ပဲပင်ပေါက် အိမ်မှာပဲ အလွယ်ဖောက်

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


အိမ်အတွက်လိုအပ်သမျှ ဟင်းသီးဟင်းရွက်တွေအကုန်လုံးကို ဈေးကပဲ ဝယ်နေတုန်းလား။ မြေနေရာ အပိုမရှိရင် လည်း အိမ်နောက်ဖေးမှာ  ဈေးဆိုင်တည်လို့  ရပါတယ်။ နေရာကျယ်ကျယ်မလိုဘဲ အိမ်မှာအလွယ်တကူစိုက်ပျိုး နိုင်တဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုက ပဲပင်ပေါက်ပါပဲ။ ပဲပင်ပေါက် အိမ်မှာကိုယ်တိုင်ဖောက်တာက စိုက်ပျိုးဖို့နည်းလမ်းကောင်းဖြစ်တဲ့အပြင် ကလေးတွေအတွက်လည်း အပင်လေးတွေ ဘယ်လို ကြီးထွားလာ သလဲ ဆိုတာ လေ့လာကြည့်နိုင်တဲ့ ပျော်စရာလက်တွေ့ သင်ခန်းစာလေး ဖြစ်မှာပါ။  ပုံစံမျိုးစုံချက်စားနိုင်တဲ့ ပဲပင် ပေါက်ကို အိမ်မှာ ဘယ်လို အလွယ်တကူဖောက်ရမလဲဆိုတဲ့ နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

ပဲအမျိုးအစားရွေးချယ်နည်း

ပဲအမျိုးအစားအားလုံးကတော့ ပဲပင်ပေါက်ဖောက်လို့ရပါတယ်။ အစေ့သေးတဲ့ ပဲတွေက ပဲစေ့ကြီးတွေထက် ပို ပြီး ပဲပင်ပေါက်ဖောက်လို့ကောင်းပါတယ်။ အစေ့ကြီးတဲ့ ပဲတွေက အညှောင့်ဖောက်ဖို့ ရေစိမ်တဲ့ အခါမှာ မှိုတက် ဖို့ အလားအလာများပါတယ်။  ပဲတီစိမ်းကတော့ အညှောင့်ဖောက်ဖို့ အကောင်းဆုံးပဲအမျိုးအစားပါပဲ။ ပဲညှောင့် ဖောက်ဖို့အတွက် လောလောလတ်လတ်ရိတ်သိမ်းပြီးကာစ မျိုးစေ့တွေကို အသုံးပြုဖို့ မသင့်တော်ပါဘူး။ ခြောက် သွေ့ပြီးသား ပဲတွေကိုသုံးသင့်ပြီး သိမ်းထားတာကြာလှပြီဖြစ်တဲ့ ရက်လွန်နေပြီသား ပဲတွေကိုကတော့ အသုံးပြု လို့ မရတော့ပါဘူး။ ကိုယ်သုံးတဲ့ပဲစေ့က ပိုးမကျနေဖို့လည်း လိုပါတယ်။ ဒီတော့ ပဲပင်ပေါက်ကောင်းကောင်းရဖို့ မျိုးစေ့ကောင်းကိုသုံးဖို့ အရေးအကြီးဆုံးပါပဲ။

ပဲပင်ပေါက် ဖောက်နည်းအဆင့်ဆင့်

ပဲပင်ပေါက်ကို အပေါက်သေးသေးလေးတွေပါတဲ့ ဇကာထဲမှာ ထည့်ဖောက်ရပါတယ်။ ကိုယ်သုံးမယ့် ဇကာထဲကို ပဲစေ့လေးတွေ ခပ်ပါးပါး ဖြန့်ထည့်ကြည့်ပါ။ ပဲတွေက ရေစိမ်လိုက်ရင် ပွလာဦးမှာမို့ အများကြီး ထည့်ဖို့ မလိုပါ ဘူး။ ပဲတီစိမ်းကို အနည်းဆုံး (၈) နာရီ ကြာရေစိမ်ထားရပါမယ်။ ရေစိမ်ပြီးလို့ ပွလာတဲ့ ပဲစေ့လေးတွေကို ရေစစ် ထားပါ။ ရေကုန်သွားရင် အပေါက်ပါ တဲ့ ဇကာထဲကို ရေစွတ်ထားတဲ့ ပိတ်ပါးစလေးခင်းပြီး ပဲစေ့တွေကို ထည့် ပေးပါ။ အပေါ်ကနေ အလင်းမဖောက် နိုင်တဲ့ အဝတ်စတစ်ခုနဲ့ ဖုံးအုပ်ထားပေးရပါမယ်။ ပဲစေ့ထည့်ထားတဲ့ ဇကာ အောက်မှာ ရေတစက်စက်ကျနေမှာ ဖြစ်လို့ ဇလုံတစ်လုံးခံပေးထားရပါမယ်။ နေ့တိုင်း ပိတ်ပါးစကို ရေမခြောက် သွားအောင် ဂရုစိုက်ရေလောင်း ပေးပြီး အခန်းအပူချိန်မှာ ၄/၅ ရက်ထားပေးပြီးရင် ပဲစေ့လေးတွေ အပင်ပေါက် လာပါပြီ။ အဝတ်ထဲက ထိုးထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပစ်ပြီး ရေစင်စင်ဆေးကာ စားလို့ရပါပြီ။

