နေအိမ်တွင်း လျှပ်စစ်ပြဿနာကာကွယ်ဖို့ နည်းလမ်း၅သွယ်

Posted in အိမ်မှုရေးရာ


ထိုးထိုးထောင်ထောင် ဆံပင်ပုံစံတွေ့ရင် ဓာတ်လိုက်ထားတဲ့ ကေလို့ နောက်ပြောင်ပြောဆိုကြတာ ကြားဖူးကြမှာပေါ့နော်။ ဒါပေမဲ့ ဓာတ်လိုက်ခံရတာဟာ ပျော်စရာအဖြစ်တော့ မဟုတ်ပါဘူး။ ဓာတ်လိုက်ခံရတဲ့အခါ ဆံပင်တွေ ထိုးထိုးထောင်ထောင် ဖြစ်သွားရုံတင်မဟုတ်ပဲ ကိုယ်ခန္ဓာမှာရော စိတ်ပိုင်းဆိုင်ရာကိုပါ ဆိုးရွားတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိနိုင်စေပါတယ်။ ဘာပဲဖြစ်ဖြစ် မတော်တဆ ဓာတ်လိုက်ခံရမှာကိုတော့ မိမိအတွက်တင်မဟုတ်ပဲ ပတ်ဝန်းကျင်က ချစ်ရသူတွေအတွက်ပါ လူတိုင်း ရှောင်ရှားဖို့ ကြိုးစားကြမှာပါနော်။ ဒါကြောင့် လျှပ်စစ်မတော်တဆမှု အန္တရာယ်က ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း ၅ သွယ်ကို ဝေမျှပေးလိုက်ရပါတယ်။ 

(၁) ရေနဲ့+လျှပ်စစ် အန္တရာယ်စစ်စစ်

နှစ်ခုတွဲထားလို့ ဘယ်လိုမှသဟဇာတမဖြစ်တဲ့ အရာတွေ လောကမှာရှိတယ်လေ။ ဒီအထဲမှာ ရေနဲ့လျှပ်စစ် အတွဲဟာလည်း အလံနီကြီးကြီးတားပြီး ရှောင်ရှားရမယ့်အရာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ ကြီးကြီးသေးသေး လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ရေနဲ့ ဝေးဝေမှာထားပါ။ လျှပ်စစ်ပစ္စည်းတစ်ခု ရေနဲ့ မတော်တဆထိတွေ့သွားခဲ့ရင် ပလက်ကို အရင်ဖြုတ်ပြီးမှ ကိုင်တွယ်ပါ။ ပလက်ဖြုတ်ပြီးရင်လည်း ချက်ချင်းပြန်လည် ဖွင့်လှစ်အသုံးမပြုပဲ ခြောက်သွေ့သွားရင် အလုပ်ပြုလုပ်သင့်ပါတယ်နော်။  

(၂) လျှပ်စစ်ပစ္စည်းများကို သေချာစွာစစ်ဆေးပါ

အသေအချာ ဂရုစိုက်နားထောင်မယ်ဆိုရင် လျှပ်စစ်ပစ္စည်းတိုင်းဟာ သူတို့ရဲ့အခြေအနေကို အသံကတဆင့် သင့်ကို သတိပေးနိုင်စွမ်း ရှိကြတယ်ဆိုရင် ယုံနိုင်မလား။ လျှပ်စစ်ပစ္စည်းတစ်ခုဟာ ဖြူးစ် ခဏခဏပြတ်နေမယ်၊ ဘရိတ်ကာခဏခဏကျစေမယ်၊ ဒါမှမဟုတ် မဆိုးစလောက်လေး ဓာတ်လိုက်နေမယ်ဆိုရင် အဲဒီပစ္စည်းဟာ တစ်ခုခု မှားယွင်းနေပြီလို့ ယူဆရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူ မဟုတ်ရင်၊ ကိုယ်တိုင်ဟီးရိုးမလုပ်ပဲ ပြဿနာရှိနေတဲ့ လျှပ်စစ်ပစ္စည်းကို ပလက်အရင်ဖြုတ်ပြီး နားလည်တတ်ကျွမ်းသူ လျှပ်စစ်ပညာရှင်နဲ့ စစ်ဆေးပြင်ဆင်ပြီးမှ ပြန်လည်အသုံးပြုသင့်ပါတယ်နော်။   

