အဝတ်လျှော်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ နည်းလမ်းမှားတွေကို ပြင်ဆင်ကြမယ်

Posted in အိမ်မှုရေးရာ


ဘယ်နေရာသွားသွား ပြင်ဆင်ချိန်သိပ်မပေးရဘဲ အဝတ်အစားလေးတွေ သန့်ရှင်းသန့်ပြန့်နေဖို့က အားလုံးရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါပဲ။ ဒီလိုဖြစ်စေဖို့ လွယ်ကူအဆင်‌ပြေတဲ့ လျှော်ဖွတ်နည်းလမ်းတွေရှိကြပေမဲ့ မလုပ်မိတာ‌ရော၊ တကယ်မထိရောက်တာရောနဲ့ တော်ရုံသေချာ လိုက်မလုပ်ဖြစ်ကြပါဘူး။ တစ်ကိုယ်ရေ တစ်ကာယသမားတွေနဲ့ မိသားစုဝင်နည်းတဲ့ အိမ်တွေမှာဆို သိပ်ကရိကထ မများပေမဲ့ မိသားစုဝင်များတဲ့ အိမ်တွေမှာဆို ပိုအဝတ်များပြီး အမှန်တကယ် သန့်ရှင်းသပ်ရပ်စေဖို့ စနစ်ကျကျလျှော်ဖို့ ပိုလိုလာပါတယ်။ စက်နဲ့လျှော်တာအပြင် အဝတ်အစားပေါ်မူတည်ပြီး လက်နဲ့လျှော်သင့်တာတွေ ရှိတာမို့ အရင်ကထက် အချိန်ကုန်သက်သာပြီး ပိုလွယ်ကူ၊ ပိုသန့်ရှင်းစေတဲ့အပြင် အဝတ်တွေကြာကြာခံပြီး မပျက်စီးစေမယ့် လျှော်ဖွတ်ခြင်း နည်းလမ်းကောင်းတွေကို ကြည့်ကြည့်လိုက်ရအောင်။ 

အရောင်နဲ့ အသားတွေကို ခွဲခြားပါ 

အဝတ်မလျှော်ခင် အရင်ဆုံး လျှော်ရမယ့်အဝတ်တွေရဲ့ အရောင်တွေကို ခွဲခြားဖို့လိုပါတယ်။ အဓိက အဖြူရောင်၊ မီးခိုးရောင်နဲ့ တခြားအရောင်အနုတွေကို သပ်သပ်ခွဲကာ လက်နဲ့လျှော်နိုင်ရင် အကောင်းဆုံးဖြစ်ပြီး တခြားအရောင်ရင့်တွေကို ခွဲခြားပြီးလျှော်မှသာ အရောင်တွေစွန်းပြီး အင်္ကျီပျက်စီးတာကနေ ကာကွယ်နိုင်မှာပါ။  

မြန်မာဝတ်စုံအများစုဖြစ်တဲ့ ပိုးသား၊ ကတ္တီပါသားနဲ့ ဆွဲသားတွေစတဲ့ ပျက်စီးလွယ်တဲ့ အသားတွေကိုလည်း ခွဲလျှော်သင့်ပါတယ်။ နောက်ပြီး အဝတ်အစားတွေရဲ့ တံဆိပ်တွေမှာ ပါတတ်တဲ့ အဝတ်လျှော်နည်းကို အကြံပြုထားတဲ့ သင်္ကေတတွေကို လျစ်လျူမရှုထားသင့်ပါဘူး။ အခြောက်လျှော်ဖို့လိုတာ၊ လက်နဲ့လျှော်ဖို့လိုတာ စသဖြင့် သူ့လမ်းညွှန်တွေအတိုင်း သန့်ရှင်းပေးဖို့ လိုပါတယ်။   