သတိထားရမယ့်အချက်က အပင်ပေါက်ပြီလားလို့ သိချင်ဇောနဲ့ အုပ်ထားတဲ့အဝတ်ကို ခနခန ဖွင့်မကြည့်မိဖို့ပါပဲ။ ပဲပင်ပေါက်လေးတွေက စိုစွတ်မှောင်မိုက်တဲ့နေရာကိုကြိုက်ပြီး အလင်းရောင်ကို ကြောက်လို့ပါ။ ပဲပင်ပေါက်ကို ဇကာနဲ့မဟုတ်ဘဲ ဖန်ပုလင်းထဲ ထည့်ဖောက်တဲ့နည်းကိုလည်း အသုံးပြုကြပါတယ်။

ဖန်ပုလင်းကို သုံးပြီး ပဲပင်ပေါက်ဖောက်နည်း

ဒီနည်းမှာတော့ ပဲစေ့တွေကို ရေစိမ်ပေးဖို့မလိုပါဘူး၊ ရေဆေးပေးရုံနဲ့ လုံလောက်ပါတယ်။ ဖန်ပုလင်းကို သန့်ရှင်း အောင် ဆေးကြောပြီး ရေဆေးထားတဲ့ ပဲစေ့တွေကို ပုလင်းထဲ ထည့်လိုက်ပါ။ ပဲစေ့တွေကို အစေ့နည်းနည်းပဲ ထည့်ပေးသင့်ပါတယ်။ များရင် ပဲစေ့တွေ ပွလာတာ၊ အပင်ပေါက်လာတာနဲ့ ပုလင်းထဲမှာ ကြပ်နေလို့ ပဲ ပင် ပေါက်တွေ ကောင်းကောင်းမကြီးတတ်ပါဘူး။ ပြီးရင် ပုလင်းထဲကို ရေပြည့်သွားတဲ့အထိထည့်ပြီး လေဝင် လေထွက် ကောင်းကောင်းရဖို့ ပုလင်းဝ ကို ပိတ်ပါးစနဲ့ အုပ်ပေးနဲ့ သားရေကွင်းနဲ့ စည်းထားပါ။ (၈) နာရီကြာ အောင် ရေစိမ်ထားပြီးရင် ပိတ်ပါးစကို မဖယ်ဘဲ ရေအဟောင်းကို သွန်ပြီး ရေသစ်ထည့်ပေးပါ။ ပြီးရင် ပုလင်းကို လှုပ်မွှေပေးပါ။ ဖန်ပုလင်းကို အခန်းအပူချိန်အတိုင်း အလင်းရောင်တိုက်ရိုက်မကျနိုင်တဲ့၊ မှောင်တဲ့နေရာမှာ ထား ပြီး တစ်နေ့ကို နှစ်ကြိမ် ရေလဲပေးပါ။   ပဲစေ့တွေအပင်ပေါက်လာပြီး ၄/၅ ရက်ကြာရင် စားလို့ရတဲ့ အနေအထား ရောက်ပါပြီ။ ပဲပင်ပေါက်တွေကို ပုလင်းထဲကထုတ်၊ ရေပြန်ဆေးပြီး ရေစင်အောင် စစ်ထားလိုက်ပါ။ ပြီးရင်တော့ ကိုယ့်စိတ်ကြိုက် စားသုံးလို့ရပါပြီ။ ဒီနည်းကတော့ ဇကာနဲ့ ဖောက်တဲ့နည်းနဲ့ယှဥ်ရင် အမြစ်ဖယ်ရတာ အလုပ်ပို ရှုပ်ပါတယ်။

ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ ပဲပင်ပေါက်ဟာ ဟင်းအမျိုမျိုးမှာ ထည့်ချက်လို့ရပါတယ်။ ပဲပင်ပေါက်ကို ပဲပြားနဲ့ကြော်စားတာ၊ ဟင်းချိုချက်တာ၊ ပဲပင်ပေါက်သုပ်အနေနဲ့ စားတာ၊ အခြားအသုပ်တွေထဲ ပဲပင်ပေါက် ထည့်သုပ်တာ စသဖြင့် အမျိုးမျိုးချက်စားတတ်ကြပါတယ်။ ပဲပင်ပေါက်ဆိုတာ ပဲစေ့လေးတွေထဲမှာရှိတဲ့ အာဟာရအကုန်လုံးကို စုပ်ယူပြီး အညှောင့်ပေါက်လာတာဖြစ်လို့ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပဲပင်ပေါက်ဖောက်နည်း (၂) နည်းအပြင် အိမ်မှာအသုံးပြုနေတဲ့ အခြားနည်း လမ်းတွေ ရှိ ရင်လည်း မျှဝေခဲ့ပါဦး။



Share

Comments

Related Posts