အရွယ်ရောက်ပြီးသား ခွေးလေးတစ်ကောင်ကို မွေးစားတော့မယ်ဆိုရင်

Posted in အိမ်မွေးတိရစ္ဆာန်


ခွေးလေးရယ်မှာ မဟုတ်ပါဘူး ... အိမ်မွေးတိလေးတစ်ကောင် မွေးတော့မယ်ဆိုရင် အရွယ်ရောက်ပြီးသား ခွေးလေး၊ ကြောင်လေးတွေကို မွေးစားဖို့က အများစုအတွက် ပထမဦးစားပေးရော၊ ဒုတိယဦးစားပေးပါ မဟုတ်ဘူးဆိုတာ ဝမ်းနည်း စရာအမှန်တရားပါ။ သင်ကြား ရခက်၊ ထိန်းကြောင်းရခက်မယ်ထင်တာက တစ်ကြောင်း၊ ငယ်ကတည်းကမွေးမှ သခင်နဲ့ သေချာသံယောဇဥ်တွယ်မယ်လို့ ထင်တတ်ကြတာက တစ်သွယ်၊ အသက်ကြီးတဲ့ တိတွေက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကရိကထပိုများမယ်လို့ တွက်ဆ တာ အစရှိတာတွေကြောင့် အရွယ်ရောက်ပြီးသား ခွေးလေး၊ ကြောင်လေးတွေကို မွေးစား ဖို့ လက်တွန့်ကြတယ် ထင်ပါတယ်။ ဒါပေမယ့် ဒီလိုတိလေးတွေကို မွေးစားခြင်းက ထင်မှတ်မထားတဲ့ အားသာချက်များစွာ ရှိတာမို့ သူတို့လေးတွေကို ဘာကြောင့်မွေးစားသင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်။

အလွယ်တကူ အကဲခတ်နိုင်ခြင်း - တိလေးတွေကလည်း တစ်ကောင်ချင်းဆီမှာ မတူညီတဲ့ အကျင့်စရိုက်လေးတွေ၊ စိတ်နေ သဘောထားတွေ ရှိတာကြောင့် ကိုယ်နဲ့အကိုက်ညီဆုံးတစ်ကောင်ကို ရွေးသင့်ပါတယ်။ ဒီနေရာမှာ ခွေးပေါက်၊ ကြောင် ပေါက်လေးတွေကို မွေးတဲ့အခါ အိမ်ကိုရောက်ခါစကတော့ လုံးလုံးသေးသေးလေးပဲ၊ ခုမှ ကြီးလာလိုက်တာ အိမ်မှာ သူ့ဖို့ နေရာတောင် မရှိချင်တော့ဘူး။ ငြိမ်ငြိမ်အေးအေးလေးမို့ မွေးလိုက်တာ ခုတော့ ဆော့တာ မျောက်ရှုံးလို့၊ အိမ်မှာ ကလေး တစ်ယောက်လည်းရှိတော့ ကလေးကို မတော်တဆထိမှာ စိုးရိမ်ရတယ် စတဲ့အခြေအနေလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသား တိလေးတွေကျတော့ ပုံစံ၊ အရွယ်အစား၊ အမူအကျင့်တွေက ခွေးပေါက်၊ ကြောင်ပေါက်လေး တွေလို ဆက်ပြောင်းတော့မှာ မဟုတ်လို့ ကိုယ့်အိမ်နဲ့၊ ကိုယ့်အကျင့်စရိုက်၊ မိသားစုဝင်တွေနဲ့ပါ  အဆင်ပြေမပြေ တခါတည်း အကဲ ခတ်‌ရွေးချယ်လို့ ရပါတယ်။