စမလျှော်ခင် ဘာတွေဂရုစိုက်သင့်လဲ

အဝတ်ဟောင်းတွေ စုပြီး လျှော်ပြီဆိုတာနဲ့ ဒီတိုင်းပုံအောပြီး အဝတ်လျှော်စက်ထဲ ထည့်လိုက်တာမျိုးမဟုတ်ဘဲ အိတ်ကပ်တွေထဲမှာ ပိုက်ဆံ၊ ဘောက်ချာ၊ တစ်ရှူးစတွေနဲ့ တခြားထည့်ထားမိတတ်တဲ့ အရာတွေကို ဂရုစိုက်ပြီး ထုတ်လိုက်သင့်ပါတယ်။ မဟုတ်ရင် တစ်ရှူးစတွေဆို အထဲမှာ အကုန်ပျံ့ကြဲကုန်ပြီး တူတူလျှော်ထားတဲ့ တခြားအဝတ်တွေကိုပါ အဖြူစတွေ ရောကုန်နိုင်ပါတယ်။ ပိုက်ဆံတွေဆိုလည်း စုတ်ပြဲပြီး အသုံးပြုမရနိုင်တတ်လို့ ဂရုပြုပြီးထုတ်ထားသင့်တာပါ။ နောက်ထပ် အ‌ရေးကြီးတာက မလျှော်ခင် အဝတ်တွေကို အတွင်းဘက်လှန်ထားမှသာ အဝတ်က အသစ်အတိုင်း ကြာရှည်ခံပြီး သူ့အရည်အသွေးကို ထိန်းသိမ်းနိုင်မှာမို့ အဝတ်စ မလျှော်ခင် အဝတ်တွေအကုန် အတွင်းဘက်လှန်ထားမထား ဂရုပြုသင့်ပါတယ်။ 

မရှိမဖြစ် ပစ္စည်းများ 

အဝတ်လျှော်တဲ့အခါ အရေးကြီးဆုံး ဆပ်ပြာအမှုန့် သို့ အရည်က နည်းရင်လည်း မကောင်းသလို၊ များရင်လည်း မကောင်းပါဘူး။ အဝတ်တွေအတွက် သင့်လျော်မှန်ကန်ပြီး အရည်အသွေးကောင်းတဲ့ ဆပ်ပြာအမှုန့် သို့ အရည်ကို အသုံးပြုသင့်ပြီး ပမာဏကိုလည်း အညွှန်းအတိုင်း လိုအပ်သလောက်သာ ထည့်သင့်ပါတယ်။ သန့်ရှင်းချင်ဇောနဲ့ အများကြီးထည့်တာက ဆပ်ပြာကို အလဟဿ ဖြစ်စေပြီး အဝတ်တွေလည်း ပျက်စီးလွယ်တတ်ပါတယ်နေ်  

အဝတ်တွေ အစွန်းချွတ်တဲ့အခါမှာလည်း အစွန်းချွတ်ဆေးသုံးနိုင်သလို အိမ်သုံးဆားနဲ့လည်း အင်္ကျီတွေမှာ စွန်းပေတတ်တဲ့ အညစ်အထေးတွေကို အနည်းငယ် ပွတ်ပေးပြီး ဖယ်ရှားနိုင်တဲ့အပြင် အရောင်မကျအောင်လည်း ထိန်းသိမ်းပေးပါသေးတယ်။ နောက်ပြီး ရေအေးအသုံးပြုတာက အဝတ်တွေကျုံ့ခြင်းက ကာကွယ်နိုင်လို့ ပုံမှန်ဝတ်နေကျ အဝတ်အစားတွေမှာ အသုံးပြုလျှော်နိုင်ပြီး ရေနွေးကိုတော့ ပုံမှန်‌‌လျှော်ဖွတ်နေကျမဟုတ်တဲ့ စောင်၊ အိပ်ယာခင်းနဲ့ လိုက်ကာ စတာတွေကို အညစ်အထေးပြောင်စင်အောင် ရေနွေးစိမ်ပြီး လျှော်သင့်တာပါ။ 

