
မေမေချစ်လေးတွေ ဒီနှစ်မှာလည်း မကြာခင်ရောက်လာတော့မယ့် အမေများနေ့အတွက် ဘာတွေပြင်ဆင်သွားပြီးကြပြီလဲ။ တစ်နေရာရာကနေ အလွယ်တကူဝယ်ပြီး ပေးလို့ရတဲ့ လက်ဆောင်တွေထက်စာရင် ကိုယ်တိုင်လက်နဲ့ ပြုလုပ်ဖန်တီးထားတဲ့ DIYလက်ဆောင်မျိုးဆို မေမေတွေ စိတ်လှုပ်ရှားပျော်ရွှင်စေမှာ အမှန်ပဲပေါ့။ အိမ်မှာရှိတဲ့ သားသားမီးမီးတွေပါ တူတူဖန်တီးနိုင်လောက်တဲ့ DIYပစ္စည်းလေးတွေက လုပ်ရလွယ်ကူပြီး အဓိပ္ပာယ်ရှိတဲ့အပြင် စရိတ်စကလည်း သက်သာစေတာနော်။ ဒီတော့ နှစ်တိုင်း ရိုးအီနေပြီဖြစ်တဲ့ ကိတ်မုန့်တွေ၊ ပန်းစည်းတွေအစား မေမေတို့အတွက် ထူးထူးခြားခြားနဲ့ အသုံးဝင်ပြီး အမှတ်တရဖြစ်စေတာမျိုးကို ဒီနှစ်မှာ လက်ဆောင်ပေးရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ဖန်တီးလို့ရတဲ့ အိုင်ဒီယာလေးတွေ ပြောပြမယ်နော်။

ချည်ကြိုး လက်ဆောင်ကတ်
ချည်ကြိုးထိုးရတာ စိတ်ဝင်စားတဲ့သူတွေအတွက်ဆို ဒီလက်ဆောင်လေးက အလွယ်လေးပါပဲ။ ပထမဆုံး ကတ်ထူကဒ် သို့ စာရွက်သားအထူပေါ်မှာ ကိုယ်ကြိုက်တဲ့ ပန်းပုံ၊ ရှုခင်းပုံကို ခဲတံလေးနဲ့ ဖွဖွဆွဲလိုက်ပါ။ ပြီးရင် ချည်ကြိုး အရောင်စုံလေးတွေနဲ့ ပုံထဲကလို အပေါ်အောက်၊ ဘေးဘက်တွေကို ကြိုးထိုးလိုက်ပြီးရင် ချစ်စရာကောင်းတဲ့ လက်ဆောင်ကတ်လေး ရပြီနော်။ ဒီ DIY လက်ဆောင်လေးက ဖန်တီးရလွယ်ကူတာမို့လို့ အိမ်က သားသားမီးမီးတို့ပါ တူတူဖန်တီးရင်း မေမေ့အတွက် လက်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်တိုင်လုပ် ဆံညှပ်ကလစ်
Resinနဲ့ ပြုလုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကလည်း ပြုလုပ်ရလွယ်ကူသလို ဖန်တီးနိုင်သလာက် လှလှပပလေး ရရှိနိုင်တာမို့လို့ မေမေတို့အတွက်လည်း အသုံးဝင်တဲ့ လက်ဆောင်လေးတွေ ဖြစ်နေမှာပါ။ ဒီ့အတွက် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ပုံစံမျိုးစုံရှိတဲ့ moldတွေ၊ resin ကပ်ဖို့ ဗြောင်ကလစ် စတဲ့ ပစ္စည်းလေးတွေ၊ တခြားအသေးအမွှား အလှဆင်ပစ္စည်းလေးတွေ၊ အရောင်စုံဆေးအနှစ်တွေ၊ ကော် စတာတို့ကို အွန်လိုင်းကနေ setလိုက် မှာဝယ်လို့ရပါတယ်။ moldထဲမှာ မေမေကြိုက်မယ့် ဒီဇိုင်းနဲ့ ပစ္စည်းလေးတွေကို ရောင်စုံ အစီအရီ ဖန်တီးပြင်ဆင်ပြီး ပေးမယ်ဆို နှစ်ခုမရှိနိုင်တဲ့ မေမေတစ်ဦးတည်းအတွက် ထူးထူးခြားခြားလက်ဆောင်လေးဖြစ်နေမှာပါ။

