အာဝုတို့အပြုအမူတွေက ပြောချင်နေတဲ့ ဘာသာစကား

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


ခွေးလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို အမူအရာတွေနဲ့ အမျိုးမျိုးဖော်ပြလေ့ရှိကြပေမဲ့ တခါတလေမှာ သူတို့အမူအရာတွေ ကြည့်ပြီးလည်း သူတို့ဖြစ်ချင်တာကို နားလည်ရခက်နိုင်ပါတယ်။ ပစ္စည်းတွေကို လျှာနဲ့လိုက်ယက်နေတာ၊ ကိုယ့်‌ရှေ့မှာ နေရာတစ်ခုထဲကို ပတ်ချာလည် ပတ်နေတာ စတဲ့ မခန့်မှန်းနိုင်တဲ့ အမူအရာတွေလုပ်ပြတာ ကြုံဖူးကြမှာပါ။ တိချစ်သူတို့အနေနဲ့လည်း သူတို့လေးတွေပြောပြချင်တာတွေကို အနီးစပ်ဆုံး နားလည်နေမှသာ အချင်းချင်း ကျန်းမာတဲ့ ပျော်စရာဆက်ဆံရေးလေး တည်ဆောက်နိုင်မှာပေါ့။ တိလေးတွေကို အခုမှ စမွေးမယ့်သူတွေ အနေနဲ့လည်း ခွေးလေးတွေရဲ့ ပြုမူပုံတွေ လေ့လာထားရင် သူတို့လေးတွေကို ကူညီပြီး သင်ကြားပေးဖို့ အထောက်အကူဖြစ်စေမှာမို့ တိချစ်သူတို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ပါတယ်။ 

အဆက်မပြတ် ဟောင်တာ

ခွေးလေးတွေ အများစုက ဟောင်တာ၊ အူတာ၊ အသံလေးတွေနဲ့ ငြီးတာ စသဖြင့် အသံတွေပေးတတ်ကြပါတယ်။ ပုံမှန် တစ်ချက်နှစ်ချက် ဟောင်တာမျိုးက ကိစ္စမရှိပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဆက်တိုက်ဟောင်နေပြီဆို သူတို့လေးတွေရဲ့ ကျန်းမာရေးတစ်ခုခု သို့ စိတ်မလုံခြုံမှု တစ်ခုခုကြောင့် ဖြစ်နိုင်တာမို့ တိဖေဖေ မေမေတို့ ဂရုပြုသင့်ပါတယ်။ သူတို့လေးတွေ ဘာကြောင့် အဆက်မပြတ်ဟောင်ကြလဲဆိုတော့ စိတ်လှုပ်ရှားတာ၊ အဆော့သန်တာ၊ အာရုံစိုက်ခံရချင်တာ၊ ပျင်းရိတာ၊ စိတ်ဖိစီးတာ တို့အပြင် အန္တရာယ်တစ်ခုခုကို သတိပေးတာ၊ အချက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ခုခုကို ကိုက်ဝါးနေတာ

ပါပီလေးတို့ တစ်ခုခုကို ချီပြီး ဝါးနေတာက ပုံမှန်သဘာဝအလေ့အကျင့်ပါပဲ။ သူတို့သွားလေးတွေ ယားလို့ဖြစ်ဖြစ်၊ စိတ်ဝင်စားစရာတစ်ခုခု ရှိလို့ဖြစ်ဖြစ် ကိုက်ဝါးနေတတ်ပြီး တခြားအကြောင်းရင်းတွေက စိတ်မကြည်လင်တာ၊ အားအင်ပိုလျှံနေတာတို့ကြောင့် ဖြစ်နိုင်ပါသေးတယ်။ ဒီလိုကိုက်ဝါးနေတဲ့ အလေ့အကျင့်က တခါတလေမဟုတ်ဘဲ ဆက်တိုက်အမြဲတွေ့လာရပြီဆို အလေ့အကျင့်ကောင်းတစ်ခု မဟုတ်တဲ့အတွက် ဒီအလေ့အထကို ပြင်ပေးသင့်တာပါ။ ဒီ့အတွက် အိမ်မှာရှိတဲ့ ပစ္စည်းတွေလည်း မပျက်စီးအောင် အာဝုတို့အတွက် ကိုက်စရာ အရုပ်လေးတွေ ပေးထားလိုက်ပါ။ ကိုက်ဝါးတဲ့နေရာမှာ သူတို့ အားအင်သုံးနေတာထက်စာရင် အားကစားတစ်ခုခုကို တူတူလိုက်ဆော့ပေးလိုက်တာက ဒီအကျင့်ကို လျော့ချနိုင်မှာပါ။

