တိလေးကို မွေးကာစ ကလေးငယ်နဲ့ ရင်းနှီးမှုရအောင် ဘယ်လိုလုပ်မလဲ

Posted in အိမ်မွေးတိရစ္ဆာန်


ကိုယ့်ရဲ့ မွေးကင်းစဘေဘီလေးကို အချိန်တော်တော်ကြာ အိမ်သားတွေနဲ့ အတူရှိနေတဲ့ တိလေးနဲ့ ဘယ်လိုစမိတ်ဆက်ပေးရမလဲ၊ Safeဖြစ်အောင် ဘယ်လိုထားရမလဲ၊ သူတို့လေးတွေ အဆင်ပြေကြပါ့မလား စသဖြင့် တွေးပူတတ်ကြပါတယ်။ တိလေးတွေကလည်း တစ်ခါတစ်ရံ ခန့်မှန်းခက်သလို ကလေးငယ်လေးတွေကလည်း ကလေးဖြစ်တဲ့အလျောက် စိတ်တိုင်းကျ ပြုမူတတ်ကြပါတယ်။ ဒီ့အတွက် သင့်ရဲ့ ဘေဘီလေးရော တိလေးရောကို သေချာစောင့်ကြည့်ပေးပြီး လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ လုပ်ထားမယ်ဆို စိတ်ပူစရာမလိုတော့ဘဲ အချင်းချင်း အဖော်မွန်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အောက်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ ကြိုတင်ပြင်ဆင်ကြည့်ရင်း မွေးကာစ ကလေးငယ်နဲ့ တိလေးတို့ ရင်းနှီးမှုရအောင် ဖန်တီးကြမယ်လေ။

ကလေး မရောက်လာခင် တိလေးအတွက် ပြင်ဆင်မှုတွေ

အိမ်မှာ မကြာခင် ရောက်လာတော့မယ့် ဘေဘီလေးအတွက် အိမ်သားတွေ ပြင်ပြင်ဆင်ဆင်လုပ်နေကြပုံကို ကြည့်ပြီး သင့်တိလေးကတော့ အပြောင်းအလဲတစ်ခုခုကိုတော့ ခံစားမိနေလောက်ပါပြီ။ ဒီနေရာမှာ ခွေးလေးဖြစ်ဖြစ် ကြောင်လေးဖြစ်ဖြစ် တစ်အိမ်လုံးရဲ့ ဂရုစိုက်မှု ရနေရာကနေ ကလေးလေးတ‌စ်ယောက် ရောက်လာလို့ ရုတ်တရက် အရင်ကလောက် အာရုံစိုက်မခံရတော့တာကြောင့် လူတွေလိုပဲ အနည်းအများတော့ မနာလိုဖြစ်တတ်ပါတယ်။ တစ်ချို့ကြောင်လေးတွေဆို ကြိုတင်ပြင်ဆင်ထားတဲ့ ကလေးပစ္စည်းတွေကို လိုက်ဖွက်တာ၊ သေးပန်းတာတို့လည်း လုပ်တတ်ကြပါသေးတယ်။ ဒါကြောင့်မို့ သူတို့အဲ့လိုမခံစားရအောင် ကြိုကြိုတင်တင် ကလေးပစ္စည်းလေးတွေ ပြပြီး အနံ့ခံခိုင်းတာ၊ ကလေးငိုသံလေးတွေ ဖွင့်ပြတာတို့ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးမရောက်လာခင် ကိုယ်ဝန်ရှိစဉ်အချိန်မှာလည်း ကိုယ့်တိလေးနဲ့ လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါး Activities လေးတွေ လုပ်ကြည့်ရင်း ကလေးလေးရောက်လာတော့မယ့် အကြောင်း တစ်နည်းအားဖြင့် အသိပေးနိုင်တာပေါ့။

