ခွေးလေးတွေ အထီးကျန်တတ်လား

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး

လူတွေကတော့ ကိုယ့်ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြောဆိုနိုင်ကြပေမယ့် စကားမပြောတတ်တဲ့ ခွေးကလေးတွေခမျာတော့ သူတို့ခံစားချက်တွေကို အမူအရာနဲ့ ဖော်ပြရုံပဲ တတ်နိုင်ကြပါတယ်။ ခွေးကလေး တွေဟာ ဉာဏ်ကောင်းကြတာ ကြောင့် တချို့ခွေးကလေးတွေရဲ့ ဉာဏ်ရည်နဲ့ စိတ်ခံစားမှုဟာ သူတို့ရဲ့ အမျိုးအစားပေါ်မူတည်ပြီး (၂) နှစ်မှ  (၅) နှစ်သား ကလေးတစ်ယောက်နီးပါး မြင့်မားကြပါတယ်တဲ့။ ဒီတော့ သူတို့လည်း ကလေးလေးတစ်ယောက်လို ခံစားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် သူတို့လေးတွေလည်း ပျော်တတ်၊ ဝမ်းနည်းတတ်၊ အထီးကျန်တတ်ကြပါတယ်။ 

ကိုယ့် ခွေးကလေး အထီးကျန်နေကြောင်း ဘယ်လိုသိနိုင်မလဲ?

လူတွေလိုပဲ ခွေးလေးတွေဟာလည်း တစ်ကောင်နဲ့တစ်ကောင် အပြုအမူနဲ့ အကျင့်စရိုက်တွေ ကွဲပြားကြ တာကြောင့် သူတို့ဘာလို့အထီးကျန်ရတာလဲဆိုတာနဲ့  သူတို့ရဲ့ အထီးကျန်နေကြောင်းပြသတဲ့ အပြုအမူတွေဟာ လည်း တစ်ကောင်နဲ့တစ်ကောင်တော့ ထပ်တူကျမနေဘူးပေါ့။ ပိုင်ရှင်အနေနဲ့ ကိုယ့်ခွေးကလေးရဲ့ အချို့အပြုအမူ တွေက သူတို့အထီးကျန်ကြောင်း ပြောပြနေတယ်ဆိုတာ ချက်ချင်းသတိမပြုမိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ပိုင်ရှင်တွေ သတိပြုမိနိုင်ဖို့ ခွေးကလေးတွေ အထီးကျန်ရင်လုပ်တတ်တဲ့ ယေဘုယျအချက်တွေကို စုစည်း ဖော်ပြလိုက်ပါတယ်... 

(၁) တခွေခွေအိပ်နေခြင်း

လူသားတွေဆိုရင်လည်း အထီးကျန်၊စိတ်ဓာတ်ကျနေတဲ့အခါ ပိုအိပ်တတ်ကြတယ်မဟုတ်လား!....

သူတို့လည်း ဒီလိုပါပဲ... အထီးကျန်ရင် အိပ်နေတတ်ကြပါသတဲ့။ ခွေးလေးတွေရဲ့ အိပ်ချိန်ဟာ ပျမ်းမျှ တစ်နေ့ကို (၁၂) နာရီလောက်ရှိပါတယ်။ ပုံမှန်ဆိုရင်တောင် နေ့တဝက်လောက်အိပ်တတ်ကြတဲ့ ခွေးကလေးတွေက ဝမ်းနည်းအထီး ကျန်တဲ့အခါ တစ်နေ့လုံးနီးပါး တခွေခွေအိပ်နေတော့တာပေါ့။ ပြီးတော့ ကိုယ့်ခွေးလေးက သူအိပ်လေ့မရှိတဲ့နေရာမျိုးမှာ အိပ်နေရင်လည်း ဝမ်းနည်းနေလို့ပါတဲ့နော်။ ဒါကြောင့် ကိုယ့်အာဝုလေးရဲ့ အိပ်ချိန်နဲ့ အိပ်တဲ့နေရာတွေ သေချာဂရုစိုက်စောင့်ကြည့်ပြီး သူတို့ခံစားချက်တွေကို ခန့်မှန်းနိုင်ပါတယ်။ 

 (၂) တက်တက်ကြွကြွမရှိတော့ခြင်း

ခွေးလေးတွေ အထီးကျန်နေကြောင်းသိနိုင်မယ့် နောက်ထပ်လက္ခဏာတစ်ခုက အရင်က သူတို့စိတ်ဝင်စားခဲ့၊ တက်ကြွခဲ့တဲ့ ကိစ္စတွေမှာတောင် စိတ်မဝင်စားတော့တာပါပဲ။ ဥပမာ အရင်က လမ်းလျှောက်ထွက်ဖို့ တက်ကြွ နေတဲ့ ခွေးလေးက လမ်းမလျှောက်ချင်တာ၊ မကစားတော့တာ စတဲ့အပြုအမူတွေလုပ်နေရင် အထီးကျန်လို့ပဲ ဖြစ်ပါတယ်။

