နွေရာသီမှာ အိမ်ဂေဟာကို ပိုမိုအေးမြစေနိုင်မယ့် နည်းလမ်းများ

Posted in အိမ်မှုရေးရာ

နွေရာသီလည်း နီးလာပြီ၊ ပူတော့မယ့် အရိပ်အယောင်တွေလည်း ကြိုတင်မြင်နေရပြီဆိုတော့ အခုအချိန်ကတည်းက အပူဒဏ်ကာကွယ်မယ့် အစီအစဉ်လေးတွေ ရေးဆွဲထားဖို့ လိုပြီပေါ့။ အိမ်မှာ လေအေးပေးစက် မရှိလို့ပဲဖြစ်ဖြစ်၊ ရှိပေမယ့် အချိန်နဲ့သတ်သတ်မှတ်မှတ် ဖွင့်တတ်လို့ပဲဖြစ်ဖြစ် စိတ်ပူစရာတော့မရှိဘူးနော်။ ဘာကြောင့်လဲဆိုတော့ အဲကွန်းအသုံးမပြုပဲ မိမိတို့ရဲ့ အိမ်ဂေဟာလေးကို မိမိကိုယ်တိုင် အေးချမ်းအောင် ပြင်ဆင်ချိန်ညှိဖို့ နည်းလမ်းလေးတွေ အများကြီးရှိလို့ပေါ့။ 

၁ - ပြတင်းပေါက်များကို ပိတ်ကာထားပါ

နွေရာသီရဲ့ ပူပြင်းတဲ့နေ့တွေမှာ အရိုးရှင်းဆုံး ပြုလုပ်နိုင်တာကတော့ အိမ်ပြတင်းပေါက်တွေကို ပိတ်ကာထားဖို့ ဖြစ်ပါတယ်။ ပြင်ပလေကို အခန်းထဲဝင်တာ ကြိုက်နှစ်သက်သူတွေအတွက် ဒီအကြံပေးချက်လေးက ခက်ခဲနေနိုင်ပေမယ့် အခန်းလေးအေးမြနေဖို့ ကူညီနိုင်တာကတော့ အသေအချာဖြစ်ပါတယ်နော်။ အထူးသဖြင့် ပြင်ပလေက အခန်းတွင်းလေထုထက် ပိုမိုပူနေတဲ့အခါ ပြတင်းတံခါးတွေကို ပိတ်ထားခြင်းအားဖြင့် အခန်းရဲ့ အေးမြမှုကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြတင်းပေါက်ကတဆင့် အခန်းထဲဝင်လာတဲ့ နေရောင်ခြည်ရဲ့ ၇၆% ဟာ အပူအဖြစ် ပြောင်းလဲသွားလို့ လိုက်ကာလေးတွေကို ချထားတာက အပူချိန်ကို အနည်းအနဲ့အများ လျှော့ချနိုင်ပါတယ်နော်။ 

၂ - တံခါးပေါက်ကို ပိတ်ထားပါ

အိမ်မှာနေတဲ့အခါ အခန်းထဲမှာပဲ အနေများသူဖြစ်ရင်တော့ ရေချိုးခန်း၊ အိမ်သာတို့လို အသုံးနည်းတဲ့ အခန်းတံခါးတွေကို အမြဲတမ်းလိုလို ပိတ်ထားနိုင်ပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ အိမ်ရဲ့ အခန်းနဲ့အကန့်တွေကို သီးခြားပိတ်ကာ ထားတာက အဲဒီနေရာမှာရှိတဲ့ လေထုကို ထိန်းသိမ်းထားရာရောက်ပြီး မိမိနေထိုင်တဲ့ အခန်းကို ပိုမိုအေးမြလာအောင် ကူညီပေးနိုင်လို့ ဖြစ်ပါတယ်။ 

