အသားရည်ကို ကြည်လင်ဝင်းပစေမယ့် သဘာ၀အစားအစာများ

Posted in အစားအစာ


ကြည်လင်ဝင်းပပြီး မြင်သူငေးလောက်အောင် အမြဲတမ်း ဂလိုးနေတဲ့ အသားရည်လေးကို ရရှိဖို့ တန်ဖိုးကြီး အလှကုန်ပစ္စည်းတွေကိုပဲ သုံးစွဲနေရတော့မှာလား။ အခုခေတ်မှာ အလှကုန်တွေရဲ့ အကျိုးအာနိသင်တွေက အရမ်းကို အစွမ်းထက်တာ မှန်ပေမယ့် သဘာ၀အတိုင်း ဝင်းပတဲ့အသားရည်လေး ရရှိဖို့ဆို သင့်တင့်မျှတပြီး အာဟာရပြည့်၀တဲ့ အစားအသောက်က အဓိကကျပါတယ်နော်။ ဒါကြောင့် ဘယ်လို အစားအသောက်လေးတွေက အသားရည်ကို အထောက်အကူပြုတယ်ဆိုတာ ကြည့်လိုက်ကြရအောင်။ 

အဆီများသော ငါးများ  

ဆယ်မွန်၊ ဆာဒင်း၊ ငါးကွမ်းရှပ်ခေါ် Mackerel ငါးအမျိုးအစားတွေမှာ ပေါများစွာ တွေ့ရတဲ့ အိုမီဂါ-၃ ဖက်တီအက်ဆစ်ဟာ အသားအရေကို ရေဓာတ်ဖြည့်စွမ်းပေးပြီး ရောင်ရမ်းမှုကိုလည်း လျှော့ချပေးတာကြောင့် ကျန်းမာဝင်းပတဲ့ အသားရည်ကို ကူညီထိန်းသိမ်းပေးနိုင်တယ်နော်။ 

ထောပတ်သီး 

ပွဲတိုင်းကျော် ထောပတ်သီးလေးကတော့ ဗီတာမင်အီး၊ ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေနဲ့ ကျန်းမာတဲ့အဆီတို့ပါဝင်တာကြောင့် အရေပြားရဲ့ ရှုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး အသားရည်လေးကို တင်းရင်းစိုပြေစေပါတယ်။ 

ကန်စွန်းဥ 

ဗီတာမင်အေရဲ့ အရင်းအမြစ်ဖြစ်တဲ့ Beta-Carotene ဓာတ် ပေါများစွာပါဝင်တာကတော့ မြန်မာတို့အကြိုက် ကန်စွန်းဥပဲ ဖြစ်ပါတယ်။ ဗီတာမင်အေကတော့ အရေပြားဆဲလ်လေးတွေ အသစ်ဖြစ်ပွားမှုကို ကူညီပေးပြီး ဝင်းပချောမွေ့တဲ့ အသားရည်ကို ဖန်တီးပေးပါတယ်။  

ဘယ်ရီသီးအမျိုးမျိုး 

စတော်ဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီးတွေဟာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေ ကြွယ်၀စွာပါဝင်ပါတယ်။ ဒီဓာတ်တွေအားလုံးဟာ အရေပြားရဲ့ နုပျိုမှုကို ကာကွယ်ပေးပြီး ဓာတ်တိုးပစ္စည်း (Free Radicals) တွေရဲ့ တိုက်ခိုက်မှုကို ကန့်သတ်ကာကွယ်ပေးနိုင်ပါတယ်။  

အစေ့အဆံများ 

အာဟာရပြည့်၀တဲ့ အဆီဓာတ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ စိမ့်ဝင်ပြည့်၀နေတာကတော့ ဗာဒံစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ချီယာစေ့တို့ပဲ ဖြစ်ပါတယ်။ ဒီအစေ့လေးတွေကတော့ ကျန်းမာဝင်းပတဲ့ အသားရည်အတွက် အဓိကကျတဲ့ အာဟာရဓာတ်တွေ ဖြည့်စွမ်းပေးရုံမက အိစက်ပျော့ပြောင်းပြီး ရေဓာတ်ပြည့်၀တဲ့ အရေပြားလေးရရှိအောင် ကူညီပေးပါတယ်။ 

