ အမျိုးအစားစုံ ရှိ ကြပြီး တစ်မျိုးချင်းစီရဲ့ သဘာဝနဲ့ လိုအပ်ချက်တွေလည်း ကွဲပြားတာကြောင့် သူတို့ကို ပြုစုရမယ့် နည်းလမ်းတွေ လည်း ကွာခြားပါတယ်။ ကိုယ့်အိမ်မှာ စိုက်ထားတဲ့ အိမ်တွင်းအပင်ငယ်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရှင်သန်ကြီးထွား နိုင်ဖို့ သိထားရမယ့် အခြေခံအချက်‌လေးတွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ့်အိမ်နဲ့ သင့်တော်မယ့် အပင်အမျိုးအစား  

အိမ်မှာ Indoor Plant စိုက်တော့မယ်ဆိုရင် ကိုယ့်အိမ်နဲ့ သင့်တော်မယ့် အပင်အမျိုးအစားကို ရွေးချယ်ခြင်းက အခြေခံအချက်ပါပဲ။ နေရာအကျယ်အဝန်း၊ နေရောင်ရရှိမှု၊ အိမ်တွင်းစိုထိုင်းစ အစရှိတဲ့အချက်တွေအပြင် ကိုယ် က အပင်တွေပြုစုပျိုးထောင်တာ ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ စတဲ့ အချက်တွေကို အပင်ရွေးချယ်တဲ့အခါ ထည့်စဥ်စားဖို့ လိုအပ်ပါတယ်။ အကြမ်းခံတဲ့ ကန္တာရဆူးပင်နဲ့ ရှားစောင်းနွယ်ဝင်အပင်တွေ၊ ဂမုန်းနဲ့ ရွက်လှပင် တွေ၊ သစ်ခွပင်တွေ အစရှိတဲ့ ရွေးချယ်စရာ အိမ်တွင်းအလှစိုက် အပင် အမျိုးအစားအများကြီး ရွေးချယ်လို့ ရပါ တယ်။

အလင်းရောင် (နေရောင်ခြည်) နဲ့ လေဝင်လေထွက် 

အပင်တွေရဲ့ အခြေခံလိုအပ်ချက်တစ်ခုက နေရောင်ခြည်ဖြစ်တာကြောင့် အိမ်တွင်းစိုက်အပင်လေးတွေကလည်း နေရောင်ကောင်းစွာ ရရှိဖို့ လိုအပ်ပါတယ်။ တစ်ချို့အပင်တွေက နေရောင်ကောင်းကောင်းရတာကို ကြိုက်ကြ ပေမယ့် တစ်ချို့အပင်တွေအတွက်တော့ အလင်းရောင်ဖျော့ဖျော့ဆို လုံလောက်ပါပြီ။ အပင်အမျိုးအစားပေါ် မူတည်ပြီး နေရောင်ခြည်လိုအပ်တဲ့ ပမာဏနဲ့ ကြာချိန်တွေ ကွဲပြားသွားနိုင်ပေမယ့် အပင်အများစုကတော့ ပူပြင်းတဲ့ မွန်းတည့်နေ တိုက်ရိုက်ထိတာမျိုး မခံနိုင်ကြပါဘူး။

Indoor Plant အများစုက အခန်းအပူချိန်မှာ ကောင်းစွာ ရှင်သန်နိုင်ကြပါတယ်။ အပင်မျိုးစိတ်တွေပေါ်မူတည် ပြီး တချို့က စိုထိုင်းစများတဲ့ ပတ်ဝန်းကျင်ကို ပိုကြိုက်ကြတာမျိုးလည်း ရှိတာကြောင့် ဒီလိုအပင်တွေကိုတော့ ရေလောင်းတာအပြင် အရွက်လေးတွေကို ရေဖြန်းပေးတာမျိုးပါ လုပ်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ဘယ်လို Indoor Plant အမျိုးအစားပဲဖြစ်ဖြစ် အပူပေးစက်၊‌ လေအေးပေးစက်တို့လို စက်ပစ္စည်းတွေနား မထားမိဖို့ လို ပါတယ်။ 

