
အိမ်မွေးတိလေးတွေဆိုရင် ဈေးကြီးပေးဝယ်ရမှ၊ ဂေဟာကနေ သွားခေါ်ရမှ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကံကြမ္မာက ရေစက်ဆုံလို့ အိမ်ကိုရောက်လာတဲ့ လေလွင့်တိလေးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကိုယ်တိုင်ကိုက လေလွင့်တိလေးတွေကို ရွေးချယ်ပြီး မွေးစားကြတာလည်း ရှိပါတယ်။
ဒီလိုမျိုး လေလွင့်တိလေးတွေကို မွေးစားတာဟာ အင်မတန်မွန်မြတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အသက်တစ်ချောင်းကို ကယ်ဆယ်ပြီး ကောင်းမွန်တဲ့ဘဝကို ပေးတာဖြစ်သလို ပတ်ဝန်းကျင်အတွက်လည်း အကျိုးကျေးဇူးပြုရာရောက်ပါတယ်။ ကိုယ့်အတွက်လည်း ဘဝတစ်သက်တာ အမှတ်ရစေမယ့် အပေါင်းအဖော်တစ်ယောက်ရသလိုဖြစ်စေမှာပါ။ ဒီတော့ အိမ်ကိုရောက်လာလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်မွေးစားချင်လို့ပဲဖြစ်ဖြစ် လေလွင့်တိလေးတွေကို အိမ်မှာမွေးစားတော့မယ်ဆိုရင် သိထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။

အဆင့် (၁) - ပိုင်ရှင် ရှိပြီးသား ဟုတ်၊ မဟုတ် စစ်ဆေးခြင်း
ဒါကတော့ အပြင်ကနေ သူ့ဟာသူရောက်လာတဲ့ လေလွင့်တိလေးတွေအတွက်ဖြစ်ပါတယ်။ တချို့တိလေးတွေက ပိုင်ရှင်ရှိပြီးသားဖြစ်ပေမဲ့ အလည်လွန်ရင်း အိမ်မပြန်တတ်တော့တာမျိုး ဖြစ်နေနိုင်ပါတယ်။ တချို့တိလေးတွေဆိုရင်တော့ အနီးနားပတ်ဝန်းကျင်မှာ မြင်နေကျဖြစ်တဲ့အတွက် လေလွင့်တိလေးဟုတ်၊ မဟုတ် သိဖို့လွယ်ပါတယ်။ မြင်နေကျမဟုတ်ဘူးဆိုရင်တော့ လည်ပတ်ပါ၊ မပါ သေချာကြည့်ပါ။ တချို့တိလေးတွေက လည်ပတ်မပါပေမဲ့ လမ်းမှာ ပြုတ်ကျနေခဲ့တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် လည်ပတ်အရာလေးရှိ၊ မရှိ ကြည့်လို့ရပါတယ်။ ပြီးရင် social media မှာ ပျောက်ဆုံးကြောင်း တင်ထားတာမျိုး ရှိ၊ မရှိလည်း စစ်ဆေးကြည့်ပါ။
အဆင့် (၂) - ကျန်းမာရေးစစ်ဆေးခြင်း
လေလွင့်တိလေးကို မွေးစားတော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ ကျန်းမာရေးပါပဲ။ သူတို့လေးတွေဟာ စားသောက်နေထိုင်ဖို့ ခက်ခဲကြမ်းတမ်းပြီး ဒုက္ခမျိုးစုံကို ဖြတ်သန်းလာရတတ်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေ၊ ကျန်းမာရေးချို့တဲ့မှုတွေကတော့ အနည်းနဲ့အများရှိနေမှာပါပဲ။ ဒီအတွက် အကောင်းဆုံးကတော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေလုပ်တာ၊ ကာကွယ်ဆေးထိုးတာတွေကို အရင်ဆုံးလုပ်ပေးသင့်ပါတယ်။ နောက်ပြီးရင် စားသောက်နေထိုင်မှုပုံစံတွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပေးပါ။
အဆင့် (၃) – “အိမ်”တစ်ခု ဖန်တီးပေးခြင်း
လေလွင့်တိလေးတွေအတွက် နွေးထွေးတဲ့အိမ်တစ်ခု ဖန်တီးပေးဖို့ဆိုတာ ပထမဆုံးရက်ကတည်းက ပြီးပြည့်စုံဖို့တော့ မဖြစ်နိုင်ပါဘူး။ သူတို့လေးတွေအတွက်လည်း အသားကျဖို့ အချိန်လိုအပ်ပါတယ်။ ဒီအတွက်တော့ ၃-၃-၃ ဆိုတဲ့ နည်းလမ်းအတိုင်း လုပ်ပေးသင့်ပါတယ်။ အဲဒါကတော့ ပထမဆုံး တိလေးအနေနဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေကို ရင်းနှီးလာဖို့ ၃ ရက်၊ သူ့ရဲ့ အမူအကျင့်တွေကို လေ့လာဖို့နဲ့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထိုင်တွေကို သင်ပေးဖို့ ၃ ပတ်၊ သူ့ရဲ့ “အိမ်” လို့ မှတ်ယူသွားစေဖို့ ၃ လ၊ အသီးသီး အချိန်ပေးတာပဲဖြစ်ပါတယ်။
ဒီအဆင့်တွေ ကျော်ဖြတ်ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင်ဟာ မွန်မြတ်တဲ့အလုပ်တစ်ခုကို လုပ်ခဲ့ပြီဖြစ်သလို အမြဲတမ်းသစ္စာရှိမယ့် ချစ်စရာတိလေးတစ်ကောင်ကိုလည်း မွေးစားလိုက်နိုင်ပါပြီ။
Comments