မြင်မြင်ရာ စားချင်နေတဲ့ တိလေးကို ဘယ်လိုထိန်းကျောင်းရမလဲ

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


အိမ်သန့်ရှင်းရေး သေချာလုပ်ထားပေမဲ့လည်း မတော်တဆကျကျန်တတ်တဲ့ အမှိုက်တွေ၊ ပစ္စည်းသေးသေးမွှားမွှား စတာတွေကို တိလေးတွေက ချီကိုက်သွားတတ်လို့ အမြန်ပြေးထုတ်နေရပြီလား။ ဒီလို ချီကိုက်ပြီး စားတတ်တဲ့အကျင့်ရှိတာက သူတို့လေးတွေအတွက် အခန့်မသင့်ရင် အစာနင်တာအပြင် အသက်အန္တရာယ်အထိပါ စိုးရိမ်ရပါတယ်။ ဒါကြောင့် အိမ်တွင်းမှာတင် မဟုတ်ဘဲ အပြင်ထွက်လမ်းလျှောက်ရင်းနဲ့ လမ်းမှာမြင်မြင်ရာ လိုက်စားတတ်တဲ့ သင့်တိလေးအတွက် စိတ်မပူရအောင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်မှာပါ။ သူတို့လေးတွေ ဘာကြောင့် မြင်မြင်ရာတွေကို စားနေတတ်ကြတာလဲ၊ ဒီလိုစားတာကနေ အသက်အန္တရယ်မဖြစ်လာစေဖို့ သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

ဘာကြောင့် မြင်မြင်ရာကို စားတတ်ကြတာလဲ

တိလေးတွေက သူတို့သဘာဝအတိုင်း တွေ့ရာမြင်ရာ၊ ရှာတွေ့တတ်တာတွေကို စားတတ်ကြပါတယ်။ ဒါဟာ သူတို့ ဗိုက်မဝတာ၊ စိတ်ကျေနပ်ဖွယ် မဖြစ်တာဖြစ်ဖြစ်၊ ဒီတိုင်း သူတို့အမြင်မှာ စူးစမ်းချင်စရာ စားချင်စရာဖြစ်ပြီဆို လျက်တပြတ် အချိန်အတွင်းမှာ စားလိုက်တော့တာပါပဲ။ ဒီ့အပြင် သူတို့လေးတွေ ပုံမှန်စားတဲ့အစားအစာတွေအထဲ လိုချင်တဲ့ လိုအပ်တဲ့ အာဟာရဓာတ် မပါရင်လည်း အဲ့အရာကို ရှာဖွေစားသောက်တတ်ကြတာမို့ တိပိုင်ရှင်တို့အနေနဲ့ သူတို့အစားအသောက်တွေကို အာဟာရမျှတအောင် ဖန်တီးပေးထားသင့်ပါတယ်။ ဒီလို တွေ့ရာ ခဲ၊ ပလတ်စတစ်စ၊ အဝတ်စ စတာတွေ စားတတ်တဲ့ အလေ့အကျင့်ရှိနေပြီဆို သူတို့လေးတွေ ပျင်းရိတာ၊ စိတ်မကျေနပ်တာ၊ စိတ်ဖိစီးမှုများနေတာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုခုရှိနေရင်လည်း ဖြစ်တတ်တဲ့ လက္ခဏာတွေမို့ ဂရုစိုက်သင့်တာပါ။ ဒီလိုဖြစ်လာပြီဆို နီးစပ်ရာ ကျွမ်းကျင်ရာ တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

တစ်ခုရှိတာက တိလေးတွေ သွားယားလို့ပဲဖြစ်ဖြစ် သဘာဝအရ ခဏစူးစမ်းချင်လို့ဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး၊ ဒီကနေ မြင်မြင်ရာ စားချင်၊ စားနေတာကိုတော့ အကျင့်မဖြစ်သွားအောင် ကောင်းမွန်တဲ့ ထိန်းကျောင်းနည်းတွေနဲ့ ဂရုစိုက်ပေးသင့်တာပါ။

ကျန်းမာမျှတတဲ့ အစားအသောက်ကျွေးပါ

တိလေးက မြင်မြင်ရာစားနေတတ်ပြီဆို အရင်ဆုံး တိလေးကို နေ့စဉ် ဘာတွေကျွေးနေမိလဲ၊  ကိုယ်ကျွေးနေတာတွေက တိလေးရဲ့ အာဟာရအတွက် ပြည့်စုံမျှတမှုရှိလားဆိုတာ ဆန်းစစ်ကြည့်ရမှာပါ။ မသေချာဘူးဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်ကို ပြန်လည်ချိန်ညှိပေးလိုက်သင့်ပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့်ဖြစ်တဲ့ ခဏခဏစားချင်စိတ်ကို လျော့ချနိုင်ဖို့အတွက်လည်း ကျွမ်းကျင်ရာ တိရစ္ဆာန်ကုဆရာဝန်နဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီး ဖြစ်တဲ့ရောဂါကို တားဆီးနိုင်ပါတယ်။