အာဝုလေးက အစားအသောက်ပျက်တိုင်း အထီးကျန်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး အစားအသောက်ပျက်လာတာကလည်း အထီးကျန်နေတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တာကြောင့် အာဝုတို့သခင်တွေ သိထားရမယ့် အချက်တစ်ချက်ပါပဲ။ 

 (၃) အမွေးတွေကို ပုံမှန်ထက်ပို လျှက်နေခြင်း

ခွေးလေးတွေက အမွေးတွေကို လျှာနဲ့လျက်ပြီးသန့်ရှင်းရေးလုပ်ကြတာကို အားလုံးတွေ့ဖူးကြ မှာပါ။  ကိုယ့်ခွေးလေးက ပုံမှန်ထက်ပိုပြီး အမွေးတွေကို လျက်နေရင် ဒါဟာ အထီးကျန်တဲ့ လက္ခဏာဖြစ်ပါ တယ်။ ဒီလိုဖြစ်ရင် ပုံမှန်နဲ့မတူဘဲ အမွေးတွေက အကွက်လိုက် အကွက်လိုက်ကျွတ်တတ်ပါတယ်။ ဒီတော့ ကိုယ့်ခွေးလေးက အမွေးကျွတ်ရာသီလည်း မဟုတ်ပါဘဲ အမွေးတွေ အကွက်လိုက်ကျွတ်မယ်၊ အမွေးတွေရဲ့ အရောင်အဆင်းကလည်း အရင်နဲ့မတူဘဲ ပိုပြီးမွဲခြောက်ခြောက်ဖြစ်လာမယ်ဆိုရင်တော့ သူတို့အထီးကျန်ဝမ်းနည်းနေပြီဆိုတာ သခင့်အနေနဲ့ သတိထားမိပြီး အာဝုလေးကိုပိုအချိန်ပေး၊ ဂရုစိုက်ပေးလိုက်ပါ။ 

(၄) တအီအီအော်ပြီး ဟောင်နေခြင်း

ကိုယ်တစ်နေကုန်အပြင်သွားပြီး(သို့) ခရီးရက်ရှည်သွားပြီး ပြန်လာလို့ ကိုယ့်ခွေးကလေးက တံခါးဝမှာထိုင်စောင့် ကြိုနေရင် ကိုယ့်ကိုလွမ်းပြီး အထီးကျန်နေလို့ပါ။ ဖိနပ်တွေ၊ အဝတ်တွေကို ကိုက်ဖြဲပေးတာ၊ ရေချိုးခန်းထဲ အိမ်သာထဲက တစ်ရှူးတွေ၊ ပစ္စည်းတွေကို ဖျက်စီးပြီးသောင်းကျန်းပေးတာ၊ ပုံမှန်ထက်ပိုဟောင်တာ၊ တအီအီ အော်ညည်းနေတာ စတဲ့အပြုအမူတွေက သခင်ဖြစ်သူရဲ့အာရုံစိုက်မှုကိုရချင်လို့ တမင်ဆိုးပြနေကြတာပါနော်။ ဒီလိုတွေလုပ်ရင် ကိုယ့်ခွေးလေးတွေ အထီးကျန်လို့ ဒီအပြုအမူတွေလုပ်နေတာပါလားလို့ သတိပြုမိပြီး သူတို့ကို ပိုအချိန်ပေး ဂရုစိုက်လိုက်ပါနော်... 

(၅) လူနောက်ကို တကောက်ကောက်လိုက်နေခြင်း

အရင်က တသီးတသန့်နေတတ်ပြီး လူနားသိပ်မကပ်တတ်တဲ့ ခွေးလေးက ကိုယ့်နားလာပြီး ပွတ်သီးပွတ်သတ်လုပ်နေရင်၊ ကိုယ်သွားတဲ့နောက် တကောက်ကောက်လိုက်နေရင် ဒီ အာဝုလေး အထီးကျန်နေရှာလို့ပါပဲ။ ဒါဆိုသူနဲ့ပိုအချိန်ဖြုန်းပေး၊ ကစားပေးသင့်တယ်လို့ သိလိုက်တော့နော်။ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေတစ်ကောင်မက ရှိနေတယ်ဆိုရင် တစ်ကောင်တည်းကိုပဲ ကွက်ပြီး အာရုံစိုက်နေမိလို့ တခြားခွေးကလေးတွေ ဝမ်းနည်းရတာမျိုးမဖြစ်အောင်လည်း သတိထားလိုက်ပါဦး။ 

ခွေးလေးတွေရဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲ?

