
တစ်နှစ်ပတ်လုံး နေအပူဒဏ်နဲ့ မပြတ်ဖြစ်နေတတ်တဲ့ ရာသီဥတုမျိုးမှာ တော်တော်များများကတော့ နေလောင်ဒဏ်အတွက် မျက်နှာနဲ့ အသားရည်ကို အဓိကထား ကာကွယ်ကြပေမယ့် အပူဒဏ်ကို ထိပ်ဆုံးကနေ ခံစားရမယ့် ဆံသားတွေရဲ့ ကျန်းမာရေးအတွက်ကိုတော့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်တွေနဲ့အတူ လေထု အစိုဓာတ်များပြီး ပူစပ်စပ်ဖြစ်တတ်တဲ့ နွေရာသီမှာ ဆံသားတွေ အဆီပြန်တာ၊ ဖွာတာ၊ ခြောက်တာတို့ကို ပုံမှန်ထက် ခံစားရနိုင်တာပါ။ အပူဒဏ်၊ လေထုအစိုဓာတ်နဲ့ ချွေးကြောင့် ဆံသားရဲ့ အပေါ်ယံအလွှာတွေ ပျက်စီးနိုင်ပြီး ဦးရည်ပြားပေါ် ဆံသားတွေ ကပ်နေတာ၊ ဆံပင်ကျွတ်တာ၊ ကျိုးပြတ်လွယ်တာ စသဖြင့် ထိန်းသိမ်းရတာလည်း မလွယ်ကူတော့ပါဘူး။ ဒီလို မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေ မျိုးစုံရှိတဲ့အထဲကမှ အမျိုးသား၊ အမျိုးသမီးမရွေး နေ့ရက်တိုင်း လိုက်လံလုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

ရေဓာတ်အမြဲဖြည့်ပါ
နွေရာသီအတွက်တင် မဟုတ်ဘဲ ဆံသားတွေ အမြဲကျန်းကျန်းမာမာနဲ့ တောက်တောက်ပြောင်ပြောင်ဖြစ်ဖို့ဆို ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး တို့အပြင် အုန်းဆီ၊ Argan Oil သို့မဟုတ် Shea Butter ပါဝင်တဲ့ ဆံသားထိန်းသိမ်းတဲ့ပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။ Hair Masks တွေ အသုံးပြုရာမှာလည်း ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းသိမ်းပေးတဲ့ Proteins နဲ့ သဘာဝအဆီအနှစ်တွေ ပါဝင်တဲ့ပစ္စည်းတွေသာ အသုံးပြုသင့်တာပါ။ ကိုယ့်ဦးရည်ပြားနဲ့ ဆံသားအမျိုးအစားကို လိုက်ဖက်သင့်တော်မယ့် ပစ္စည်းတွေသာ ရွေးချယ်ပြီး နေဒဏ်ကြောင့် အစိုဓာတ် မကုန်ခမ်းသွားစေဖို့ ဂရုပြုပေးပါ။ ဦးရည်ပြားနဲ့ ဆံသားကို သဘာဝအတိုင်း ကျန်းမာတောက်ပြောင်နေဖို့အတွက်လည်း အုန်းဆီ၊ သံလွင်ဆီ သို့မဟုတ် လာဗန်ဒါဆီ တို့နဲ့ နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး ရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်တာပါ။

UV raysတွေ ကာကွယ်ပါ
အပြင်ထွက်ပြီဆို ဦးထုပ်၊ ထီးတွေ ဆောင်ပြီး သွားသင့်တဲ့အပြင် UV Filter ပါဝင်တဲ့ ဆံပင်ထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုသင့်တာပါ။ ဒီလို မသုံးဖြစ်ဘူးဆို ဆေးဆိုးထားတဲ့ ဆံပင်တွေမှာဆို နေဒဏ်ကြောင့် ပိုထိခိုက်လွယ်တဲ့အတွက် အရောင်တွေ ဖျော့တာ၊ ဆံသားတွေ ခြောက်တာတွေ ဖြစ်စေတတ်လို့ပါ။ ဆံပင်ကိုလည်း ဒီတိုင်းချထားတာထက်စာရင် သပ်သပ်ရပ်ရပ်စည်းထားတာ၊ ကျစ်ဆံမြီးကျစ်တာ၊ ဆံထုံးထုံးတာတို့ လုပ်ထားမယ်ဆို နေဒဏ် တိုက်ရိုက်ထိတာကနေ အနည်းငယ်သက်သာစေနိုင်ပြီး ခေါင်းချွေးထွက်တာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