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ 

ဗီတာမင်အေ၊ စီ၊ အီးတို့လို အဓိကကျတဲ့ ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေ ပြည့်၀တဲ့ ဟင်းနုနွယ်၊ ကိုက်လန်နဲ့ အခြားအစိမ်းရောင် ဟင်းရွက်တွေဟာ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်ရုံမက အသားရည်ရဲ့ အရောင်အသွေးကို အထောက်အကူပြုပြီး ဖြူစင်ဝင်းပစေပါတယ်။ 

အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးများ 

ကော်လက်ဂျင်ထုတ်လုပ်မှုနဲ့ အသားအရေရဲ့ အိစက်ဝင်းပမှုအတွက် အရေးပါတဲ့ ဗီတာမင်စီကို လိမ္မော်သီး၊ သံပုရာသီးနဲ့ ကျွဲကောသီးတို့လို အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် Citrus အသီးတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် အသားရည်ကို ဝင်းလက်တောက်ပစေပြီး Oxidative Stress ခေါ် ဓာတ်တိုးဖိစီးခြင်းဖြစ်စဉ်ကိုလည်း ကာကွယ်ပေးပါတယ်။ 

ခရမ်းချဉ်သီး 

ခရမ်းချဉ်သီးမှာ တွေ့ရတဲ့ Lycopene လို့ အမည်ရတဲ့ ဆန့်ကျင်ဓာတ်တိုးပစ္စည်းဟာ ခရမ်းလွန်ရောင်ခြည်ရန်မှ အသားအရေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသားအရေအတွက် အထောက်အကူဖြစ်တဲ့ ဗီတာမင်အေနဲ့ စီတို့လည်း ပါဝင်တာကြောင့် အသားရည်ကျန်းမာရေးအတွက်ဆို ခရမ်းချဉ်သီးလေးက စူပါဟီးရိုးပဲပေါ့။

လက်ဖက်စိမ်း 

ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေနဲ့ ပိုလီဖီနောတို့ ပါဝင်တဲ့ လက်ဖက်စိမ်းဟာလည်း ယောင်ယမ်းခြင်းကို လျှော့ချပေးပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ သူကတော့ ရေဓာတ်ဖြည့်စွမ်းပြီး အရေပြားလေးကိုလည်း တင်းတင်းရင်းရင်း ဖြစ်အောင် ကူညီပေးပါတယ်။ 

ရေဓာတ် 

အသားရည် လှပဖို့အတွက်ဆိုရင် ရေဓာတ်ပြည့်၀နေဖို့က အရေးကြီးတယ်ဆိုတာ အားလုံးပဲ သိကြပါတယ်။ မိမိရဲ့ စားသောက်မှုပုံစံမှာ ရေဓာတ်ပြည့်၀စွာပါဝင်မှ အသားအရေလေးမှာ အစိုဓာတ်လုံလုံလောက်လောက် ရရှိမှာဖြစ်ပြီး မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေလေး ဝင်းပဖို့ ရေဓာတ်မှန်မှန်ဖြည့်ဆည်းဖို့ လိုပါတယ်နော်။ 

အသားရည် လှပမှုအတွက် အစားအသောက်က အရေးကြီးသလို ကျန်းမာတဲ့ နေထိုင်မှုပုံစံကလည်း အလားတူ အရေးပါပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရေး၀၀ အိပ်စက်ခြင်း၊ ရေရောင်ခြည်ဒဏ် ကာကွယ်ခြင်းနဲ့ ဆေးလိပ်မသောက်ခြင်း တို့ကလည်း အသားရည်ကို အများကြီး အထောက်အကူပြုတာမို့ အထက်ပါအချက်လေးတွေကို လိုက်နာပြီး အားလုံးပဲ ကြည်လင်ဝင်းပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ 


Share

Comments

Related Posts