ကိုက်တာ

ငယ်ရွယ်တဲ့ခွေးလေးတွေမှာ သူတို့ရဲ့သခင်ကို ဘယ်လိုဆက်ဆံရမှန်း မသိသေးတဲ့အတွက် ဟပ်တာ၊ ကိုက်တာ၊ ခဲတာ၊ ငုံထားတာတို့ လုပ်နိုင်ပါတယ်။ ငယ်တဲ့အချိန်မှာ သိပ်ပြဿနာမရှိပေမဲ့ ကြီးတဲ့အချိန်မှာတော့ ဒီလိုမလုပ်ဖို့အတွက် သင်ကြားထားသင့်ပါတယ်။ ဒီလိုကိုက်တတ်တာဟာ ‌‌‌‌သူတို့လေးတွေ ဒေါသထွက်တဲ့အချိန်ပဲ မဟုတ်ဘဲ သူတို့ကိုယ် သူတို့ကာကွယ်တာ၊ အိမ်ကို ကာကွယ်တာအပြင် ကြောက်လန့်တာ၊ အမဲလိုက်တတ်တဲ့ ဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခွေးလေးတွေ ဒီလိုကိုက်တတ်တယ်ဆို ကျွမ်းကျင်ရာ Trainer သို့ တိရစ္ဆာန်ကုဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့်တိလေးနဲ့ ဘယ်လိုဆက်သွယ်ဆက်ဆံသင့်လဲ ဆိုတာနဲ့ သိဖို့လိုတဲ့ အလေ့အကျင့်တွေကို တူတူ သင်ကြားထားသင့်ပါတယ်။

သမ်းတာ

သန်းပါတယ်ဆိုမှ ပင်ပန်းလို့၊ အိပ်ချင်လို့ ဆိုတာတော့ တိဖေဖေ မေမေတို့ သိကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက ခွေးလေးတွေမှာက အိပ်ချင်တာအပြင် တခြားအကြောင်းရင်းတွေလည်း ရှိလို့ သန်းကြတာပါပဲ။ စိတ်ဖိစီးနေရင်ဖြစ်ဖြစ်၊ တစ်ခုခု ကြောက်စိတ်ဝင်နေတာဖြစ်ဖြစ် သူတို့တွေရဲ့ ပတ်ဝန်းကျင်ကို သဘောမတွေ့လို့ ဒီလိုအမူအရာပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိမ်ကို သူတို့မတွေ့ဖူးတဲ့ လူစိမ်းတစ်ယောက်ယောက် လာတယ်ဆို ကြောက်ရွံ့တာ၊ သက်တောင့်သက်တာ မရှိတာ ဖြစ်စေနိုင်လို့ အတင်းမိတ်ဆက်ပေးတာမျိုး မလုပ်ဘဲ သူတို့လေးတွေ ကိုယ်တိုင်စိတ်ပါလက်ပါရှိတဲ့အချိန်မှ ချဉ်းကပ်‌စေလိုက်ပါ။

ခံတွင်းနံ့ နံတာ

သင့်ခွေးလေးကို ကြည့်လိုက်ရင် ပျော်ရွှင်တက်ကြွနေပုံပေါက်နေလို့ ကျန်းမာရေးတစ်ခုအနေနဲ့ ခံတွင်းနံ့နံနေတာကိုတော့ သိပ်သတိမထားမိလောက်ပါဘူး။ ဒါဟာ တိလေးရဲ့ ခံတွင်းရော ကိုယ်တွင်းကျန်းမာရေးရောနဲ့ ဆက်စပ်နေတာမို့ အနံ့အသက်ထူးခြားနေရင် တိရစ္ဆာန်ဆရာဝန်နဲ့ ချက်ချင်းပြသသင့်တာပါ။ သူတို့ခံတွင်းအနံ့ မကောင်းနေရင် အူလမ်းကြောင်းမကျန်းမာတာ၊ ကျောက်ကပ်၊ အသည်းတို့က လက္ခဏာပြနေတာလည်း ဖြစ်နေနိုင်ပါတယ်။  ဒါ့အပြင် ခွေးလေးက ရေသောက်များတယ်၊ အပေါ့သွားတဲ့ အကြိမ်ရေလည်း များလာတယ်ဆို ဆီးချိုရောဂါလည်း ဖြစ်နိုင်တာမို့ မပေါ့သင့်ဘဲ စစ်ဆေးဖို့ တိရစ္ဆာန်ဆေးခန်းတစ်ခုခုကို ခေါ်သွားသင့်ပါပြီ။ 

