အချစ်တော်လေးတို့အတွက် အိမ်လုပ် သွားရည်စာလေးများ

Posted in အိမ်မွေးတိရစ္ဆာန်


မိသားစုဝင်တစ်မျှ ချစ်မြတ်နိုးရတဲ့ တိလေးတွေကို နေ့တိုင်း အစာကျွေးကြရာမှာ ကိုယ်စားတဲ့အတိုင်း ထမင်း၊ ဟင်းတွေ ဝေမျှကျွေးလေ့ ရှိကြသလို လွယ်ကူအဆင်ပြေစေမဲ့ အစာခြောက်လေးတွေ ဝယ်ကျွေးဖြစ်တာလည်း ရှိကြမှာပါ။ ဒါပေမဲ့ သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစာကတော့ ကိုယ့်အိမ်မှာပဲ ဖန်တီးပြုလုပ်တာက အလွယ်ကူဆုံးနဲ့ စရိတ်စကလည်း အနည်းငယ် သက်သာစေမှာအမှန်ပါ။ တစ်ခုရှိတာက ကိုယ့်အိမ်မှာပဲ ချက်ပြုတ်နေကြ မြန်မာဟင်းလျာတွေမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငံပြာရည် စတာတို့ တိလေးတွေရဲ့ ကျောက်ကပ်နဲ့ သွေးနီဥတွေကို ထိခိုက်စေနိုင်တာကြောင့် ဒါတွေမကျွေးမိဖို့‌တော့ ဂရုပြုပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ တယုတယမွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတို့ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး အိမ်မှာ ပြုလုပ်ရတာလည်း မခက်ခဲတဲ့ အစားအစာပြုလုပ်နည်းတွေကို ဒီတစ်ခေါက်ဆောင်းပါးလေးမှာ မျှဝေပေးချင်ပါတယ်။

နနွင်းရွှေထမင်း

ကြက်သား၊ ထမင်းနဲ့ နနွင်းမှုန့်အနည်းငယ်သာ လိုအပ်တဲ့ ဒီ‌ရွှေထမင်းပြုလုပ်နည်းလေးကတော့ နနွင်းကိုအခြေခံထားတာကြောင့် ခွေးလေးတွေရဲ့ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေပြီး အာဟာရလည်း ပြည့်ဝစေတာပါ။ ပြုလုပ်နည်းကတော့ အရေခွံမပါတဲ့ ကြက်သားကို ဆား၊ ဟင်းခတ်မှုန့် လုံးဝမပါဘဲ ပြုတ်ပြီး ထမင်းပျော့ပျော့လေးမှာ နနွင်းမှုန့်အနည်းငယ်သာ ထည့်ပြီး အားလုံးပေါင်းနယ်ပေးပါ။ နနွင်းမှုန့်က အရိုးအဆစ်တွေကို ကျန်းမာစေပြီး အာဟာရလည်း ဖြစ်မဲ့အပြင် အစာခြေစနစ်ကို ကောင်းမွန်စေမဲ့ ဖရုံသီးပြုတ်လေးပါ ထပ်ပြီး ရောနယ်ကျွေးနိုင်ရင် အကောင်းဆုံးပဲ‌ပေါ့။ 

အာဟာရထမင်းနယ်

ခွေးလေးတို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားတွေ ထည့်ကျွေးတော့မယ်ဆို စျေးတွေမှာ အလွယ်တကူဝယ်နိုင်တဲ့ ဝက်အသည်းတို့ အဆုတ်တို့ကို ဆေးကြောသန့်ရှင်းပြီး အာဟာရဖြစ်အောင် ကျွေးနိုင်ပါသေးတယ်။ ပြုလုပ်နည်းကတော့ အသည်းနဲ့ အဆုတ်တွေကို အတုံးသေးသေးလေးတွေ တုံးပြီး သွေးမကျန်အောင် ဆေးကာ သေသေချာချာပြုတ်ပါ။ ပြုတ်ရည်ထဲက အဆီတွေကို သွန်ပစ်ပြီး ထမင်း၊ မုန်လာဥနီတို့နဲ့ သေချာနယ်ပေးလိုက်ရုံပါပဲ။ တစ်ခုရှိတာက အသည်းမှာ ဗီတာမင်အေနဲ့ သံဓာတ် ပေါများလို့ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်သာ ကျွေးသင့်ပါတယ်။