လိုအပ်တဲ့ ရေပမာဏ 

အပင်ရဲ့ မျိုးစိတ်နဲ့ အရွယ်အစားပေါ်မူတည်ပြီး သူတို့နဲ့ ကိုက်ညီတဲ့ ရေပမာဏ ရရှိနေဖို့ လိုအပ်ပါတယ်။ အိမ် တွင်းအပင်လေးတွေကို လိုအပ်တာထက်ပိုပြီး ရေပေးမိတယ်ဆိုရင် အမြစ်တွေပုပ်လို့ အပင်သေသွားနိုင်သလို လုံလောက်တဲ့ ရေမမာဏ မရဘူးဆိုရင်လည်း ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ပါသေးတယ်။ ဒါကြောင့် မှန်ကန် တဲ့ ရေမမာဏ ရရှိဖို့အတွက် ရေမလောင်းခင် အပင်စိုက်ထားတဲ့ မြေကြီးရဲ့ စိုထိုင်းဆကို အရင်စစ်ဆေးကြည့် ရ ပါမယ်။ ရှားစောင်းနွယ်ဝင် ဆူးပင်ငယ်လေးတွေက ရေပမာဏ အများကြီးမလိုတာကြောင့် တစ်ခါရေလောင်းပြီး ရင် သူ့ရဲ့မြေဆီလွာမခြောက်မချင်း ထပ်လောင်းပေးဖို့ မလိုပါဘူး။ တခြား အိမ်တွင်းအလှစိုက် အပင်ငယ်လေး တွေ ကတော့ စိုစွတ်ပြီး ရေလည်း ဝပ်မနေတဲ့ မြေဆီလွှာအခြေအနေဖြစ်အောင် ဂရုစိုက်ရေလောင်းပေးရပါ မယ်။ သစ်ခွမျိုးစိတ်တွေကတော့ လောင်းလိုက်သမျှရေတွေ ဝပ်မနေအောင် အပေါက်ကျဲကျဲပါတဲ့ အိုးတွေနဲ့ ထည့်စိုက်တတ်ကြပြီး သူတို့ကို ရေလောင်းတာအပြင် ရေမှုန်လေးတွေ ဖြန်းပေးဖို့လည်း လိုအပ်ပါတယ်။ 

မြေဆီလွှာ 

Indoor Plant တွေက အိုးထဲမှာ ထည့်စိုက်ရတဲ့ အပင်ငယ်လေးတွေဖြစ်တာကြောင့် ပန်းအိုးထဲမှာ မြေဆီလွှာ လုံလုံလောက်လောက်ရှိနေဖို့၊ မြေကြီးက ကြပ်မနေဘဲ ပွပွရွရွလေးဖြစ်နေဖို့ လိုအပ်ပါတယ်။ ဆိုင်ကဝယ်လာခဲ့ တဲ့အတိုင်း မြေကြီးကို မပြုမပြင်ထားလို့မရပါဘူး။ မြေသြဇာထည့်တာ၊ အပင်အားဆေးကျွေးတာ၊ မြေဆွပေး တာ စတဲ့ ဂရုစိုက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အိုးထဲမှာ ရေဝပ်နေတာမျိုးမဖြစ်အောင် ရေစီးရေလာ ကောင်းတဲ့ အိုးမျိုး သုံးထားလားဆိုတာလည်း သေချာအောင် စစ်ဆေးရပါမယ်။ အချိန်တစ်ခုရောက်လာလို့ ကိုယ့်အပင်လေးက ကြီးလာတယ် (သို့) အပင်ပွားလာတယ်ဆိုရင် ပိုကြီးတဲ့အိုးကို ပြောင်းစိုက်ပေးတာ၊ အိုးခွဲ စိုက်ပေးတာတွေလည်း လုပ်ဖို့ လိုပါတယ်။

အပင်အားဖြည့်ဆေးများ 

ကိုယ့်ရဲ့ အိမ်တွင်းအပင်လေးတွေ ကောင်းကောင်းရှင်သန်ကြီးထွားစေဖို့ဆိုရင် ဝါနေတဲ့၊ ခြောက်သွေ့နေတဲ့ အရွက်တွေကို ခြွေပေးတာ၊ ကိုယ်လိုချင်တဲ့ ပုံစံရအောင် အကိုင်းအခက်တွေကို ပုံသွင်းပေးတာ စတဲ့ ပြုစုပျိုး ထောင်မှုတွေ လိုအပ်ပါတယ်။ အရွက်စားပိုးတွေ၊ အပင်ကပ်ပါးပိုးတွေ ရန်က ကာကွယ်ဖို့အတွက် သင့်တော်တဲ့ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အရွက်အားဆေးတွေလည်း အသုံးပြုပေးရပါမယ်။ အပင်မျိုးစိတ်တစ်ခုချင်းစီ အတွက် သီးသန့်ထုတ်ထားတဲ့ အားဆေးတွေ၊ ပိုးသတ်ဆေးတွေကို အညွှန်းမှာပါတဲ့ ပမာဏ အတိုင်း အသုံးပြု ပေးသင့်ပါတယ်။

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးတယ်ဆိုတာ စိတ်အေးချမ်းရတဲ့ ဝါသနာတစ်ခုပါ။ အပင်လေးတွေ စိမ်းစိမ်းစိုစို နဲ့ ကောင်းကောင်းရှင်သန်ကြီးထွားနေတာကို မြင်ရဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ပြုစုပျိုးထောင်ဖို့ လိုအပ်ပါ တယ်။ ကိုယ်က အပင်စိုက်တာ အတွေ့အကြုံနုသေးရင် အကြမ်းခံပြီး ဂရုစိုက်ရလွယ်တဲ့ အပင်မျိုးလေးတွေကို စစိုက်ကြည့်သင့်ပါတယ်။ အပင်တစ်ပင်နဲ့တစ်ပင် လိုအပ်ချက်တွေ မတူညီတာကြောင့် ကိုယ်စိတ်တဲ့ အပင်ရဲ့ သဘာဝကို သေချာလေ့လာပြီး ဂရုစိုက်ပျိုးထောင်ပေးမယ်ဆိုရင် အိမ်တွင်းအပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရှင်သန်ကြီးထွားလာမှာ အသေချာပါပဲ။



Share

Comments

Related Posts