ပေါ့ပေါ့လေး မတွေးသင့်တဲ့ ပိုးဟပ်အန္တရာယ်

Posted in အိမ်မှုရေးရာ


အိမ်မှာ ပိုးဟပ်တွေ တွေ့တတ်ပေမယ့် တွေ့တုန်းခဏပဲ လန့်ပြီး ရှင်းပစ်ဖို့ မေ့နေကြလား။ ဒါမှမဟုတ် ပိုးဟပ်တွေ ကို ကြောက်လည်းကြောက်တယ်၊ ဘယ်လိုရှင်းရမလဲ မသိဘူးဆိုတာမျိုး ဖြစ်နေတတ်လား။ တကယ်တမ်းတော့ ပိုးဟပ်တွေက ကြောက်စရာ၊ ရွံစရာဆိုတာထက် ပိုပါတယ်။ သူတို့ကနေတဆင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ဆိုးကျိုး တွေနဲ့ ဘယ်လိုနှိမ်နှင်းရမလဲဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

ပိုးဟပ်တွေအကြောင်း

ပိုးဟပ်တွေက အခြားအင်းစက်တွေလိုတော့ လူကို မကိုက်တတ်ကြပေမယ့် သူတို့ရဲ့ ခြေထောက်မှာပါတဲ့ ဆူးချွန် လေးတွေက လူ့အရည်ပြားကို ပွန်းပဲ့စေပါ တယ်။ သူတို့က ကြွက်တွေလိုပဲ ရောဂါသယ်ဆောင်တဲ့ အကောင်တွေ ဖြစ်လို့ သူတို့ခြေထောက် နဲ့ငြိပြီး ပွန့်ပဲသွားတဲ့ ဒဏ်ရာကတဆင့် ပိုးဝင်နိုင်ပါတယ်။ ပိုးဟပ်တွေက အိမ်ရဲ့ အကြို အကြားတွေ၊ အမှိုက်အိတ်တွေ၊ အမှိုက်ပုံးတွေ၊ ရေပိုက်ဟောင်းတွေမှာ ရှင်သန်ပေါက်ဖွားကြပါတယ်။ ဒီတိုင်း ကြည့်လိုက်ရင် ပိုးဟပ်မရှိဘူးလို့ ထင်ရပေမယ့် နံရံအပေါက်တွေ၊ အက်ကွဲကြောင်း တွေ ကြားထဲမှာ သူတို့ ရှိနေ နိုင်ပါတယ်။ အထူးသဖြင့် အိုဟောင်းတဲ့ အိမ်တွေနဲ့ မသန့်ရှင်းတဲ့ နေရာတွေက ပိုးဟပ်တွေအကြိုက်ပါပဲ။

ပိုးဟပ်တွေကတဆင့် ဖြစ်တတ်တဲ့ရောဂါတွေ 

ကပ်ရောဂါအထိ ဖြစ်ခဲ့ဖူးတဲ့ ပလိပ်ရောဂါပိုး သယ်ဆောင်တတ်တဲ့ အကောင်တွေမှာ ကြွက်တင်မကဘဲ ပိုးဟပ်လည်း ပါပါတယ်။ ပိုးဟပ်တွေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေက ပလိပ်ရောဂါအပြင် ကာလဝမ်း ရောဂါ၊ သွေးဝမ်းရောဂါ၊ အူရောင်ငန်းဖျား၊ အနာကြီးရောဂါ၊ ပိုလီယိုရောဂါ အစရှိတဲ့ ထင်မထားလောက်အောင် ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ပိုးဟပ်တွေက  သူတို့သွားတဲ့လမ်းကြောင်းတစ်လျောက် ချန်ထားခဲ့တဲ့ အမှုန်အမွှားတွေ၊ အညစ်အကြေး၊ ကျွတ်သွားတဲ့ အတောင်ပံနဲ့ ကိုယ်လက်အင်္ဂါ အပိုင်းအစတွေ ကလည်း ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်လိုမျိုး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပိုဆိုးလာစေနိုင်ပါတယ်။

ပိုးဟပ်မရှိအောင် ဒီလိုကာကွယ်မယ်

ပိုးဟပ်တွေက နံရံ အက်ကွဲကြောင်းတွေကို အိမ်လုပ်နေတတ်ကြလို့ ကိုယ့်အိမ်မှာ ပိုးဟပ်တွေ့ပြီဆိုတာနဲ့ နံရံအပေါက်နဲ့ အက်ကြောင်းတွေကို လိုက်ရှာပြီး ဖာထေး ပြုပြင်ပါ။ အမှိုက်ပုံးတွေ၊ အမှိုက်အိတ်တွေကလည်း သူတို့အကြိုက်ဆုံး အစာရှာတဲ့ နေရာတွေဖြစ်လို့ အမှိုက်ပုံး‌တွေကို မကြာခဏသွန်ပေးပါ။ ဒါမှမဟုတ် အဖုံးပါတဲ့ အမှိုက်ပုံးတွေကို အသုံးပြုပါ။ အစားအစာတွေကိုလည်း ပိုးဟပ်တွေမထိတွေ့နိုင်ဖို့ သေချာဖုံးအုပ်ထားဖို့ လိုပါ တယ်။ သူတို့ဟာ မှောင်မဲ စိုစွတ်တဲ့နေရာတွေ ကို ကြိုက်တဲ့အင်းဆက်တွေဖြစ်တာကြောင့် ရေပိုက်လိုင်းတွေ၊ ရေတံလျောက်တွေမှာလည်း နေတတ်ကြပါ တယ်။ အဲ့နေရာတွေကိုလည်း သူတို့ဝင်ရောက်နိုင်တဲ့ အပေါက်တွေ၊ ယိုစိမ့်မှုတွေ မရှိတာ သေချာအောင် ပြုလုပ် ထားရပါမယ်။ ပိုးဟပ်တွေက စာအုပ်၊ စာရွက်တွေကထွက်တဲ့ အနံ့ တွေကိုကြိုက်တတ်ကြပါသေးတယ်။ ဒါကြောင့် စာရွက်စာတမ်းတွေမှာ ပိုးဟပ်ကိုက်တဲ့ အပေါက်တွေရှိ နေ တတ်တာပါ။ စာအုပ်တွေကြားထဲမှာလည်း ပိုးဟပ်မရှိတာသေချာအောင် မကြာမကြာ စစ်ဆေးပေးသင့်ပါတယ်။

