ဟင်းလျာတို့ရဲ့ အရသာ မြန်မာ့ငရုတ်သီးမှုန့်မျိုးစုံမှာ

Posted in အစားအစာ


မြန်မာ့ခံတွင်းနဲ့ လိုက်ဖက်နေတဲ့ ဘယ်လိုအစားအစာပဲ ဖြစ်ဖြစ် ဟင်းချက်၊ ကြော်လှော်၊ သုတ်စားကြရာမှာ ငရုတ်သီးမှုန့်က အိမ်ရှင်မတွေရဲ့ မီးဖိုချောင်တိုင်းမှာ မပြတ်လပ်သွားအောင် ဆောင်ထားရတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်မှာပါ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်းမြို့တွေမှာ စိုက်ပျိုးဖြစ်ထွန်းကြတဲ့ ငရုတ်သီးတွေကို စနစ်တကျအခြောက်ခံပြီး အဆင့်ဆင့်သန့်စင်ထုပ်ပိုးထားတဲ့ ငရုတ်သီးမှုန့်တွေက စားသုံးကြသူတွေဆီ အဆင့်ဆင့်ရောက်ရှိလာတာကလည်း စိတ်ဝင်စားစရာ လုပ်ငန်းစဥ်တစ်ခုပါပဲ။ ဒီလိုငရုတ်သီးမှုန့်ကိုပဲ ခွဲကြမ်း၊ လှော်တောင့်၊ အကျက်မှုန့်၊ အစိမ်းမှုန့် ဆိုပြီး အမျိုးအစားများစွာနဲ့ ဟင်းလျာတိုင်းကို သူ့နေရာသူ အစပ်အဟပ်တည့်အောင် ချက်ပြုတ်နိုင်ပါသေးတယ်။ 

ဒီတော့ ငရုတ်သီးပါမှ ထမင်းမြိန်သူတွေအတွက် ငရုတ်သီးမှုန့်တွေကို ဟင်းလျာတွေနဲ့ ပိုမိုလိုက်ဖက်အောင် ချက်ကြပြုတ်ကြမလဲ၊ ဘယ်လိုစစ်ဆေးဝယ်ယူသင့်လဲနဲ့ ဆောင်ရန်ရှောင်ရန်တွေပါ အဆုံးထိဖတ်ကြည့်လိုက်ရအောင် ငရုတ်ချစ်သူတို့ရေ။

လိုက်ဖက်စွာ ချက်ပြုတ်နည်း

ဟင်းချက်တဲ့အခါ စားချင်စဖွယ်ဖြစ်အောင်လို့ဆို အရောင်အဆင်းလှလှလေးနဲ့ ဟင်းအရသာ ပိုစားကောင်းနေအောင် အဓိကအနေနဲ့ ငရုတ်သီးအလှော်မှုန့်၊ အကျက်မှုန့်၊ အစိမ်းမှုန့်တို့ကို သူ့နေရာနဲ့ သူ အသုံးချတတ်ဖို့ အရေးကြီးပါသေးတယ်။ သူတို့ရဲ့ အရသာနဲ့ပုံစံအလိုက် ဟင်းပွဲတွေအတွက် ပြင်ဆင်တော့မယ်ဆို

အလှော်မှုန့် - အပူအစပ်အရသာသိပ်မရှိပေမဲ့ ဟင်းချက်ရာမှာ သူ့ရဲ့ မီးခိုးအလှော်နံ့လေး မွှေးနေဖို့ အသုပ်တွေမှာ အဓိက ထည့်နိုင်ပါတယ်။

အကျက်မှုန့် - အသုပ်သုပ်တဲ့နေရာမှာ ဖြစ်ဖြစ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတွေမှာ အစပ်အရသာလေး ပံ့ပိုးပေးဖို့ အကျက်မှုန့်အနည်းငယ် အသုံးပြုနိုင်တာပါ။

အစိမ်းမှုန့် - အသားနှပ်တဲ့အခါတွေမှာ အရသာဝင်အောင်နဲ့ ဟင်းချက် ဆီသတ်တဲ့နေရာမှာ မွှေးမွှေး၊ စပ်စပ်လေးနဲ့ အရောင်လေးပါ လှနေအောင် ငရုတ်သီးအစိမ်းမှုန့်ကို ထည့်နိုင်ပါတယ်။