တစ်နေရာထဲ ပတ်ချာလည် ပတ်နေတာ

လျှောက်ပြေးမဆော့ဘဲ တစ်နေရာတည်း မနားတမ်း ပတ်ပြေးနေတတ်တာက သဘာဝအတိုင်း သူတို့လုပ်နေကြ အလေ့အကျင့်တစ်ခုပါပဲ။ ကလေးတွေလိုမျိုး အစားမစားချင်လို့ဖြစ်ဖြစ်၊ မအိပ်ချင်လို့ဖြစ်ဖြစ် ဒါမျိုးလုပ်တတ်ကြပါသေးတယ်။ ဒါပေမဲ့ ပုံမှန်ထက်လွန်ကဲပြီး ပတ်ချာလည်ပြေးနေတတ်တယ်ဆိုရင်တော့ ခွေးလေးမှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေနိုင်ပါတယ်။ သူတို့အမြီးနောက် တောက်လျှောက်လိုက်နေတာမျိုးကို ဘေးကကြည့်ရတာ ရီစရာတစ်မျိုးတော့ ဖြစ်နိုင်ပေမယ့် ဒါက အာရုံကြောပိုင်းဆိုင်ရာ နားပိုးဝင်တာမျိုး၊ ဦးနှောက် အကြိတ်ဖြစ်တာမျိုးနဲ့ အစာအဆိပ်တာကြောင့်လည်း ဖြစ်နိုင်တာပါ။ အသက်အရွယ်ရလာတဲ့ ခွေးတွေမှာ ဒီလိုပိုဖြစ်လေ့ရှိပြီး လျစ်လျူမရှုသင့်တဲ့ အလေ့အကျင့်ဖြစ်တာမို့ ထူးခြားရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ စစ်ဆေးပြသသင့်ပါတယ်။

မြေတူးဆွတာ

မြေကွက်လပ်တွေ တွေ့ပြီဆို အာဝုတို့ရဲ့ သဘာဝအတိုင်း ပြေးလွှားဆော့ကစားရင်း ဟိုနေရာတူး ဒီနေရာဆွ လုပ်တတ်ကြပါတယ်။ တန်ဖိုးထားတဲ့ ပစ္စည်းတစ်ခုခုကို ဖွက်ဖို့၊ တခြားတိရစ္ဆာန်တွေရဲ့ ‌‌‌ခြေရာခံဖို့၊ ထွက်ပြေးလွတ်မြောက်ဖို့၊ သူ့အတွက် အေးချမ်းတဲ့အသိုက်တစ်ခု ဖန်တီးချင်လို့ စသဖြင့် ညဘက်တွေမှာ လုပ်နေတတ်ကြပါတယ်။ ဒါပေမဲ့ တိပိုင်ရှင်တို့အနေနဲ့ ခွေးလေးက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မြေကြီးတွေ တူးဆွနေတာကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆို တတ်နိုင်ရင် သူတို့လေးတွေ ဆော့ဖို့အတွက် သဲဗန်း သို့ မြေကွက်လပ်တစ်နေရာ ပေးထားလိုက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ ဒီလိုအလေ့အကျင့်ကို တိလေးက ခဏခဏလုပ်နေတယ်ဆိုရင် ဒါကိုပဲ အာရုံမစိုက်နေအောင် အားကစားတူတူကစားပေးတာ၊ ကျွမ်းကျင်ရာ Trainer နဲ့ တိုင်ပင်ပြီး လေ့ကျင့်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

အာဝုတို့ရဲ့ ဒီလိုအလေ့အကျင့်လေးတွေကို ပြောပြပေးလိုက်ပြီဆိုတော့ သူတို့လေးတွေအကြောင်းနဲ့ ပြောပြချင်တဲ့ အမူအရာတွေကို ပိုမိုနားလည်လာရင်း ပျော်စရာဆက်ဆံရေးလေးတူတူဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကိုယ့်အာဝုလေးမှာ ဒီအချက်လေးတွေ ရှိမရှိ စစ်ဆေးကြည့်ပြီး တစ်ခုခု ထူးခြားနေရင် ကျွမ်းကျင်ရာ တိရစ္ဆာန်ကုဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ မပေါ့ပါနဲ့နော်။ 


Share

Comments

Related Posts