အားလုံးအတွက် ချက်ပြုတ်ပြင်ဆင်ရာမှာ အချိန်ကုန် သက်သာစေမယ့် နည်းလေး(၅)ခု

Posted in အိမ်မှုရေးရာ


ဖွယ်ဖွယ်ရာရာပြင်ဆင်ချက်ပြုတ်ရတဲ့  မီးဖိုချောင်လို့ ဆိုလိုက်ရင် အိမ်တစ်အိမ်ရဲ့  အသဲနှလုံးလို့လည်းပြောလို့ရပေမယ့် တစ်နေ့တာမှာ အချိန်အပေးရဆုံး နေရာတစ်ခုဆိုလည်းမမှားပါဘူး။ တကယ်လို့ ကိုယ်က အရမ်းအလုပ်များတဲ့ အိမ်ရှင်မ တစ်ယောက် ဒါမှမဟုတ် ဟင်းချက်ဖို့အတွက် အချိန်ကုန်သက်သာစေတဲ့ နည်းလမ်းကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက သင့်ကို အထောက်အကူပြုမှာပါ။

ချက်ပြုတ်မယ့် ဟင်းလျာစာရင်းကိုကြိုပြင်ဆင်မယ်  

တစ်ပတ်စာအတွက် ဝယ်ယူရမဲ့ ဟင်းအမယ်များကို စာရင်းကြိုလုပ်ထားဖို့ လိုပါတယ်။ ဒီနည်းလမ်းက တစ်ချို့တွေ အတွက် မလိုအပ်လောက်ဘူးလို့ ထင်နိုင်ပေမယ့် အချိန်ကုန် သက်သာတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဒီလိုမျိုးကြိုတင်ပြီး တစ်ပတ်စာဟင်းပွဲအတွက် ဝယ်ယူထားတာက လိုအပ်မယ့် ပစ္စည်းအမျိုးအစားတွေကို စုံစုံလင်လင် ရရှိစေသလို ချက်ပြုတ်ချိန်မှာလဲ လွယ်ကူ လျင်မြန်စွာ ချက်ပြုတ်နိုင်မှာ ဖြစ်ပါတယ်။

ကြိုတင်ထုပ်ပိုးထားသော ပါဝင်ပစ္စည်းများကို အသုံးပြုပါ  

အခွံခွာထားတဲ့ ကြက်သွန်ဖြူ၊  ကြိုတင်နှပ်ထားတဲ့ အသား၊  အေးခဲထားတဲ့ ဟင်းသီးဟင်းရွက် စတဲ့ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေက သင့်ရဲ့ ချက်ပြုတ်ချိန်ကို များစွာ လျှော့ချပေးနိုင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဟင်းအနှစ်ထုတ်တွေ၊ ဆော့စ်တွေကို အသုံးပြုခြင်းဖြင့် လိုချင်တဲ့ အရသာကို အချိန်တိုတိုနဲ့ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေကိုသာ ရွေးချယ်ဖို့ကိုတော့ မမေ့ပါနဲ့နော်။

လွယ်ကူသက်သာစေမယ့် မီးဖိုချောင်သုံးကိရိယာတွေကို သုံးကြမယ်   

အချိန်ကုန် လူပင်ပန်း သက်သာစေတဲ့ မီးဖိုချောင်သုံး ကိရိယာ များစွာရှိပါတယ်။ ဥပမာ ပြောရရင် ကြိတ်စက်ကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်များကို လွယ်ကူမြန်ဆန်စွာ လှီးဖြတ်နိုင်တယ်။ နောက်ပြီး slow cooker လိုမျိုးပေါင်းအိုးကိုသုံးပြီးချက်ပြုတ်တာက ကိုယ့်အတွက် အချိန်ကုန်သက်သာစေတဲ့အပြင် တစ်ခြားအလုပ် ကိစ္စတွေကိုလည်း တစ်ပြိုင်တည်းလုပ်လို့ရပါတယ်။ 

ဟင်းလျာတစ်ချို့ကိုပမာဏ များများနဲ့ ချက်ပြုတ်ထားမယ် 

အိမ်သားတွေလည်းအစားများပြီး ကြိုက်နှစ်သက်တဲ့ဟင်းလျာမျိုးကိုဆိုရင် တစ်ခါတည်းမှာ ပမာဏများများ ချက်ပြုတ်ထားတာ ကလည်း  အချိန်ကုန် လူပင်ပန်း သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုဆိုလဲ မမှားပါဘူး။ ကိုယ့်စားနိုင်မယ့် ပမာဏလေးကိုတစ်ခါစားတိုင်း ထုတ်ယူပြီး ကျန်တာကို ရေခဲသေတ္တာထဲမှာ အေးခဲပြီး သိမ်းဆည်းထားနိုင်ပါတယ်။ ဒီနည်းလမ်းလေးက နေ့တိုင်း ဟင်းချက်ဖို့ အချိန်မရှိသူတွေ အလုပ်များနေသူတွေအတွက် တွက်ခြေကိုက်မယ့်အချက်ဆိုလည်းမမှားပါဘူး။ 

ချက်ပြုတ်ပြီးတာနဲ့ ချက်ချင်းရှင်းလင်းမယ် 

ချက်ပြုတ်ပြီးသွားရင်  သန့်ရှင်းရေး လုပ်ခြင်းကလည်း  အပင်ပန်းဆုံး အလုပ်တစ်ခုဆိုလဲ မမှားပါဘူး။ အချိန်ကုန်သက်သာစေဖို့ ချက်ပြုတ်နေစဉ် အတွင်းမှာပင် ပန်းကန်ဆေးကြောခြင်း၊ မီးဖိုကောင်တာ သန့်ရှင်းရေး လုပ်ခြင်း စတာတွေကို တစ်ပြုင်နက် လုပ်ဆောင်ခြင်းဖြင့် အချိန်ကုန် လူပင်ပန်း သက်သာစေမှာပါ။

ကဲ မီးဖိုချောင်အလုပ်တွေသက်သာစေဖို့ အခုပဲ ဒီအချက်လေးတွေကိုစမ်းကြည့်လိုက်တော့နော်… 

အခုလိုမျိုး ပြောပြသွားတဲ့နည်းလေးတွေကို  ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ကြည့်လိုက်တာနဲ့ ဟင်းချက်ဖို့အတွက် စိတ်မပင်ပန်းတော့ပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်ပြီး အခြားအလုပ်တွေကို လွတ်လပ် ပျော်ရွှင်စွာ လုပ်ဆောင်နိုင်မှာပါ။


Share

Comments

ယွန်းဝသန်

အိမ်မှုရေးရာဆောင်းပါးလေးဖတ်ပြီးဗဟုသုတများစွာရရှိပါတယ်ကိုယ်ကအိမ်ရှင်မဖြစ်တော့ပိုပြီးအဆင်ပြေစေတယ်စျေးဝယ်နည်း၊ချက်ပြုတ်နည်း၊အိမ်သန့်ရှင်းရေးတွေဘယ်လိုလုပ်ကတယ်ဆိုတာသိရတော့ပိုပြီးအဆင်ပြေပါတယ်ရှင့်။

Cho nwe aung

အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေကို အလွယ်တကူလေ့လာနိုင်လို့အရမ်းသဘောကျပါတယ်

Related Posts