
ရာသီဥတုက ပုံမှန်ထက် အေးလာတော့ အပြင်မထွက်ချင်ကြတော့ဘဲ အိမ်တွင်းမှာပဲ အနေများလာကြပြီထင်တယ်နော်။ ဒီလို အိမ်ထဲမှာပဲ ဖုန်းအကြည့်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကိုယ်တွင်းသွေးလှည်ပတ်မှု နှေးကွေးတာ၊ အကြောအချင်တွေ တောင့်တင်းတာ၊ အစာခြေစနစ်အားနည်းတာ စသဖြင့် ကလေးလူကြီးမရွေး ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်တာပါ။ ဒါကြောင့် ကျန်းမာရေးအတွက် မနက်အစောရဲ့ အေးမြမြ လေညင်းနဲ့အတူ အပြင်ထွက်လမ်းလျှောက်တာ၊ ပြေးတာတို့က အကောင်းဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ကြသူတွေအတွက် ကိုယ်အိမ်မှာပဲ အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်တဲ့ အိမ်တွင်းအားကစားနည်း ၄မျိုးကို ပေါ့ပါ့ပါးပါး လိုက်လုပ်ကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းလေးတွေက မိသားစုနဲ့အတူ အချိန်မရွေး အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်ပြီး ဘာအားကစားအထောက်အကူပစ္စည်းမှ မလိုတဲ့အပြင် အချင်းချင်း ချစ်ခင်ရင်းနှီးမှုရစေမဲ့ Quality Time လေးလည်း ဖန်တီးနိုင်ကြမှာပါ။

သစ်ပင်ကျင့်စဥ် (Tree Pose)
ကိုယ်ခန္ဓာဟန်ချက်ညီပြီး အာရုံစူးစိုက်မှုကောင်းစေဖို့ ပေါ့ပေါ့ပါးပါးလုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ ဒီလို ခြေထောက်တစ်ဖက်တည်း ထောက်ပြီး သစ်ပင်ပုံစံ ရပ်ရတဲ့နည်းလမ်းလေးက အလွယ်ကူဆုံးဖြစ်မှာပါ။ အခုမှ စလေ့ကျင့်မဲ့သူနဲ့ သက်ကြီးရွယ်အိုများအတွက်က ဘေးမှာ နံရံ သို့ ထိုင်ခုံ တစ်လုံးကို လက်နဲ့ ကိုင်ပြီး လေ့ကျင့်နိုင်ပြီး ဒီ့ထက်ပိုလုပ်နိုင်တယ်ဆို ခြေထောက်တစ်ဖက်တည်းမှာပဲ အားပြုပြီး ကိုယ်ဘယ်လောက်ထိန်းထားနိုင်သလဲဆိုတာ လေ့ကျင့်ကြည့်လိုက်နော်။

ထိုင်ထလုပ်ခြင်း (Chair Squats)
ထိုင်ခုံတစ်လုံးကို ကောင်းကောင်းအသုံးပြုရင်း အလွယ်တကူလုပ်ဆောင်နိုင်တဲ့ ဒီလေ့ကျင့်ခန်းကတော့ ကိုယ်ခန္ဓာအောက်ပိုင်း ကြံ့ခိုင်မှုအတွက် အထောက်အကူကောင်းဖြစ်ပါတယ်။ လက်နှစ်ဖက် တန်းပြီးဖြစ်ဖြစ်၊ လက်ဆုပ်ထားပြီးဖြစ်ဖြစ် ဖြည်းဖြည်းချင်း ထိုင်ထလုပ်တဲ့အခါ အောက်ထိ ထိုင်မချဘဲ တင်ပါးနဲ့ ထိုင်ခုံ ထိရုံလေး လေ့ကျင့်ရမှာပါ။ ကလေးတွေနဲ့ ဒီထက်ပိုလုပ်နိုင်တဲ့သူတွေမှာဆိုရင် ထိုင်ခုံကို မသုံးဘဲ အောက်ထိထိုင်ချပြီး ဖြည်းဖြည်းချင်း လေ့ကျင့်သွားလို့ရပါတယ်။

လမ်းလျှောက်လေ့ကျင့်ခန်း (Gentle Marching)
အသက်အရွယ်မရွေး လိုက်လုပ်နိုင်တဲ့ ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုကောင်းစေပြီး မကြာခဏလုပ်ဆောင်ပေးရင် ကိုယ်ခန္ဓာတစ်ခုလုံးအတွက် Cardio သဘောမျိုး လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။ လက်တွေ၊ ခြေထောက်တွေကို ဘယ်၊ ညာ လွှဲကာ တစ်နေရာတည်းမှာပဲ လမ်းလျှောက်ချီတက်တဲ့ပုံစံလုပ်ရမှာ ဖြစ်ပြီး ကလေးတွေကတော့ မြန်မြန်သွက်သွက် လေ့ကျင့်နိုင်ပြီး လူကြီးတွေမှာတော့ စင် သို့ ထိုင်ခုံနောက်မှီကို ကိုင်ပြီး လေ့ကျင့်နိုင်ပါတယ်။

နံရံနဲ့ဒိုက်ထိုးခြင်း (Wall Push-Ups)
ကိုယ်ခန္ဓာကြံ့ခိုင်ဖို့အတွက် Push-Ups လုပ်ကြရာမှာ ကြမ်းပြင်ပေါ် ဒိုက်ထိုးတာထက် ပေါ့ပေါ့ပါးပါးနဲ့ ကလေး၊ လူကြီးမရွေး လိုက်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကတော့ ပုခုံးတွေ၊ လက်ကောက်ဝတ်တွေကို ဒဏ်မဖြစ်စေတဲ့ Wall Push-Ups ပါပဲ။ ဒီလေ့ကျင့်ခန်းကတော့ ကိုယ့်လက်အတိုင်းအတာ အရှည်အတိုင်း နံရံကို လက်ထောက်ကာ ပုခုံးအရွယ်အစားထက် အနည်းငယ်ကျယ်အောင် လက်တွေကို နေရာချလိုက်ပြီး အသာအယာ တွန်းလိုက်၊ နံရံနဲ့ ကပ်လိုက် လေ့ကျင့်ပေးရမှာပါ။
ဒီလို လှုပ်လှုပ်ရှားရှား လေ့ကျင့်ရတဲ့ နည်းလမ်းလေးတွေက ကိုယ့်အိမ်မှာပဲ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက်အပြင် သွေးလှည်ပတ်မှုကောင်းစေတာကြောင့် ခြေဖျား၊ လက်ဖျားအေးတာတွေ မဖြစ်စေဘဲ ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေတာပါ။ ဒီတော့ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် အညောင်းအညာမိတာတွေ မဖြစ်ရအောင် အိမ်တွင်းလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ဆောင်ကြရင်း ဒီလိုဆောင်းအေးချိန် နွေးထွေးကျန်းမာစွာ ဖြတ်သန်းလိုက်ကြရအောင်ပါ။
Comments