မိတ်ဆက်ပေးပါ

ကလေးလေး မွေးဖွားပြီး အိမ်မခေါ် လာခင် ကလေးရဲ့ စောင်ဖြစ်ဖြစ်၊ ပဝါဖြစ်ဖြစ်ကို အိမ်ကိုအရင်ပို့ထားပြီး တိလေးကို အနံ့ခံခိုင်းကြည့်ရင်း ရင်းနှီးစေလိုက်ပါ။ တကယ်တမ်း ကိုယ့်ရဲ့ကလေးနဲ့အတူ အိမ်ရောက်လာပြီဆိုတာနဲ့ ကိုယ့်တိလေးကို ညင်ညင်သာသာနဲ့ ဘေးကနေ ပြောပြပြီး ကလေးကို ရင်းနှီးအောင် အနံ့ခံခိုင်းကြည့်ပေးပါ။ သူတို့ အရမ်းတွေစိတ်လှုပ်ရှားလာတယ်၊ အရမ်းလှုပ်လှုပ်ရှားရှား ဖြစ်လာတယ်ဆိုရင်တော့ ကလေးနဲ့ ခဏလောက် ခွဲလိုက်ပြီး နောက်မှ အေးအေးဆေးဆေးဖြစ်မှ ရင်းနှီးခွင့်ပေးလိုက်ပါ။ အိမ်မှာ ကလေးလေးရှိလာလို့ တိလေးရဲ့ နေနေကျနေရာတွေကို ပြောင်းလဲတာ၊ အရင်လိုမဟုတ်ဘဲ တင်းတင်းကျပ်ကျပ်ပြောဆို ဆက်ဆံတာ၊ ကလေး တစ်ခုခုထိခိုက်မှာ စိုးရိမ်စိတ်နဲ့ တိလေးတွေကို လှောင်အိမ်ထဲ ထည့်ထားတာမျိုးကတော့ တိလေးတွေရဲ့ စိတ်ဒဏ်ရာဖြစ်စေတာမို့ ရှောင်ကြဉ်သင့်ပါတယ်နော်။ 

အချင်းချင်း လုံခြုံမှုရအောင်

ဘေဘီလေးရော တိလေးတွေကြားမှာ သင်ကအမြဲရှိနေ၊ ဂရုစိုက်နေမှသာ သူတို့လေးတွေအတွက် စိတ်ရောကိုယ်ပါ လုံခြုံမှုရစေမှာပါ။ ကလေးရှိလာပေမဲ့လည်း ကိုယ့်ရဲ့အိမ်မွေးတိလေးကိုလည်း ဂရုစိုက်ပေး၊ အလေးထားပေးကြောင်း သူတို့သိအောင် ပြသပေးသင့်တာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးပြုစုပျိုးထောင်ချိန်တွေမှာ မိမိနဲ့ကလေးကိုပဲ အဓိက ဂရုပြုနေထိုင်နေရတဲ့အတွက် တိလေးတွေအပေါ် အရင်ကလောက် အချိန်နဲ့ အာရုံစိုက်မှုမပေးနိုင်တော့ပါဘူး။ ဒါကြောင့် ကလေးအိပ်ချိန်၊ အားလပ်ချိန်တွေမှာတော့ (၁၀)မိနစ်လောက်ဖြစ်ဖြစ် အချိန်ပေးကာ တိလေးတွေနဲ့ တူတူကစားပေးသင့်ပါတယ်။ ကလေးငယ်တွေကလည်း တိလေးတွေရဲ့ အ‌မွေးတွေကို ဆွဲတာ၊ ဆော့တာ၊ ပုတ်တာ လုပ်မိနေရင် တိလေးတွေ စိတ်အခန့်မသင့်တဲ့အခါ အကုတ်ခံရတာ၊ အကိုက်ခံရတာ ဖြစ်နိုင်တာမို့ ဂရုတစိုက်နဲ့ စောင့်ကြည့်နေသင့်တာပါ။ သင့်ကလေးက မှောက်ယက်သွားတတ်တဲ့ အရွယ် သို့ လမ်းစလျှောက်တတ်တဲ့ အရွယ်‌ရောက်ပြီဆိုရင် တိလေးရဲ့ပစ္စည်းတွေ၊ အရုပ်တွေကို မကိုင်ဖို့ သင်ပြ၊ ပြောပြပေးထားရမှာပါ။ 

အိမ်သုံး Safety Gatesတွေ အသုံးပြုတာကလည်း တိလေးနဲ့ ဘေဘီလေးတို့ကို safeဖြစ်စေပြီး မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ရှောင်ကြဉ်နိုင်တာပေါ့။ ပထမဆုံးကလေးနဲ့ဖြစ်ဖြစ် ဒုတိယ၊ တတိယမြောက် ကလေးတွေနဲ့ဖြစ်ဖြစ် အိမ်ကို မိသားစုဝင်အသစ်လေးတွေ ရောက်တိုင်းမှာ တိလေးတွေနဲ့ စစချင်းမှာ ရင်းနှီးမှုရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ အချင်းချင်း ကူညီရိုင်းပင်းနိုင်ပြီး ဘဝအဖော်မွန်ကောင်းတွေ ဖြစ်လာနိုင်ကြမှာပါ။


Share

Comments

Related Posts