အိမ်မွေးတိရစ္ဆာန် မွေးတယ် ဆိုတာ အစာကျွေးထားရုံပဲမဟုတ်ပါဘူး။ ခွေးကလေးတစ်ကောင်ကို မွေးမြူတယ်ဆိုတာ ကလေးတစ်ယောက် မွေးသလောက်နီးပါး တာဝန်ယူရပါတယ်။ သူတို့လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ၊ ကုသမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ကျန်းမာပျော်ရွှင်ပြီး အထီးကျန်မနေစေဖို့လည်း ဂရုစိုက်ရပါမယ်။

အာဝုလေးတွေရဲ့ အထီးကျန်ဝေဒနာကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းက အချိန်အတော်များများ သခင်နဲ့ အတူတူနေပေးတာ ဆိုပေမယ့် ကိုယ်က အပြင်ထွက်အလုပ်လုပ်ရလို့ အချိန်မပေးနိုင်တာမျိုးက ဖြစ်နေကျ အခြေအနေပါ။ ဒီလိုဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်တွေက ကိုယ့်ခွေးလေး အထီးကျန်တာသက်သာဖို့ အထောက်အကူဖြစ်မှာပါ။

(၁) ရေဒီယို (သို့မဟုတ်) နောက်ခံဂီတ တိုးတိုးလေးဖွင့်ထားပေးပါ။ သခင်ကိုမမြင်ရ၊ အသံမကြားရပဲ တိတ်ဆိတ် နေတာထက်စာရင် အသံတစ်ခုခုကြားရတာက အထီးကျန်ခြင်းကို သက်သာစေပါတယ်။ လူတွေလည်း တစ်ယောက်တည်းနေတာများရင် အထီးကျန်လို့ သီချင်းဖွင့်ထားတာ၊ မကြည့်ရင်လည်း ရုပ်ရှင်ဖွင့်ထားတာမျိုး လုပ်တတ်ကြတယ်လေ...

(၂) ဖြစ်နိုင်ရင် သူအဖော်ရဖို့ နောက်ထပ် ပါပီတစ်ကောင် မွေးလိုက်ပါ။ အချင်းချင်း ဆော့ဖော်ဆော့ဖက် အဖော်ရ သွားမှာဖြစ်လို့ အပျင်းလည်းပြေပြီး တက်တက်ကြွကြွဖြစ်လာနိုင်ပါတယ်။

(၃) မနက်စောစော ထပြေးရင်၊ ညနေခင်းတွေ လမ်းထွက်လျှောက်ရင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ကြရင် ကိုယ့်ခွေးလေးကို ခေါ်သွားလိုက်ပါ။ သူလည်း သခင်နဲ့အတူ အပြင်လည်ရလို့ တက်ကြွလာမှာပါနော်။

(၄) အလုပ်နဲ့ အိမ်နီးရင်တော့ နေ့လယ်စာကို အိမ်ပြန်စားဖို့ ကြိုးစားကြည့်သင့်ပါတယ်။ ပါပီလေး ကိုယ့်ကို ခဏတွေ့ရတာ အလွမ်းပြေပြီး အထီးကျန်တာ သက်သာမှာပါ။ 

များပြားလှတဲ့ အလုပ်ကိစ္စတွေ၊ လူမှုရေးရာတွေကြားထဲမှာ ကိုယ့်ခွေးကလေးကို သေချာအချိန်ပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်မှန်း နားလည်ပါတယ်။ သို့ပေမယ့် ကိုယ်အချိန်မပေးနိုင်တာကြောင့် ကိုယ့်ခွေးကလေး အထီးကျန်နေရတာမျိုး မဖြစ်အောင် ဂရုစိုက်မွေးမြူသင့်ပါတယ်။ခွေးကလေးတွေ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သခင်နဲ့အတူ သက်တမ်းစေ့နေနိုင်ဖို့ သခင်တိုင်းရဲ့ မျှော်လင့်ချက်ပဲမဟုတ်လား....


Share

Comments

မိုးစက်နွယ်

အချိန်မပေးနိုင်သူတွေကြောင့် အထီးကျန်နေတဲ့ ခွေးကလေးတွေက သနားစရာနော်။ သူတို့ကို ချစ်ခင်ယုယ အချိန်ပေးကြင်နာသူတွေနဲ့ ဆုံတွေ့ခွင့်ရတာ နှစ်ဦးနှစ်ဘက် ကံကောင်းခြင််းတမျိုးပါဘဲရှင်

Mee Mee Dar Dar

တိလေး တစ်ကောင်ကို မွေးမြူခြင်းက ချစ်ခြင်းမုန်းခြင်းခံစားချက်ဆိုတာထက် တာဝန်ယူမှု့ ကိုယ်ချင်းစာတရား မေတ္တာတရား တွေနဲ့သာ သက်ဆိုင်ပါတယ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လောကဓံကို အန်တုပြီး အဆုံးထိ စောင့်ရှောက်နိုင်မှ မွေးမြူသင့်ပါတယ်ရှင်..

Eaintnadi Maung

တိလေးတွေကျန်းကျန်းမာမာနဲ့သက်တမ်းစေ့နေထိုင်နိုင်ဖို့အတွက်ဘယ်လိုဂရုစိုက်ရမယ်..သူတို့ခံစားချက်ကိုနားလည်ပေးရမယ်..သူတို့ကိုအချိန်ပေးဖို့ရယ်ဒီဆောင်းပါးဖတ်ပီးအသိပညာတွေအများကြီးရလိုက်တဲ့အတွက်Good Lifeကျေးဇူးတင်ပါတယ်..

Related Posts