ကျန်းမာစွာ စားသုံးနည်း

ငရုတ်သီးမှုန့် ဆိုတာနဲ့ အတူတွဲပါလာနေကြ မှိုအန္တရာယ်ကိုလည်း လျော့မတွက်သင့်တာပါ။ အခန့်မသင့်ရင် သူ့မှာ ပါလာတတ်တဲ့ မှိုဆိပ်ကြောင့် အဆိပ်အတောက်ဖြစ်တာ၊ ကိုယ်ခံအားစနစ် လျော့ကျတာနဲ့ အထူးသဖြင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ ငရုတ်သီးမှုန့်ကို ထုတ်လုပ်ပြင်ဆင်တဲ့ လုပ်ငန်းစဥ်တွေဖြစ်တဲ့ နေလှမ်းတာ၊ အခြောက်ခံတာတွေမှာ ငရုတ်သီးတွေ ကောင်းကောင်းမခြောက်ဘဲ အစိုဓာတ်ကျန်တာမျိုးတွေက မှိုနဲ့ မှိုဆိပ် ပါဝင်နိုင်ခြေများနေတာပါ။ ဒါကြောင့် ငရုတ်သီးကို သေချာအခြောက်ခံ၊ စိုထိုင်းမှုမရှိစေဘဲ သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ်ထုတ်လုပ်ထားတဲ့ ငရုတ်သီးမှုန့်အမျိုးအစားတွေကို ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။ နောက်ပြီး တန်ဆေးလွန်ဘေးဆိုတဲ့ စကားလည်းရှိတာမို့ မလိုအပ်ဘဲ နေ့တိုင်း ငရုတ်သီးဆီသတ်ပြီး ချက်စားတာမျိုးကိုတော့ ရှောင်ကြဥ်ပေးသင့်ပါတယ်။

ထားသိုနည်း

ဒီတော့ ငရုတ်သီးမှုန့်တွေကို သေချာထုပ်ပိုးပြင်ဆင်ထားကာ အညွှန်းအမှတ် အသားပြည့်စုံစွာပါဝင်တဲ့ FDAက ထောက်ခံချက်ပေးထားတဲ့ ငရုတ်သီးမှုန့်တွေ ဝယ်ယူပြီးပြီဆို သူတို့ကို မှိုမတက်အောင်နဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် သိမ်းဆည်း၊ အသုံးပြုဖို့ အရေးကြီးဆုံးပါပဲ။ ဒါမှ အစိုပြန်တာနဲ့ ငရုတ်သီးမှုန့် မှိုပြဿနာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

  • လေလုံအောင် ဗူး၊ ပုလင်းအသုံးပြုပြီး မှိုတက် မတက်သိနိုင်အောင် ဗူးအကြည်နဲ့ သေချာထည့်ပါ။
  • ရေမစိုအောင် အမြဲဂရုပြုနိုင်ဖို့ဆို ဇွန်း သန့်သန့်နဲ့ ခပ်ယူတာ၊ ဇွန်း သီးသန့် ထည့်ထားလိုက်ပါ။
  • ငရုတ်သီးမှုန့်ရဲ့ အာဟာရတန်ဖိုးလျော့မသွားအောင် မီးအပူနားမှာ၊ နေပူတဲ့နေရာမှာ မထားဘဲ အေးမြခြောက်သွေ့တဲ့ နေရာမှာပဲ သိမ်းဆည်းဖို့လိုပါတယ်။

ဒီလို အမွှေးအကြိုင်အတွက်ရော အရသာအတွက်ပါ အားဖြည့်ပေးနေတဲ့ မြန်မာ့ငရုတ်သီးမှုန့်အမျိုးမျိုးကို သူ့နေရာသူ အသုံးချရင်း လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းလျာတွေကို ကျန်းမာစွာ ဝေမျှစားနိုင်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်နော်။ အိမ်ရှင်မတို့ထဲမှာလည်း ဒီလိုမြန်မာ့ငရုတ်သီးမှုန့်တွေ အသုံးချရင်း ဘယ်လိုထူးခြားတဲ့ ဟင်းလျာတွေ ချက်ပြုတ်စားခဲ့လဲဆိုတာလည်း ကွန်မန့်မှာ မျှဝေခဲ့ပါဦး။ 


Share

Comments

Related Posts