
အထိုင်များတယ်ဆိုတာဟာ ဒီနောက်ပိုင်းမှာ လူတိုင်းနီးပါးရဲ့ နေ့စဉ်ဘဝမှာ ပါဝင်လာတယ်လို့ ပြောလို့ရပါတယ်။ အလုပ်လုပ်တဲ့သူတွေဆိုရင်လည်း ကွန်ပျူတာရှေ့မှာ အထိုင်များလာသလို အိမ်မှာနေတယ်ဆိုရင်လည်း လှုပ်ရှားမှုမရှိဘဲ ဖုန်းကြည့်နေကြတာက ပိုများလာကြပါတယ်။ ဒါဟာ ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီလို အထိုင်များခြင်းကြောင့် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကို တဖြည်းဖြည်းကြုံတွေ့လာရနိုင်တာကြောင့်ပါ။ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ၊ ဘယ်လိုမျိုး ရှောင်ရှားသင့်သလဲဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ဆွေးနွေးသွားမှာပါ။
အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများ
၁။ နှလုံးနဲ့ပတ်သက်သော ရောဂါများ
အထိုင်များတဲ့အခါမှာ ခန္ဓာကိုယ်က သွေးလည်ပတ်မှု နှေးကွေးသွားပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ နှလုံးရောဂါ၊ နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့တာတွေအပြင် အရွယ်မတိုင်ခင် သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။
၂။ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ
သွေးလည်ပတ်မှု နှေးကွေးတာက နှလုံးကျန်းမာရေးကို ထိခိုက်စေရုံတင်မကပါဘူး။ သွေးအတွင်း သကြားဓာတ်လည်ပတ်မှုကိုပါ ကျဆင်းစေတဲ့အတွက် ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများလာသလို မလိုအပ်တဲ့ အဆီပိုတွေလည်း စုလာပြီး အဝလွန်ရောဂါလည်း ဖြစ်လာနိုင်ပါတယ်။
၃။ သွေးကြောထုံးခြင်း
ဒါကတော့ အထူးသဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ အထိုင်များပြီး ခြေထောက်တွေ လှုပ်ရှားမှုနည်းတဲ့အတွက် ခြေထောက်မှာရှိတဲ့ သွေးကြောတွေဟာ Varicose Veins လို့ခေါ်တဲ့ သွေးကြောထုံးတွေ ဖြစ်လာနိုင်ပါတယ်။
၄။ အရိုးအကြော ပြဿနာများ
ရေတိုမှာဆိုရင် အထိုင်များတဲ့လူတိုင်း သိသိသာသာခံစားရတာကတော့ ဇက်ကြောတက်တာ၊ ခါးနာတာနဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုတွေပါပဲ။ ရေရှည်မှာဆိုရင် အရိုးအကြောတွေအားနည်းလာတဲ့အတွက် ဒါတွေက အမြဲလိုလိုဖြစ်သွားပြီး ပျောက်ကင်းဖို့ ခက်ခဲသွားနိုင်ပါတယ်။
၅။ ဦးနှောက်နှင့်အာရုံကြော ပြဿနာများ
သွေးလည်ပတ်မှု နှေးကွေးတာက ဦးနှောက်ကို သွေးရောက်ရှိမှုလည်း နည်းပါးစေတဲ့အတွက် ရေရှည်မှာဆိုရင် အာရုံစူးစိုက်လို့ မရတော့တာ၊ မှတ်ဉာဏ်တွေ မကောင်းတော့တာအပြင် တခြားအာရုံကြောပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားကြမလဲ?
ဒီလိုကျန်းမာရေးပြဿနာတွေဟာ ကြာလေ၊ ကုသဖို့ခက်ခဲလေဖြစ်သလို ဘဝနေထိုင်မှုကိုလည်း ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ရှောင်ရှားဖို့ အရေးကြီးပါတယ်။ ဒါကလည်း အရမ်းခက်ခဲတာတော့မဟုတ်ပါဘူး။ မူလအကြောင်းအရင်းဟာ အထိုင်များတာဖြစ်တဲ့အတွက် အထိုင်များတာကို ရှောင်ရှားဖို့က အဓိက အရေးကြီးပါတယ်။ ထိထိရောက်ရောက် ဘယ်လိုလုပ်သင့်လဲဆိုတာကို ဆက်ပြီး ပြောပြပေးချင်ပါတယ်။
၁။ မိနစ်သုံးဆယ်နည်းလမ်း
အကောင်းဆုံးကတော့ မိနစ်သုံးဆယ်ထိုင်ပြီးတိုင်း တစ်ခါ လမ်းထလျှောက်တာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီအတွက် အချိန်ကို အမြဲမကြည့်ဖြစ်ဘူးဆိုရင် timer ပေးထားတာမျိုး လုပ်ထားသင့်ပါတယ်။
၂။ လမ်းလျှောက်ရင်း ဖုန်းပြောပါ
ဖုန်းပြောရတာ များတဲ့သူတွေဆိုရင် ဒီနည်းလမ်းလေးကို လုပ်ကြည့်သင့်ပါတယ်။ ဒီအတွက် နေရာအများကြီးလည်း မလိုပါဘူး။ နေရာခပ်ကျဉ်းကျဉ်းမှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း ဖုန်းပြောမယ်ဆိုရင်တောင် ထိုင်ရင်းဖုန်းပြောတာထက် သွေးလည်ပတ်မှုကို ပိုကောင်းစေမှာပါ။
၃။ လက်လှမ်းမီတဲ့နေရာမှာ ဘာမှမထားပါနဲ့
ထိုင်ပြီး အလုပ်လုပ်တဲ့နေရာ ဒါမှမဟုတ် ကိုယ့်လက်လှမ်းမီရာမှာ ရေဘူး၊ အစားအသောက် စတဲ့ လိုအပ်သမျှအကုန်ရှိနေမယ်ဆိုရင် ထိုင်တာကို ပိုများအောင် တွန်းအားပေးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လက်လှမ်းမီရာမှာ ဘာမှမထားဘဲ လိုသမျှကို ထပြီးယူရအောင် လုပ်ထားမယ်ဆိုရင် အထိုင်များတာကို လျှော့ချဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါလိမ့်မယ်။
၄။ အနားယူတဲ့အခါ အပြင်ထွက်ပါ
အပြင်ထွက်ပါဆိုလို့ လျှောက်လည်ခိုင်းတာတော့ မဟုတ်ပါဘူးနော်။ အခန်းထဲပဲ အောင်းနေတာထက် အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ၊ အပင်စိုက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ မိသားစုလိုက် လမ်းလျှောက်တာ စတဲ့ outdoor activity လေးတွေကို ပိုလုပ်ခြင်းအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလို စိတ်ကိုလည်း အသစ်တစ်ဖန် လန်းဆန်းစေပါတယ်။
ဒီနည်းလမ်းတွေဟာ ငွေကုန်ခံပြီးမှ လုပ်ရတဲ့အရာတွေလည်း မဟုတ်သလို ခက်ခဲတဲ့အရာတွေလည်း မဟုတ်ပါဘူးနော်။ လူတိုင်း လွယ်လွယ်ကူကူလုပ်နိုင်ပြီး ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေတဲ့အတွက် အထိုင်များတာကို ဒီနည်းလမ်းတွေနဲ့ လျှော့ချဖို့ တိုက်တွန်းလိုက်ပါရစေ။
Comments