အာလူးငါးပြုတ်

အနံ့၊ အရသာပြင်းတဲ့ ငံပြာရည်၊ ငပိတို့ ကျွေးမဲ့အစား မိညှောင်တို့အကြိုက် ငါးကိုပဲ သဘာဝအချိုဓာတ်လေးနဲ့ ဖန်တီးကြည့်ရအောင်။ ငါးကိုတော့ ငါးခူကို ပြုတ်တာတို့ ပေါင်းတာတို့ အသုံးပြုနိုင်ပြီး လက်နဲ့ သေချာ အရိုးဖယ်ထားမှသာ ကြောင်လေးတွေမှာ အဖြစ်များကြတဲ့ ငါးရိုးစူးတဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ။ အာဟာရဓာတ်တွေ ထပ်ပေါင်းပေးဖို့ ချေပြီးသား အာလူးပြုတ် ၁ဇွန်းစာကို ပြုတ်ပြီး နူးညံ့တဲ့ငါးနဲ့ နယ်ဖတ် ကျွေးမယ်ဆိုလည်း မိညှောင်တို့ အကြိုက်တွေ့မှာ အမှန်ပဲနော်။

ရွှေဖရုံငါးထောင်း

ရွှေဖရုံသီးရဲ့ အချိုဓာတ်ကို သုံးပြီး ကြောင်လေးတွေ အကြိုက်တွေ့စေမယ့် အစားအစာလေး ပြုလုပ်ကြည့်ရအောင်။ အသားအတွက်ကတော့ ငါးသေတ္တာ ထည့်နိုင်ပြီး ငါးကိုပေါင်းပြီး အရိုးသေချာဖယ်ရမှာပါ။ ရွှေဖရုံသီးကိုတော့ ပျော့သွားအောင်အထိ ပြုတ်ပြီးတော့ ခုနက ငါးနဲ့ ရွှေဖရုံသီး နှစ်မျိုးလုံးကို ကြိတ်ပြီး ရောနယ်ကျွေးပေးနိုင်ပါတယ်။ ဒီလို ငါးမှာပါတဲ့ အဆီဓာတ်က အမွှေးအမျှင်တွေကို ပြောင်လက်စေပြီး ရွှေဖရုံသီးက အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေလို့ ဝမ်းချုပ်တတ်တဲ့ မိညှောင်တို့အတွက် သေချာပေါက် လုပ်ကျွေးသင့်တဲ့ အစာတစ်မျိုးပါပဲ။

အချစ်တော်လေးတွေအတွက် အခုလို ကိုယ်တိုင်ချက်ပြုတ်ကျွေးတာက အာဟာရဓာတ် ပေးစွမ်းရုံတင်မကဘဲ ကိုယ်နဲ့ ကိုယ့်တိလေးတွေကြားက သံယောဇဉ်ကို ပိုမိုခိုင်မြဲစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ကပဲ ရရှိမဲ့ သန့်ရှင်း လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး သူတို့လေးတွေအတွက် ဘေးဥပါဒ်ဖြစ်စေတဲ့ ဟင်းခတ်မှုန့်တွေနဲ့ တခြားဟင်းချက်ပါဝင်ပစ္စည်းတွေကို ရှောင်ကြဉ်ခြင်းအားဖြင့် သူတို့လေးတွေကို ပိုမိုကျန်းမာပြီး အသက်ရှည်စေမှာ အမှန်ပါ။


Share

Comments

Related Posts