၃ - မီးသီးအဝါများကို မသုံးပါနဲ့

မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းတွေ အပါအဝင် အထူးသဖြင့် အဝါရောင် မီးသီးတွေဟာလည်း နွေရာသီမှာ အခန်းရဲ့အပူချိန်ကို မလိုအပ်ပဲ ပိုမိုမြင့်တက်စေပါတယ်။ အထူးသဖြင့် အဝါရောင်မီးသီးတွေဟာ ၉၀% သော စွမ်းအင်တွေကို ဆုံးရှုံးစေပြီး အပူအများဆုံးထုတ်လွှတ်တာကြောင့် LED ကဲ့သို့ အခြား ပိုမိုစွမ်းအင်ချွေတာပေးတဲ့ မီးသီးအမျိုးအစားတွေနဲ့ လဲလှယ်သုံးစွဲသင့်ပါတယ်။ ဒါဆိုရင်တော့ မီတာခသက်သာပြီး စွမ်းအင်ချွေတာနိုင်ရုံတင်မက မိမိနေအိမ်လေးကိုလည်း အပူချိန်မတက်အောင် ကူညီပေးနိုင်မှာပါနော်။ 

၄ - ပန်ကာကို ထိထိရောက် ရောက်သုံးစွဲပါ

အိမ်မှာ အဲကွန်းမရှိတာဖြစ်ဖြစ်၊ အိမ်ရဲ့ တချို့နေရာတွေကို အဲကွန်းမရောက်တာဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာမဆို အသုံးဝင်တာကတော့ ပန်ကာလေးတွေပဲ ဖြစ်ပါတယ်။ ပန်ကာတွေဟာ အခန်းကို အေးမြစေတာမဟုတ်ပဲ အခန်းထဲက လေထုကို လှည့်ပတ်ပေးတာဖြစ်တဲ့အတွက် သူတို့ကို ဘယ်နေရာမှာထားပြီး၊ ဘယ်လိုအသုံးပြုတယ်ဆိုတဲ့အချက်က အရေးကြီးပါတယ်။ အိမ်ရဲ့ အအေးဆုံးနေရာမှာ ပန်ကာကို အထိုင်ချပြီး အေးမြတဲ့လေတွေကို ပူတဲ့နေရာရောက်အောင် တွန်းထုတ်နိုင်ပါတယ်။ ဒါ့အပြင် ပန်ကာရှေ့နားမှာ ရေစိုအဝတ်၊ ရေခဲဘူး စသည်ဖြင့် ချထားပြီး အေးမြတဲ့လေရရှိအောင် ဖန်တီးနိုင်တာမို့ ပန်ကာလေးတွေကို အထိရောက်ဆုံးအသုံးချဖို့ အကြံပေးလိုက်ပါရစေနော်။ 

၅ - စိုထိုင်းဆကို ချိန်ညှိပါ

စိုထိုင်းဆများတဲ့ ရာသီဥတုမှာ နေထိုင်သူတွေအနေနဲ့ နွေရာသီမှာ စိုထိုင်းဆများခြင်း ဒုက္ခကို ကြုံဖူးကြမှာပါနော်။ စိုထိုင်းဆကို လျှော့ချလိုက်ရုံနဲ့ အခန်းရဲ့ အပူချိန်လျော့ကျသွားမှာ မဟုတ်ပေမယ့်၊ အပူချိန်မြင့်မားတဲ့ နေ့တွေကို ပိုမိုဆိုးရွားစေတဲ့ စေးပြစ်ထူထဲတဲ့ လေထုကို လတ်ဆတ်ပေါ့ပါးစေနိုင်ပါတယ်။ စိုထိုင်းဆဟာ ချွေးတွေ လေနဲ့ထိတွေ့ပြီး အငွေ့ပျံတဲ့နှုန်းထားကို လျော့ကျစေလို့ စိုထိုင်းဆများပြားတဲ့ ရာသီဥတုမှာ နေရတဲ့အခါ ချွေးတွေနဲ့ ပိုမိုစေးကပ်ပြီး ပိုမိုပူလောင်စေပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာတော့ စိုထိုင်းဆညှိပေးတဲ့ Dehumidifier လေးတစ်ခုကို ဆောင်ထားဖို့ အကြံပေးပါရစေနော်။ 

နွေအခါမှာ ကိုယ့်အိမ်လေး အေးမြနေစေဖို့ အပေါ်မှာပြောပြထားတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်ပြီး အပူဒဏ်ကို တတ်နိုင်သလောက်လျော့ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် နွေပူဒဏ်လျော့ချနိုင်မယ့် အိမ်တွင်းနည်းလမ်း‌လေးတွေ ရှိရင်လည်း Comment မှာ မျှဝေဖို့မမေ့နဲ့နော်။



Share

Comments

Related Posts