အပူဒဏ်ရှောင်ပါ
နေအပူဒဏ်ရယ်လို့မှ မဟုတ်ဘဲ နေ့စဥ်အသုံးပြုနေဖြစ်တဲ့ ဆံပင်မှုတ်စက်၊ ပုံသွင်းစက်တွေကလည်း ဆံပင်ကို အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ နွေရာသီမှာဆို နဂိုပူရတဲ့အထဲမှာမှ ဆံပင်ကို အပူပေး ကောက်လိုက်၊ ဖြောင့်လိုက် အလုပ်များတယ်ဆို ဆံပင်ပျက်စီးဖို့ ပိုလွယ်တာပေါ့။ ဒါကြောင့် ပူတဲ့ရာသီမှာတော့ အလှအပအနေနဲ့ အပူပေး၊ ပုံသွင်းတာတွေ တတ်နိုင်သလောက် လျော့ချပြီး မဖြစ်မနေ ပုံသွင်း အပူပေးရမယ်ဆိုရင်လည်း ဆံသားမပျက်စီးရအောင် အပူဒဏ်ကာကွယ်တဲ့ Spray သို့ Organic ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ခေါင်းလျှော်ပြီးရင်လည်း သဘာဝအတိုင်း ခေါင်းသေချာသုတ်ပြီး လေနဲ့ အခြောက်ခံတာမျိုးတွေက ဆံသားကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ တစ်ခုရှိတာကတော့ ပူတဲ့အတွက် ရေခဏခဏချိုး၊ ခေါင်းခဏခဏလျှော်တဲ့အခါ ခေါင်းလျှော်ရည်တွေကနေ ဦးရည်ပြားရဲ့ သဘာဝအဆီတွေ ကုန်ခမ်းနိုင်သေးတာမို့ တစ်ပတ်မှာ ၃ကြိမ်ထက် ပိုပြီး ခေါင်းမလျှော်ဖို့ အကြံပြုချင်ပါတယ်။

အစားအသောက်နဲ့ အနေအထိုင်
အပေါ်မှာ ပြောပြထားတဲ့ ဆံပင်ထိန်းသိမ်းနည်းတွေပဲ လိုက်လံလုပ်ဆောင်နေလို့ မဖြစ်ဘဲ အစားအသောက်နဲ့ အနေအထိုင်ကလည်း ဆံသားကျန်းမာရေးအတွက် အရေးပါသေးတာပါ။ Vitamins နဲ့ Minerals ဓာတ်တွေ ပါဝင်တဲ့ အစားအသောက်တွေကို ပြည့်ပြည့်စုံစုံစားပြီး ရေများများသောက်ဖို့ ဂရုပြုပေးသင့်ပါတယ်။ ဆံသားကျန်းမာဖို့အတွက် Omega-3 fatty acids ပေါများစွာ ပါဝင်တဲ့ ဆယ်လ်မွန်နဲ့ သစ်ကြားသီးတို့ကို ဦးစားပေး စားနိုင်ပါတယ်။
နောက်ပြီး နွေရာသီမှာ ရေကူးကန်သွား ရေစိမ်၊ ရေကူးကြမယ်ဆို နေဒဏ်၊ လေဒဏ်အပြင် ကလိုရင်းရန်ကလည်း ထည့်မတွက်လို့ မရပြန်ပါဘူး။ ဆံသားအတွက် Conditioner က လေထုနဲ့ ပတ်ဝန်းကျင်ကြောင့် ပျက်စီးတတ်တဲ့ ဆံပင်အပေါ်ယံလွှာကို ကာကွယ်ပေးပြီး ဆံသားမှာ ရှိတဲ့ ရေဓာတ်တွေ မကုန်ဆုံးရအောင် Leave-in Conditioner အမျိုးအစားကို အသုံးပြုထိန်းသိမ်းသင့်ပါတယ်။ ဒါ့အပြင် ရေမကူးခင်ရော ရေကူးပြီးချိန်မှာပါ ဆံပင်အတွက်ရော အသားရည်အတွက်ပါ မကျန် ရေချို ရေသန့်နဲ့ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ တစ်နှစ်ပတ်လုံး ကိုယ့်ဆံပင်လေးတွေ တောက်တောက်ပပနဲ့ ကျန်းကျန်းမာမာရှိနေဖို့ ဂရုစိုက်ရမယ့်အချက်လေးတွေ သိရှိသွားလောက်မယ် ထင်ပါတယ်။ အပြင်ထွက်တဲ့အခါ ဆံသားကာကွယ်ဖို့အတွက် ဦးထုပ်၊ ပဝါတို့ ဆောင်ထားရင်း လှပကျန်းမာတဲ့ ဆံနွယ်လေးတွေကို နွေရာသီမှမဟုတ်ဘဲ ရာသီမရွေး ပိုင်ဆိုင်ကြပါစေနော်။
Comments