အဝတ်ပျောက်ရှာပုံတော် 

လျှော်ထားတဲ့ အဝတ်တွေထဲ တခါတလေကျ အတွင်းခံ သို့ ခြေအိတ်တစ်ဖက်က ပျောက်နေတာ၊ ပဝါစလေး မတွေ့တော့တာ စသဖြင့် သေးသေးမွှားမွှား အဝတ်အထည်တွေ ‌ပျောက်ဖူးကြမှာပါ။ ဒီလိုဖြစ်တာက အဝတ်တွေ လျှော်ဖို့ ရွေ့ရင်းပြောင်းရင်း အဝတ်လျှော်စက်‌အောက် ရောက်ကုန်တာ၊ အဝတ်လျှော်စက်ရဲ့ အတွင်းအကန့်ကြားထဲ ကျကုန်တာ၊ လှန်းတဲ့အခါ ကလစ်မညှပ်မိပြီး အောက်ကျပြီးပျောက်တာ စသဖြင့် ထင်မထားတဲ့နေရာတွေမှာ ရောက်နေတတ်လို့ပါပဲ။ ဒါကြောင့်မို့ စမလျှော်ခင်တည်းက ခြေအိတ်၊ အတွင်းခံ စတာတွေကို လက်နဲ့သပ်သပ် သီးခြားလျှော်တာဖြစ်ဖြစ်၊ အဝတ်လျှော်စက်ထဲ ထည့်မယ်ဆို ပိုက်အိတ်ကလေးတစ်ခုထဲ အဝတ်အသေးတွေ ထည့်ပြီး လျှော်သင့်ပါတယ်။ လှန်းတဲ့အခါမှာလည်း ချိတ်၊ ကလစ်တို့နဲ့ သေချာမပျောက်ပျက်အောင် လှန်းမယ်ဆို အဝတ်ပျောက်ရှာပုံတော် မထွက်ရတော့ပါဘူး။   

 အခြောက်ခံပြီး သိမ်းဆည်းဖို့ရာ  

အဝတ်အစားတွေကို သေချာလျှော်ဖွတ်ပြီး နေရောင်နဲ့ အခြောက်ခံတာဖြစ်ဖြစ်၊ စက်နဲ့ အခြောက်ခံတာဖြစ်ဖြစ် ပြီးပြီဆိုရင်တော့ ခြောက်သွေ့သန့်ရှင်းနေတဲ့ အဝတ်တွေကို သေချာ ပြန်လည်သိမ်းဆည်းဖို့က အရေးကြီးဆုံးအပိုင်းပါပဲ။ အခြောက်ခံတဲ့အခါ ဒီတိုင်းအပြင်မှာ ပစ်ထားလိုက်ရင် ပူပြင်းတဲ့နေရောင်နဲ့ အင်္ကျီအရောင်တွေ လွင့်ကုန်တာလည်း ဖြစ်နိုင်တာကြောင့် နေလှန်းပြီး ခြောက်သွားတဲ့အဝတ်တွေကို ဒီတိုင်းမထားပဲ ချက်ချင်းရုတ်ပေးသင့်ပါတယ်။ ပြီးရင် သပ်သပ်ရပ်ရပ်ခေါက်ထားလိုက်မယ်ဆို ကြေမွတာတွေလည်း သက်သာပြီး အိမ်မှာ အင်္ကျီတွေလည်း ပွမနေ‌တော့ပါဘူး။ ‌ခေါက်ရခက်တဲ့ အဝတ်အစားတွေ၊ ကြေလွယ်တဲ့အဝတ်တွေကိုတော့ ချိတ်နဲ့ လှန်းထားလိုက်ပြီး မီးပူတိုက်ဖို့လိုအပ်တဲ့ အဝတ်အစားတွေကိုမှ မီးပူထိုးပေးဖို့ လိုမှာပါ။ 

 ဒါဆိုရင် အဝတ်လျှော်နည်းလမ်းတွေနဲ့ ပတ်သတ်ပြီး အသုံးဝင်စေမယ့် အချက်အချို့ကို ပြောပြပေးလိုက်ပြီဆိုတော့ အိမ်မှုကိစ္စတွေ ပိုမို အဆင်ပြေလာစေဖို့ မျှော်လင့်ပါတယ်နော်။  ဒါကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လျှော်နည်းအမှားတွေကို ပြင်ဆင်ရင်း သန့်ရှင်းတောက်ပြောင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်လိုက်ရ‌‌‌‌‌အောင်ပါ။ 


Share

Related Posts