အစာ ဆာတတ်ချိန်ကို ဂရုပြုပေးပါ

တချို့တိလေးတွေက ဗိုက်ဆာပြီဆို သည်းမခံနိုင်ကြဘဲ ကြုံရာတွေ့ရာကို စားချင်စိတ်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်တိလေးရဲ့ အလေ့အကျင့်နဲ့ အမူအရာကို လေ့လာပြီး သူစားချင်တဲ့အချိန်မှာ ပြည့်ပြည့်ဝဝစားရအောင် ပြင်ဆင်ကျွေးသင့်ပါတယ်။ ဒီ့အပြင် အစာစားပြီးပေမဲ့လည်း အဆာပြေ မုန်လာဥနီလိုမျိုး ဟင်းသီးဟင်းရွက်လေးတွေ ပြင်ဆင်ထားပေးမယ်ဆို တိလေးတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး တွေ့ရာမြင်ရာ စားတတ်တဲ့ တိလေးတို့အကျင့်ကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တာပေါ့။ 

နာခံအောင် သင်ကြားပေးပါ

တိလေးတို့ မြေကြီးပေါ်က တစ်ခုခုကို ကိုက်ချီစားလိုက်တာတွေ့ရင် “ပြန်ထုတ်” “ပြန်ချထား” ဆိုပြီး ဒီတိုင်း ပြောရတာလည်း လွယ်ကူမနေပါဘူး။ ဒါကြောင့် သင်ကြားတဲ့အခါမှာ သူချီပြီး စားတတ်တဲ့အရာထက် ပိုကောင်းတဲ့အရာ၊ သူနှစ်သက်တတ်တဲ့အရာနဲ့ မျှားပြီး ချီထားတဲ့ပစ္စည်းကို ချအောင် ပြုလုပ်သင့်ပါတယ်။ ဒီလို သင်ကြားရင်းနဲ့ စကားကိုလည်း နာခံအောင် စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး စကားနားထောင်တဲ့အခါ ဆုပေးတာမျိုး လုပ်ပေးတာဟာ တကယ်အသုံးဝင်စေမှာပါ။ အပြင်မှာ တိလေးနဲ့အတူ လမ်းသွားရင်း တွေ့ရာမြင်ရာ ချီလာပြီဆို သူတို့စားတတ်တဲ့တစ်ခုခုကို အိမ်မှာကတည်းက ပြင်ဆင်ယူဆောင်လာပြီး တခြားလမ်းပေါ် ကဟာတွေကို အာရုံမရောက်အောင် လုပ်ဆောင်ကြည့်နိုင်ပါတယ်။  

စိတ်ပျော်ရွှင်ဖို့အတွက် ဂရုပြုပေးပါ

တိလေးတွေလည်း စိတ်ဖိစီးတတ်ကြပါတယ်။ လူတွေလိုပဲ အစားအသောက်မစားချင်တဲ့ အချိန်လည်း ရှိသလို သူတို့တွေမှာလည်း မြင်မြင်ရာကို ဝါးနေ၊ စားချင်တတ်တဲ့ အခြေအနေတွေလည်း ရှိတတ်တာပါ။ ဒါဟာ သူတို့တွေ စိတ်ဖိစီးတာကို ဖြေလျော့အောင် စားနေ၊ဝါးနေတတ်ကြတာလည်း ဖြစ်နိုင်တာမို့ တိပိုင်ရှင်တို့ ဂရုပြု စောင့်ကြည့်နေသင့်ပါတယ်။ ဥပမာ သူတို့လေးတွေကို အပြင်ခေါ်သွားပြီး နောက်တစ်ရက်မှာ အစားပိုစားလာတာ၊ အပြင်လမ်းလျှောက်ရင်း လူရှုပ်၊ ကားရှုပ်တဲ့နေရာတွေ ခေါ်သွားမိတာ စတဲ့ အပြုအမူကအစ သူတို့စိတ်ထဲ ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အပြုအမူ၊ အလေ့အထလေးတွေကို စောင့်ကြည့်ရင်း ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တတ်နိုင်သလောက် လျော့ချနိုင်ဖို့ အကြံပေးလိုက်ပါရစေ။ 

အိမ်မှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် တိလေးက ဒီလိုတွေ့ရာ မြင်ရာစားတတ်တယ်ဆို အခန့်မသင့်ရင် မစားသင့်တဲ့အရာတွေကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး တိပိုင်ရှင်တို့အဖို့လည်း စိတ်ပူ၊ စိတ်ရှုပ်စရာပါပဲ။ ဒါကြောင့် မြင်မြင်ရာစားချင်နေတဲ့ တိလေးအတွက် ဒီဆောင်းပါးမှာဖော်ပြထားတဲ့ ဖြေရှင်းနည်းတွေကို အချိန်ပေးလုပ်ဆောင်ကြည့်ရင်း သင့်တိလေးနဲ့ ပျော်ရွှင်ကျန်းမာတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေနော်။


Share

Comments

Related Posts