သင်ကြားရလွယ်ကူခြင်းလူတွေထင်တတ်ကြတာနဲ့ ဆန့်ကျင်ဘက်ပါပဲ.... အရွယ်တစ်ခုရောက်ပြီးသား တိလေးတွေက အခြေခံအမူအကျင့်တွေကို သိနေပြီးသားဖြစ်လို့ ပေါက်စလေးတွေလို အစအဆုံး‌ လေ့ကျင့်ပေးစရာမလိုဘဲ သင်ကြားရတာ လွယ် ကူပါတယ်။ အခြေခံအမူအကျင့်တွေဖြစ်တဲ့ သတ်မှတ်ထားတဲ့နေရာမှာပဲ အညစ်အကြေးစွန့်တတ်တာ၊ ထိုင်ဖို့၊ ထဖို့၊ လက်ပေးဖို့လောက်ကိုတော့ တတ်ပြီးသားမို့ အိမ်အသစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ထပ်ဆောင်းသင်ပေးရုံပါပဲ။ ပြီးတော့ လေ သူတို့လေးတွေက သခင့်အရိပ်အကဲကို ကြည့်ပြီး သခင်ဘာလိုချင်လဲ၊ ဘာဖြစ်စေချင်လည်း ဆိုတာ အလွယ်တကူ နားလည်နိုင်ကြလို့ မေတ္တာနဲ့ သင်ကြားပေးမယ်ဆိုရင် လေ့ကျင့်ပေးဖို့ မခက်တဲ့ တိတွေပါ။

အေးအေးဆေးဆေးနေတတ်ခြင်း - အရွယ်ရောက်ပြီးတဲ့ တိလေးတွေက ခွေးပေါက်လေးတွေလို အဆော့မက်တဲ့ အရွယ်ကို ကျော်လွန်သွားပြီဖြစ်လို့ အေးအေးဆေးဆေး နေတတ်ကြပါတယ်။ သူတို့လေးတွေကလည်း အသက်ကြီးလာတာနဲ့ အမျှခုန် ပေါက်လှုပ်ရှားဖို့ အားအင်တွေ၊ ဆော့ကစားဖို့ စိတ်ဆန္ဒတွေ နည်းသွားလို့ ဆော့ကစားဖို့၊ တက်ကြွနေတဲ့ တိပေါက်လေးတွေ နဲ့ စာရင် ထိန်းကျောင်းဖို့ အားစိုက်ထုတ်စရာ သိပ်မလိုလို့ ကိုယ်ကလည်း အေးအေးဆေးဆေးနေတတ်တဲ့ သူမျိုးဆို အရွယ် ရောက်ပြီးသားတိလေးတစ်ကောင်ကို မွေးစားတာဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် ဒီလိုအေးဆေးနေတတ်တဲ့တိလေး တွေက ကလေးငယ်လေးတွေ ရှိတဲ့ မိသားစုမျိုးအတွက် အဆင်အပြေဆုံး အဖော်မွန်လေးတွေပါပဲ။

အသက်အရွယ်တိုင်းအတွက် အဖော်ကောင်းဖြစ်နိုင်ခြင်း ဒီလိုတိလေးတွေက အရွယ်တစ်ခုရောက်နေပြီးသားဖြစ်လို့ သူတို့ အတိုင်းအတာလေးနဲ့သူတို့ ရင့်ကျက်နားလည်နေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူတို့လေးတွေက သက်ကြီးပိုင်းတွေ ရော ကလေးငယ်တွေအတွက်ပါ အဖော်ကောင်း ဖြစ်ပေးနိုင်ပါတယ်။ သက်ကြီးပိုင်းတွေကို အထီးကျန်နေ့ရက်တွေမဖြစ်ရ အောင် နွေးထွေးမှုပေးနိုင်ပြီး ကလေးငယ်တွေ အတွက်ဆို ချစ်ခြင်းမေတ္တာနဲ့ တာဝန်ယူစိတ်ကို သင်ကြားပေးနိုင်တဲ့ တိလေး တွေရယ်ပါ။ တက်ကြွလွန်းလို့ ထိန်းရသူတွေ ပင်ပန်းမှာ၊ ကလေးငယ်တွေကို မတော်တဆ ထိခိုက်နာကျင်မိစေမှာ စိတ်ပူ စရာ မလိုဘူးပေါ့ကွယ်။