ပိုးဟပ်တွေ ဝေးဝေးပြေးအောင် 

မုန့်ဖုတ်ဆိုဒါ၊ လက်ချား၊ ပရုတ်လုံး၊ အမွှေးနံ့တွေ စတဲ့ အိမ်မှာရှိပြီးသားပစ္စည်းတွေကိုသုံးပြီး ပိုးဟပ်တွေ ဝေးဝေး ပြေးအောင် လုပ်လို့ရပါတယ်။

မုန့်ဖုတ်ဆိုဒါ - ကြက်သွန်နီလက်တစ်ဆုပ်စာကို အတုံးသေးသေးလေးတွေတုံးပြီး မုန့်ဖုတ်ဆိုဒါနဲ့ ရောမွှေလိုက်ပါ။ ပန်းကန်လေးထဲထည့်ပြီး ပိုးဟပ်တွေအများဆုံးတွေ့ရတဲ့ နေရာတွေမှာ လိုက်ထားလိုက်ပါ။ ပြီးရင်တော့ ပိုးဟပ် တွေ တော်တော်ရှင်းသွားမှာပါ။ ကိုယ့်အိမ်မှာ အိမ်မွေးတိလေးတွေရှိရင်တော့ သူတို့မတော်တဆ စားမိမှာကို သတိပြုရပါမယ်။

လက်ချား - လက်ချားကို ပရဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ လက်ချားနဲ့ သကြားကို ဆတူရောပြီး ပိုးဟပ်အသိုက်နားမှာ သွားထားပါ။ နောက်နေ့မှာ ပိုးဟပ်သေတွေကို ရှင်းရမှာမို့ အလုပ်တော့ ရှုပ် နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနည်းလိုပဲ တိလေးတွေစားမိမှာကိုတော့ သတိပြုဖို့ လိုပါတယ်။

ပရုတ်လုံး - လွယ်လွယ်ကူကူဝယ်လို့ရတဲ့ ပရုတ်လုံးကို ပိုးဟပ်တွေ အများဆုံးတွေ့ရတတ်တဲ့နေရာတွေ၊ စာအုပ် စင်၊ စာအုပ်သေတ္တာတွေထဲမှာ ထားပေးခြင်းအားဖြင့် ပိုးဟပ်တွေလာမှာကို ကာကွယ်နိုင်ပါတယ်။ ကာကွယ်ရုံပဲ လား.. ဟုတ်ပါတယ်။ ပရုတ်လုံးက ပိုးဟပ်တွေကိုတော့ မသေစေနိုင်ပါဘူး။

အမွှေးနံ့များ - ပူစီနံနံ့၊ စပါးလင်နံ့၊ သစ်ကြံပိုးအနံ့ အစရှိတဲ့ ရနံ့အဆီတွေကို ရေအနည်းငယ်နဲ့ရောပြီး ပိုးဟပ်လာ တတ်တဲ့နေရာတွေကို ဖြန်းထားတာကလည်း ကာကွယ်ဖို့ နည်းလမ်းတစ်ခုပါပဲ။ ရနံ့ဆီမဟုတ်ဘဲ သစ်ကြံပိုးမှုန့် ဖြူးတာ၊ ပူစီနံပင်စိုက်ထားတာ၊ Rosemarry ပင် စိုက်ထားတာတွေကိုလည်း အသုံးပြုနိုင်ပေမယ့် ချက်ချင်း အစွမ်းပြမှာတော့ မဟုတ်ပါဘူး။ ပိုးဟပ်တွေ တဖြည်းဖြည်းတော့ပါးသွားနိုင်ပါတယ်။  

ပိုးဟပ်နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံ ဟူးကောင်း ချိုင့်ဝှမ်းဒေသက ထွက်ရှိတဲ့ ပယင်းထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း(၁၀၀) ခန့်က ပိုးဟပ်ကျောက်ဖြစ်ရုပ်ကြွင်း နှစ်ခုကို ရှာတွေ့ခဲ့တာပါပဲ။ ဒီကာလဟာ ဒိုင်နိုဆောတွေ သက်ရှိထင်ရှားရှိခဲ့တဲ့ ခေတ်ကာလဖြစ်တာကြောင့် ပိုးဟပ်တွေက ဒိုင်နိုဆောတွေနဲ့တစ်ခေတ်တည်းဖြစ်တည်လာတဲ့ သက်ရှိ ဖြစ်ပြီး ဒီနေ့ခေတ်အထိ ဆက်လက် ရှင်သန်နေနိုင်တဲ့ အံ့ဖွယ်မျိုးစိတ်ဖြစ်ပါတယ်။ ပိုးဟပ်တွေကနေတဆင့် ဓာတ်မတည့်ခြင်းကစပြီး ပလိပ် ရောဂါအထိ ရောဂါပေါင်းစုံဖြစ်ပွားနိုင်တာကြောင့် သင့်အိမ်ကပိုးဟပ်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခွင့် မပေးဘဲ မြန်မြန်ရှင်းထုတ်ပစ်သင့်ကြောင်း ပြောပါရစေ။


Share

Comments

Related Posts