
စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို တကယ်ပဲ အိမ်မှာတင် ဖန်တီးလို့ရပါတယ် ...
ဘဝမှာ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေရဖို့ အောင်မြင်မှုတွေ၊ အပေါ်ယံ အဆောင်အယောင်တွေကြား လိုက်ရှာနေတတ်ကြလို့ တကယ့် မှန်ကန်တဲ့ပျော်ရွှင်မှုက ကိုယ့်အိမ်ဂေဟာလေးမှာပဲ ဖန်တီးရရှိနိုင်တယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။ မိသားစုတွင်း နှစ်ခြိုက်စွာ လက်ရေတစ်ပြင် စားတတ်ကြတဲ့ အိမ်လက်ရာဟင်းတစ်ခွက်ကစလို့ အတူတူစကားစမြည်ပြော ဟာသကားတွေကြည့်ကြတဲ့ ညချမ်းလေးတွေအထိ ကိုယ့်အနီးအနားမှာ ဒီလိုနွေးထွေးပျော်ရွှင်မှုက ရှိနေခဲ့တာပါ။

တကယ်ပဲ စိတ်ချမ်းသာမှုရဲ့ အဓိကအကြောင်းရင်းလား
အိမ်ချစ်သူတို့အဖို့ မိသားစုဝင်တွေရဲ့ နွေးထွေးတဲ့ဆက်နွယ်မှုတွေ၊ အိမ်မှာနေတဲ့အခါ လွတ်လပ်မှုနဲ့ စိတ်အေးချမ်းမှုတွေအပြင် ကိုယ့်မိသားစုနဲ့ အတူရှိရတဲ့ လုံခြုံမှုတွေက ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှုတစ်ခုပါပဲ။ ဥပမာတွေနဲ့ ပြောရမယ်ဆိုရင် …
- အိမ်မှာချက်တဲ့ အစားအသောက်က ကျန်းမာရေးတွေ၊ အာဟာရတွေအတွက်တင်မကဘဲ မေတ္တာနဲ့စေတနာတွေပါ စားသုံးရချိန်မှာ စိတ်ရဲ့အေးချမ်းမှုပါ ဖြစ်စေတယ်။ နောက်ပြီး အနှောင့်အယှက်ကင်းကင်းနဲ့ မိသားစုထမင်းဝိုင်းလေးက စိတ်ခံစားချက်တွေကိုပါ နီးကပ်စေပါတယ်။
- အိမ်ဆိုတာ ကိုယ့်စိတ်ရင်း၊ စရိုက်အမှန် အတိုင်း လွတ်လပ်ပေါ့ပါးစွာ နေနိုင်တဲ့ နေရာတစ်ခုတည်းဖြစ်တာမို့လို့ စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက်လည်း ရေရှည်မှာ အကျိုးကျေးဇူးကောင်းတွေ ရှိစေတာ မလွဲပါ။
- မနက်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် တစ်နပ်ကိုတော့ မိသားစုဝင်တွေနဲ့ အတူတူစားတာ၊ ညအိပ်ရာဝင်ပုံပြင်တွေ၊ တစ်နေ့တာ အဖြစ်အပျက်တွေကို မျှဝေတာ စတဲ့ ကိုယ့်အိမ်သားတွေနဲ့ပဲ လုပ်နေကြ အလေ့အကျင့်လေးတွေ တည်ဆောက်တာကလည်း စိတ်လုံခြုံနဲ့ ပိုင်ဆိုင်မှုတွေကို ထပ်တူခံစားရနိုင်လို့ ကျေနပ်ပျော်ရွှင်မှုတွေက နောက်ကပါလာတာလည်း ဖြစ်ပါတယ်။

ဒီလို နေချင့်စရာအိမ်လေး ဘယ်လိုဖန်တီးကြမလဲ
နွေးထွေးစည်းလုံးတဲ့ အိမ်လေးဖြစ်စေဖို့ အထူးတလှယ် လုပ်ကိုင်ဖန်တီးနေစရာ မလိုလှပါဘူး။ အခုထက်ပိုပြီး မိသားစုဝင်တွေ အချင်းချင်း ချစ်ခင်ပျော်ရွှင်မှုအတွက်ဆို
- ထမင်းစားတဲ့အခါ၊ စကားစမြည် ပြောကြတဲ့အခါတွေမှာ တတ်နိုင်သလောက် ဖုန်းမသုံးဘဲ အာရုံစိုက်ပေးပြီး စကားပိုပြောဖို့ကိုပဲ အားပေးပါ။
- ဘာမဆို တူတူတိုင်ပင် လုပ်ဆောင်တာကလည်း ကျေနပ်စရာကောင်းတာမလို့ မီးဖိုချောင်ထဲ ချက်ပြုတ်စားသောက်တဲ့အခါ လူတိုင်းပါဝင် လုပ်ကိုင်ပါစေ။
- တစ်နေ့တာရဲ့ထမင်းစားချိန် သို့ ညအိပ်ခါနီးအချိန်တွေမှာ တစ်နေ့တာရဲ့ စိတ်ချမ်းသာစရာ တစ်ခုခုကို အချင်းချင်း မျှဝေပြောကြရင်း ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး လုပ်ပေးကြည့်ပါ။
ဒီလိုအလေ့အကျင့်ကောင်းလေးက ကိုယ့်အိမ်လေးအတွက် နွေးထွေးတဲ့အခိုက်အတံ့လေးတွေ ဆက်လက် ဖန်တီးနိုင်ပြီး အိမ်သားတိုင်းရဲ့ စိတ်ပျော်ရွှင် ကျန်းမာမှုကို တစ်ဖက်တစ်လမ်းက အကျိုးပြုစေမှာ အမှန်ပါ။ ဒါကြောင့် စစ်မှန်တဲ့ ပျော်ရွှင်မှုအရင်းအမြစ်ကို ကိုယ့်အိမ်ဂေဟာလေးမှာပဲ ရှာဖွေဖန်တီးရင်း ဘဝရဲ့ အနှစ်သာရကောင်းတွေကို မိသားစုနဲ့ ထပ်တူခံစားနိုင်ကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။
Comments