ချစ်ပေးဖို့ ပိုလိုအပ်ခြင်း - အသက်ကြီးလာတဲ့၊ အသက်အရွယ်တစ်ခုရောက်လာတဲ့ တိလေးတွေက ငယ်ရွယ်တဲ့ တိလေးတွေ နဲ့စာရင် မွေးစားချင်တဲ့သူ ရှားပါတယ်။ သူတို့လေးတွေက ချစ်ပေးမယ့်သခင်နဲ့ ကိုယ်ပိုင်အိမ်လေး/ ကိုယ်ပိုင်နေရာလေး တစ်ခုကို အချိန်အကြာကြီး မျှော်လင့်ခဲ့ရတာပါ။ တသက်လုံး ဒီသခင်နဲ့ ဒီအိမ်လေးမှာ လုံလုံခြုံခြုံနေသွားမယ်ဆိုတဲ့ တိလေး တွေရဲ့ မျှော်လင့်မှုကို ချစ်ခြင်းမေတ္တာနဲ့ပါ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့။ အရင်ပိုင်ရှင်က စွန့်ပစ်ခဲ့လို့ မွေးစားဖို့ အိမ်အသစ်ရှာရတာမျိုးဖြစ်တဲ့ တိလေးတွေဆို အားငယ်ပြီး စိတ်မလုံခြုံတတ်ကြလို့ ပိုချစ်ပေးဖို့ လိုအပ်တာပါ။

စွန့်ပစ်မှုများခြင်း ယေဘုယျအားဖြင့် အသက် ၇ နှစ်အထက် တိလေးတွေကို သက်ကြီးတိလို့ သတ်မှတ်ပါတယ်။ သခင် တွေနဲ့ တသက်လုံးအတူတူရှိနေမယ်လို့ တိလေးတွေကယူဆထားကြပေမယ့် ချစ်ရတဲ့ သခင်တွေက အသက်ကြီးလာတဲ့ တိ လေးတွေကို စွန့်ပစ်မှုတွေ ရှိနေပါတယ်။ အသက်ကြီးလာလို့ ကျန်းမာရေးစောင့်ရှောက်မှုပိုလိုအပ်လာတာ၊ အားအင်အပြည့် နဲ့ မတက်ကြွနိုင်တော့တာ စတဲ့ အကြောင်းပြချက်လေးတွေကြောင့်နဲ့ စွန့်ပစ်ခံရတဲ့ တိလေးတွေ အများကြီး ရှိပါတယ်။ ဒီလို မဟုတ်ဘဲ သခင်က နေမကောင်းလို့၊ အိမ်ပြောင်း/မြို့ပြောင်း/နိုင်ငံပြောင်းလို့ ဆက်မမွေးနိုင်တော့ဘဲ မွေးစားဖို့ တိမိဘ အသစ်တွေ ရှာပေးတဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ ခွေးပေါက်ကြောင်ပေါက်လေးတွေကတော့ လူတိုင်းမွေးချင် တယ်လေ။ အသစ်ကြီးတဲ့ တိလေးတွေကတော့ မတူညီပါဘူး၊ မွေးစားလာမယ့် တိမိဘတွေကို အချိန်အကြာကြီး စောင့် မျှော်နေကြရတာမို့ အသနားပိုပြီး ချစ်စရာလေးတွေပါ။

ကိုယ်က တိလေးတစ်ကောင်မွေးဖို့ ဖြစ်လာရင် အရွယ်တစ်ခုရောက်ပြီးသား မွေးစားမယ့်သူကို စောင့်မျှော်နေကြတဲ့ တိလေး တွေကို ဦးစားပေးစဥ်းစားစေချင်ပါတယ်။ မေတ္တာငတ်နေတဲ့၊ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတစ်ခုကို အလွန်လိုအပ်နေတဲ့ တိ ကလေးတွေကို အိမ်ပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ သခင်၊ သူတို့ရဲ့ အားကိုးရာ၊ သူတို့ရဲ့ သူရဲကောင်းတွေ ဖြစ်လာပေးလိုက်ကြရအောင်။


Share

Comments

Related Posts