
ပြီးခဲ့တဲ့ အပိုင်း (၃) မှာတော့ စိတ်ရောဂါတွေရဲ့ အုတ်ချပ်တွေလို့ တင်စားခဲ့တဲ့ လက္ခဏာတွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ တကယ်လို့ အဲဒီအဆင့်မှာ မရပ်တန့်ခဲ့ဘူးဆိုရင်တော့ ဒီနေ့မှာ ဆွေးနွေးသွားမယ့် Disorder လို့ ခေါ်တဲ့ ကစဉ့်ကလျား စိတ်ဒဏ်ရာ ဒါမှမဟုတ် စိတ်ရောဂါတွေဆီကို ရောက်ရှိလာမှာဖြစ်ပါတယ်။
Disorder တွေအကြောင်းမပြောခင်မှာ အရင်ဆုံး Disorder ရယ်လို့ ဘယ်အချိန်မှာ သတ်မှတ်သလဲဆိုတာကို ပြောပြချင်ပါတယ်။ တကယ်တော့ အပိုင်း (၃) မှာပြောခဲ့တဲ့ စိတ်ဒဏ်ရာ လက္ခဏာတော်တော်များများက Disorder အဆင့်မှာလည်း ဆက်ပြီးပါဝင်နေပါတယ်။ ကွာခြားသွားတာကတော့ အချိန်ကာလနဲ့ ပြင်းထန်မှုပါ။ မြင်သာအောင် ဥပမာလေးတစ်ခုနဲ့ ပြောပြပါမယ်။
လူတစ်ယောက်က ယာဥ်တိုက်မှုတစ်ခုကို ကြုံခဲ့ရပြီး တစ်ပတ်လောက်ထိ အဲဒီဖြစ်ရပ်ကို အိပ်မက်ဆိုးတွေမက်နေတယ်ဆိုရင် ဒါက အဆင့် (၃) လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်လောက်ကြာတဲ့အထိ အိပ်မက်ဆိုးတွေမက်နေတယ်၊ အိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ ဒါက အဆင့် (၄) စိတ်ရောဂါအခြေအနေ၊ Disorder တစ်ခုဖြစ်နေပါပြီ။
ဒီလို Disorder တွေကို စိတ်ဒဏ်ရာဖြစ်စေတဲ့ ဖြစ်ရပ်တွေအပြီးမှာ ဖြစ်လာတဲ့ စိတ်ဖိစီးမှုလွန်ကဲအခြေအနေ ဒါမှမဟုတ် Post-Traumatic-Stress-Disorder (PTSD) တွေလို့ ခေါ်ပါတယ်။
Post-Traumatic-Stress-Disorder (PTSD) နှစ်မျိုး
PTSD မှာဆိုရင် ရိုးရိုး PTSD နဲ့ ရှုပ်ထွေးတဲ့ Complex-PTSD ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီနှစ်မျိုးရဲ့ အဓိက ကွဲပြားချက်ကတော့ အပိုင်း (၁) မှာ ပြောခဲ့တဲ့ ဖြစ်ရပ်တွေပေါ်မူတည်နေပါတယ်။ တစ်ခုတည်းသောဖြစ်ရပ် တွေမှာဆိုရင် ရိုးရိုး PTSD အခြေအနေကို ရောက်နိုင်ပြီး ရှုပ်ထွေးပေါင်းစပ်ဖြစ်ရပ် တွေမှာဆိုရင်တော့ C-PTSD အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။
ရောဂါလက္ခဏာများ
PTSD ရဲ့ အဓိက လက္ခဏာတွေမှာတော့ စိတ်ဒဏ်ရာရစေခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး မကြာခဏ ပြန်မြင်ယောင်တာ၊ အိပ်မက်ဆိုးမက်တာ၊ အိပ်မပျော်တာ၊ အလွန်အမင်း စိတ်ဖိစီးမှုဖြစ်တာတွေအပြင် အပိုင်း (၃) မှာပြောခဲ့တဲ့ အဆက်ပြတ်ခြင်း၊ အလွန်အကြူးနိုးကြားတုန့်ပြန်ခြင်း၊ ရှောင်ဖယ်ခြင်းနဲ့ မကောင်းမြင်ခြင်း လက္ခဏာတွေအကုန်လုံးက ပိုမိုပြင်းထန်လာလေ့ရှိပါတယ်။
