ခွေးလေးတွေရဲ့ ကြမ်းတမ်းတဲ့ အမူအကျင့်များကို ကိုင်တွယ်နိုင်မယ့် အချက်လေးတွေ

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


ခွေးလေးတွေရဲ့ စိတ်ကြမ်းတမ်းမှုအကြောင်းကတော့ နားလည်ရခက်ပြီးရှုပ်ထွေးတဲ့ အရာတစ်ခု လို့ ပြောနိုင်ပါတယ်။  ခွေးတွေဘာကြောင့် ကြမ်းတမ်းလဲဆိုတာ နားလည်နိုင်ဖို့အရင်ဆုံး ကြမ်းတမ်းတဲ့အမူအရာလေးတွေကိုသိထားဖို့လိုအပ်ပါတယ်။

ဒါမှ ခွေးတစ်ကောင်ရဲ့ ကြမ်းတမ်းတဲ့အမူအရာတွေကို ကြို မြင်တတ်ပြီး ပိုင်ရှင် တစ်ယောက်အနေနဲ့  အခြားလူများကို ဘေးမဖြစ်စေဖို့ ကာကွယ်နိုင်မှာပါ။ အဲ့အမူအရာ လေးတွေကတော့

-    မာန်ဖီခြင်း

-    ဟောင်ခြင်း

-    သွားဖြဲပြခြင်း

-    တောင့်တောင့်နေခြင်း

-    စိုက်ကြည့်နေခြင်း

-    နားရွက်များထောင်ထားခြင်း

-    လိုက်ဆွဲခြင်း

-    ကိုက်ခြင်း

ခွေးများစိတ်ကြမ်းတမ်းမှုကိုဖြစ်စေတဲ့အကြောင်းအရာများကတော့


ကြောက်ရွံ့စိတ်: ခွေးများက သူတို့ကြောက်တဲ့အခါ သို့မဟုတ် ရန်လိုခံရတဲ့အခါ ကြမ်းတမ်းမှုကိုပြသနိင်ပြီး ခုခံဖို့ ဝန်မလေးကြပါဘူး။

နာကြင်မှု: ခွေးများက သူတို့နာကျင်ခံစားနေရချိန်မှာ စိတ်ရင်းကြမ်းတမ်းနိင်ပါတယ်။ ဒါဟာ သူတို့ကုယ်သူတို့ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။

ပိုင်ဆိုင်ချင်စိတ်ပြင်းပြမှု: ခွေးများက သူတို့ပိုင်ဆိုင်တဲ့ အစာ သို့မဟုတ် အရုပ်များကို လုယူပါက ပိုင်ရှင်ပင်ဖြစ်နေပါစေ  အမူအရာ ကြမ်းတမ်းလာပြီးရန်လိုတတ်ကြပါတယ်။

မျိုးရိုး: အချို့ခွေးများဟာ မွေးရာပါ စိတ်လှုပ်ရှားလေ့ရှိကြတဲ့အတွက် ပိုပြီးတော့ ကြမ်းတမ်းနိင်ခြေရှိပါတယ်။ ဒီလိုပြောလို့ ပြင်လို့မရတာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့လေ့ကျင့်ပေးမှုတွေက ခွေးတစ်ကောင်ရဲ့အမူအကျင့်ကို ပြောင်းလဲနိင်ပါတယ်။

ကြမ်းတမ်းတဲ့ခွေးတွေကို ဘယ်လိုကိုင်တွယ်မလဲ

ကြမ်းတမ်းတဲ့ခွေးတွေကို ကိုယ်တွယ်ရာမှာ ကိုယ်တွယ်တဲ့သူရော အခြားသူပါဘေးကင်ဖို့ သတိကြီးကြီးထားဖို့လိုပါတယ်။ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်…


တည်တည်ငြိမ်ငြိမ်နေပါ -  ရုတ်တရက်လှုပ်ခြင်း အော်ဟောက်ခြင်းမပြုလုပ်ပါနဲ့။ ဥပမာ ထွက်ပြေးခြင်းက ခွေးတွေကိုလိုက်ဆွဲစေပါတယ်။ လက်ကိုဘေးချထားပါ။ ခွေးကအနားကပ်လာရင်တောင် တည်တည်ငြိမ်ငြိမ်ပဲနေပါ။

အကြည့်ချင်းမဆုံစေပါနဲ့ - ခွေးတစ်ကောင်ကိုစိုက်ကြည့်နေခြင်းက အဆိုပါခွေးကိုစိန်ခေါ်သလိုဖြစ်စေပါတယ်။ ပင်ကိုကြမ်းတမ်းတတ်တဲ့ ခွေးဆိုရင်ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးတွေက ကိုယ်အမူအရာနဲ့ မျက်နှာထားကိုကြည့်ပြီး လူတွေနဲ့ အဆက်အသွယ်လုပ်တာကြောင့်ပါ။ 

မအော်မငေါက်ပါနဲ့ -  အော်ငေါက်ခြင်းက ခွေးတွေကိုစိတ်ဖိစီးစေပြီး ကြောက်စိတ်ဖြစ်ပေါ်စေတာကြောင့် ကြမ်းတမ်းမှုကိုဖြစ်ပေါ်စေနိင်ပါတယ်။

ခွာခွာနေပါ - ခွာခွာနေခြင်းက သင့်အတွက်ဘေးကင်းစေသလို ခွေးများကိုလည်း လုံခြုံသလိုခံစားရစေပါတယ်။

ကျွမ်းကျင်သူရဲ့ အကူအညီယူပါ - သင်ကိုယ်တိုင် သင့်ခွေးရဲ့အမူအကျင့်တွေကို မပြောင်းလဲနိင်ဘူးဆိုရင် ကျွမ်းကျင်သူရဲ့ အကူအညီယူဖို့အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေဟာ သင့်ခွေးရဲ့ တစ်ကိုယ်တာလိုအပ်ချက်များကို အကဲဖြတ်နိင်ပြီး အမူအကျင့်ပြောင်းလဲဖို့ အသေးစိတ်စီစဉ်နိင်တာကြောင့် ကြမ်းတမ်းစေတဲ့ အရင်းအမြစ်ကိုပါပျောက်စေပါတယ်။

အနှစ်ချုပ်ရရင် ခွေးများရဲ့ ကြမ်းတမ်းမှုအမူအရာတွေနဲ့ ထိုအမူအရာတွေကိုဖြစ်စေတဲ့ အချက်တွေကိုနားလည်ထားခြင်း ကြမ်းတမ်းမှုကိုကိုယ်တွယ်တတ်ခြင်းတို့က သင့်ခွေးသာမက သင့်ပတ်ဝန်းကျင်က အခြားသက်ရှိများကိုပါ ဘေးကင်းစေပါတယ်။ ဒီလို တာဝန်သိတတ်တဲ့ ပိုင်ဆိုင်ခြင်းက ခွေးများရဲ့ ကြမ်းတမ်းတဲ့ အမူအကျင့်တွေကို ပြောင်းလဲဖီု့ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။


Share

Comments

Related Posts