(၃) ကလေးသူငယ်များရှိပါက ပလက်ပေါက်များကို ကာထားပါ

ကလေးတွေဟာ စူးစမ်းတတ်သူလေးတွေပီပီ အသုံးမပြုတဲ့ ပလက်ပေါက်လေးတွေ တွေ့တဲ့အခါ လက်ချောင်းလေးတွေနဲ့ ထိုးကြည့်ပြီး စူးစမ်းတတ်ကြပါတယ်။ အသုံးမပြုဘူးဆိုပေမယ့် အန္တရာယ်ကင်းပြီလို့ မထင်ပါနဲ့နော်။ လျှပ်စစ်ပလက်ပေါက်တစ်ခုထဲ လက်ထိုးထည့်နေတဲ့ ကလေးငယ်ကို မြင်တွေ့ရတာလောက် အန္တရာယ်ကြီးမားပြီး အသည်းယားစရာကောင်းတဲ့ မြင်ကွင်း ဘယ်ရှိပါ့မလဲ။ ဒါကြောင့် ရင်သွေးလေးတွေ အန္တ‌ရာယ်ကင်းအောင် ကာကွယ်ဖို့ မိမိနေအိမ်က ပလက်ပေါက်လေးတွေကို အကာအကွယ်လေးတွေ တပ်ဆင်ထားသင့်ပါတယ်။ 

(၄) ပလက်ခေါင်းများကို ဂရုစိုက်ပါ

လျှပ်စစ်အသုံးအဆောင် ပစ္စည်းတွေလို ပလက်ခေါင်းတွေကတော့ သူတို့ ကိုယ်ကိုယ် ကောင်းသည်ဆိုးသည် မပြောတတ်ကြပါဘူး။ ဒါကြောင့် အခန့်မသင့်ပဲ ထိတွေ့မိရင် သင့်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကို ဘယ်လိုရှောင်ရှားမလဲဆိုရင်တော့ ပလက်ခေါင်းမြင်တာနဲ့ သတိထားပြီး လေးလေးစားစား ကိုင်တွယ်အသုံးပြုဖို့ပဲ ဖြစ်ပါတယ်နော်။ ပလက်ခေါင်းကို ကြိုးကနေဆွဲယူပြီး ဖြုတ်ယူခြင်းကို ရှောင်ရှားပြီး အသေအချာ ဂရုတစိုက်ဖြုတ်ပါ။ ပလက်ခေါင်းတွေကို ဘယ်ညာနှဲ့ပြီး ဖြုတ်ယူခြင်းကို ရှောင်ရှားပါ။ ဒီလိုလေးစားမှုပေးမယ်ဆိုရင်တော့ ပလက်ခေါင်းတွေကလည်း သင့်ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူးနော်။ 

(၅) နံရံတွင်းမြှုပ်ထားတဲ့ ဝါယာကြိုးများကို လုံခြုံပါစေ

နံရံကပ်ဝါယာအိမ်များဟာ ဝိုင်ယာကြိုးတွေကို စနစ်တကျစုစည်းပေးရုံမက လျှပ်စစ်ဓာတ်စီးနေတဲ့ ဝါယာကြိုးများနဲ့ လူတွေကို မထိတွေ့မိအောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် နံရံကပ်ဝါယာအိမ်များကို လုံခြုံစွာဖုံးအုပ်ထားရမှာဖြစ်ပြီး ကျိုးပဲ့ပျက်စီးသွားခဲ့ရင်လည်း ချက်ချင်းလဲလှယ်ပေးသင့်ပါတယ်နော်။ 

တကယ်လို့ မိမိအိမ်မှာ ဓာတ်လိုက်ခံရဖူးတဲ့အတွေ့အကြုံ ရှိဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်က ဘာလို့မဖတ်မိတာပါလိမ့်လို့ တွေးနေမှာပေါ့။ ဓာတ်အလိုက် မခံဖူးသူဆိုရင်တော့ အထက်ပါအချက်လေးတွေကို မပျက်မကွက်လိုက်နာပြီး လျှပ်စစ်အန္တရာယ်က မိမိကိုယ်တိုင်ရော ချစ်ရတဲ့ မိသားစုဝင်တွေအတွက်ပါ ရှောင်ရှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 


Share

Comments

Related Posts