မက်ကရိုနီ လည်ဆွဲ
အိမ်မှာရှိတဲ့ စပါကတီ ခေါက်ဆွဲတွေကို အသုံးချဖို့ အချိန်ရောက်ပြီနော်။ လိုအပ်မယ့်ပါဝင်ပစ္စည်းတွေက ပါစတာခေါက်ဆွဲအမျိုးမျိုး၊ လက်သည်းဆိုးဆေး၊ အပ်နဲ့ အပ်ချည်ရယ်ပါ။ အရင်ဆုံး ပါစတာခေါက်ဆွဲအချောင်းတွေကို ကြိုက်တဲ့ လက်သည်းဆိုးဆေးအရောင်တွေနဲ့ ပိုလှအောင်၊ တောင့်တောင့်တင်းတင်းရှိအောင်နဲ့ တောက်တောက်ပပဖြစ်အောင် ဆေးဆိုးလိုက်ပါ။ ပြီးရင် ဆွဲကြိုးကုံးလေးဖြစ်အောင် အပ်ချည်ကြိုးနဲ့ တစ်ခုချင်းစီကို ညီညီညာညာစီထည့်ရုံပါပဲ။ တစ်ခုရှိတာက ပါစတာခေါက်ဆွဲချောင်းတွေကို ရေမစိုအောင်တော့ သတိထားရမယ်နော်၊ ရေစိုပြီး ပွသွားတဲ့အခါကြ ဆွဲကြိုးလုပ်ရခက်နိုင်လို့ပါ။

တစ်ဦးတည်းအတွက် လက်ဆောင်
တစ်ခါတစ်လေ မေမေတို့အများစုက မိသားစုအတွက်ပဲ အချိန်ပေး၊ ဂရုစိုက်ပေးပြီး ကိုယ့်ကိုယ်ကိုမေ့နေတတ်ကြပါတယ်။ ဝယ်မယ် သုံးမယ်ဆိုပြီး မဝယ်ဖြစ်လိုက်တဲ့ အလှကုန်ပစ္စည်းလေးတွေ၊ အသုံးအဆောင်လေးတွေ စသဖြင့် ရှိကြမှာမို့လို့ မေမေ့အကြိုက်ဖြစ်တဲ့ ပစ္စည်းလေးတွေကို ဝယ်စုကာ ပန်းလေးတွေ၊ ဖဲပြားလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဗူး သို့ ခြင်းတစ်ခုအဖြစ် အလှဆင်ပြီး ပေးမယ်ဆိုလည်း မေမေတို့အတွက် မငြင်းရက်စရာ လက်ဆောင်ကောင်းလေးတစ်ခုဖြစ်နေမှာ အမှန်ပါပဲ။

Thank You Jar
ကိုယ့်ကို မွေးဖွားပေးပြီး ခုအချိန်ထိ ချစ်ခင်စောင့်ရှောက်ပေးနေတဲ့ မေမေ့ကို ကျေးဇူးတင်ကြောင်းလေးတွေ၊ ပြောချင်တဲ့အကြောင်းလေးတွေကို စာလေးတွေရေးပေးတာလည်း ကြည်နူးစရာကောင်းတဲ့ လက်ဆောင်တစ်ခုပါပဲ။ ဒီလိုမေ့မရနိုင်တဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ဖို့ရာအတွက် အိမ်မှာရှိတဲ့ အိမ်သားတွေ တစ်ယောက်မကျန် ပုလင်းကြည်လေးတစ်ခုမှာ စာလေးတွေ လိုက်ရေးထည့်ရုံပဲနော်။ ဒီလက်ဆောင်လေးတွေကတော့ အမေများနေ့ တစ်ရက်တည်းအတွက် မဟုတ်ဘဲ သတိရတိုင်း ထုတ်ကြည့်နိုင်တဲ့ လက်ဆောင်လေးဖြစ်နေမှာနော်။
DIYလက်ဆောင်တွေဆိုတာ ကုန်ကျစရိတ်သက်သာဖို့တင်မဟုတ်ဘဲ အချင်းချင်းအတွက် အမှတ်တရတွေနဲ့ ဖန်တီးနိုင်မှုတွေပါ ပါဝင်ပါတယ်။ ဒီနှစ်ရဲ့ အမေများနေ့မှာ မေမေ့ကို လက်ဆောင်ပေးဖို့ အပေါ်မှာ ပြောပြထားတဲ့ အိုင်ဒီယာလေးတွေ လိုက်လုပ်ကြည့်ရင်း ချစ်ရသူတွေနဲ့ နွေးထွေးတဲ့အမှတ်တရလေးတွေ ကိုယ်တိုင်ဖန်တီးလိုက်ကြရအောင်။
Comments