C-PTSD မှာဆိုရင်တော့ အဲဒီလက္ခဏာတွေအပြင် လွန်ကျူးတဲ့ခံစားချက်တွေကို ဘယ်လိုမှ ထိန်းချုပ်လို့မရတာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှာမရဘဲ ဘဝကို အဆုံးသတ်ဖို့ပဲ တွေးနေမိတာ၊ လူတွေကို လုံးဝရှောင်ရှားတာ ဒါမှမဟုတ် နှိပ်စက်ညှင်းပန်းတတ်တဲ့ ဆက်ဆံရေးမျိုးတွေကိုပဲ တည်ဆောက်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလက္ခဏာတွေကိုတော့ “ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုပျက်ပြားခြင်း” ဒါမှမဟုတ် Disturbances in Self-Organization (DSO) လို့ ခေါ်ပါတယ်။
အခြားစိတ်ရောဂါများ
PTSD နဲ့ C-PTSD တွေအပြင် တခြားဖြစ်လာနိုင်တဲ့ စိတ်ကစဉ့်ကလျားရောဂါတွေလည်း ရှိပါသေးတယ်။ အဲဒီထဲက ထင်ရှားတဲ့တချို့ကို ပြောရမယ်ဆိုရင်တော့ အတိတ်မေ့ရောဂါ (Amnesia)၊ လူတစ်ယောက်တည်းမှာ ပုံစံမတူတဲ့စိတ်တွေရှိနေတဲ့ Dissociative Identity Disorder (DID)၊ အခြေအနေတစ်ခုတည်းမှာ တည်တည်ငြိမ်ငြိမ်ရှိဖို့ ခက်ခဲတဲ့ Borderline Personality Disorder (BPD) တို့ပဲဖြစ်ပါတယ်။ အဲဒီရောဂါတွေအကြောင်းကိုတော့ သီးခြား ဆွေးနွေးသွားပါမယ်။
ထရော်မာများကို ကျော်ကာလွှားနိုင်ဖို့
ရှေ့ပိုင်းအဆင့်တွေကနေ ကုစားဖို့တွက်တော့ အရင်အပိုင်းတွေမှာ ပြောပြခဲ့ပြီးဖြစ်ပါတယ်။ ထရော်မာတွေရဲ့ အခက်ခဲဆုံးဖြစ်တဲ့ အဆင့် (၄) ကို ကျော်လွှားဖို့ဆိုရင်တော့ လိုအပ်တာက အချိန်ပါပဲ။ စိတ်ရောဂါကုပညာရှင်တွေနဲ့ ဆွေးနွေးကုသမှုကို နှစ်ရှည်ပုံမှန်လုပ်သွားဖို့ လိုအပ်သလို တချို့သောလက္ခဏာတွေအတွက် သောက်ဆေးတွေလည်း ပေးလေ့ရှိကြပါတယ်။ ယေဘုယျအားဖြင့် စိတ်ကို တည်ငြိမ်လာအောင် အရင်တည်ဆောက်ပေးပြီးမှ စိတ်ဒဏ်ရာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အသားကျလာအောင် လေ့ကျင့်ယူရပါတယ်။ အဲဒီနောက်မှ စိတ်ကို ပြန်လည်ထူထောင်ဖို့အတွက်နဲ့ ဘဝကို ရှေ့ဆက်လျှောက်ဖို့ ပံ့ပိုးပေးကြရပါတယ်။
ဘယ်အဆင့်မှာမဆို အရေးအကြီးဆုံးအရာကတော့ ဘေးနားက မိသားစု၊ သူငယ်ချင်းတွေရဲ့ နွေးထွေးမှု၊ လုံခြုံမှုနဲ့ ဖေးမကူညီမှုတွေပါပဲ။ ဒါကြောင့် ထရော်မာတွေကို ကျော်လွှားနိုင်ဖို့ အရေးအကြီးဆုံးသော့ချက်က မေတ္တာတရားဖြစ်ပြီး လွတ်မြောက်ဖို့အတွက် တံခါးကတော့ ထရော်မာတွေအကြောင်း သေချာသိထားခြင်းပါပဲ။ တံခါးရှိရာကို ပြောပြရင်း လူတိုင်း စိတ်ဒဏ်ရာတွေကနေ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Comments