
ပြီးခဲ့တဲ့ အပိုင်း (၂) မှာ ထရော်မာတွေရဲ့ ပထမဆုံးစမ်းသပ်မှုလို့ တင်စားခဲ့တဲ့ တုန့်ပြန်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာပြောခဲ့သလိုပဲ အဆင့် (၂) ကို မကျော်လွှားနိုင်ခဲ့ဘူးဆိုရင်တော့ ဒီနေ့ဆွေးနွေးသွားမယ့် အဆင့် (၃) ကို ရောက်ရှိလာမှာပါ။ ဒီအဆင့်မှာဆိုရင်တော့ မူမမှန်တဲ့ နောက်ဆက်တွဲလက္ခဏာတွေ ပိုဖြစ်လာပြီး အဲဒါတွေက Disorder လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားအခြေအနေ ဒါမှမဟုတ် စိတ်ရောဂါတွေဖြစ်လာနိုင်တဲ့ အုတ်ချပ်တွေလည်း ဖြစ်ပါတယ်။
အဆင့် (၃) မှာ ဖြစ်တတ်တဲ့ စိတ်အခြေအနေ၊ လက္ခဏာတွေကို ယေဘုယျအားဖြင့် လေးမျိုးခွဲခြားလို့ရပါတယ်။ အမည်အားဖြင့်ဆိုရင်တော့ အဆက်ပြတ်ခြင်း (Dissociation)၊ အလွန်အကြူးနိုးကြားတုန့်ပြန်ခြင်း (Hyperarousal & Reactivity)၊ ရှောင်ဖယ်ခြင်း (Avoidance) နဲ့ မကောင်းမြင်ခြင်း (Negative Cognitions) ဆိုပြီး မှတ်နိုင်ပါတယ်။
၁။ အဆက်ပြတ်ခြင်း (Dissociation)
အဆက်ပြတ်တယ်ဆိုတဲ့နေရာမှာ ခံစားချက်တွေနဲ့ အဆက်ပြတ်တာ၊ မှတ်ဉာဏ်တွေ အဆက်ပြတ်တာ၊ လက်တွေ့ကမ္ဘာကြီးနဲ့ အဆက်ပြတ်တာ၊ ကိုယ့်ကိုယ်ကိုယ် အဆက်ပြတ်တာဆိုတဲ့ အခြေအနေလေးခုကို တွေ့ရလေ့ရှိပါတယ်။ ခံစားချက်တွေနဲ့ အဆက်ပြတ်တာကတော့ ရှင်းပါတယ်။ ငိုလည်းမငို၊ ရယ်လည်းမရယ်၊ ဘာမှမခံစားရတဲ့ အခြေအနေမျိုးပါ။ မှတ်ဉာဏ်တွေ အဆက်ပြတ်တာကတော့ အများအားဖြင့် Traumatic Event တွေဖြစ်တဲ့ အချိန်အပိုင်းအခြားက မှတ်ဉာဏ်တွေ ပျောက်သွားတာမျိုး ဖြစ်လေ့ရှိပါတယ်။ လက်တွေ့ကမ္ဘာကြီးနဲ့ အဆက်ပြတ်တာကတော့ ကမ္ဘာကြီးဟာ တကယ်မရှိသလို ခံစားရတာမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် အဆက်ပြတ်တာကတော့ ကိုယ်က ဘယ်သူမှန်း၊ ကိုယ်ဘာလုပ်နေပြီး ဘယ်ရောက်နေမှန်းကို မသိတော့တာမျိုး ဖြစ်ပါတယ်။
၂။ အလွန်အကြူးနိုးကြားတုန့်ပြန်ခြင်း (Hyperarousal & Reactivity)
ဒီအခြေအနေရဲ့ လက္ခဏာတွေမှာတော့ အချိန်ပြည့် ကျီးလန့်စာစားဖြစ်နေတာ၊ ထိတ်လန့်လွယ်တာ၊ အိပ်မပျော်တာ၊ အိပ်ပျော်ရင်လည်း အိပ်မက်ဆိုးတွေပဲ မက်တာ၊ စိတ်တိုပြီး ပေါက်ကွဲလွယ်တာ၊ ဘယ်အရာကိုမှ အာရုံကောင်းကောင်းမစိုက်နိုင်တာတွေ ဖြစ်လေ့ရှိပါတယ်။
၃။ ရှောင်ဖယ်ခြင်း (Avoidance)
ရှောင်ဖယ်တယ်ဆိုတဲ့နေရာမှာတော့ နှစ်မျိုးရှိပါတယ်။ ပြင်ပမှာဆိုရင် ထရော်မာနဲ့ပတ်သက်တဲ့ နေရာတွေ၊ လူတွေကိုအပြင် နာမည်နဲ့ စကားလုံးတွေကိုပါ စကားဝိုင်းတွေထဲ ရှောင်ရှားတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလို ပြင်ပမှာတင်မကဘဲ စိတ်ထဲမှာလည်း ထရော်မာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မတွေးမိအောင် တစ်ယောက်တည်းအမြဲတမ်း တိုက်ပွဲဝင်နေရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဒီအချက်က အဆင့် (၃) မှာ အဆိုးဆုံးလို့ ပြောလို့ရပါတယ်။
၄။ မကောင်းမြင်ခြင်း (Negative Cognitions)
ဒီအခြေအနေမှာတော့ မကောင်းတဲ့အတွေးတွေက အမြဲတမ်းကြီးစိုးလာပြီး ကိုယ့်ကိုယ်ကိုယ် “ငါက အသုံးမကျဘူး”၊ ပတ်ဝန်းကျင်ကို “လူတွေဆိုတာ ဘယ်သူ့ကိုမှ ယုံလို့မရဘူး”၊ ဒါမှမဟုတ် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် “ဒီကမ္ဘာကြီးက အန္တရာယ်ကြီးပဲ” ဆိုတဲ့ မကောင်းမြင်စိတ်တွေပဲ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အပြစ်တင်နေတာမျိုးတွေ၊ ဝမ်းနည်းတာ၊ ကြောက်ရွံ့တာ၊ ဒေါသထွက်တာ စတဲ့ မကောင်းတဲ့ခံစားချက်တွေပဲ အမြဲဝင်နေတာမျိုးတွေအပြင် Anhedonia လို့ခေါ်တဲ့ ဘယ်လိုနည်းနဲ့မှ စိတ်ကျေနပ်မှုလုံးဝမရရှိတဲ့ ခံစားချက်မျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလက္ခဏာတွေကလည်း အဆင့် (၂) တုန်းက Survival Instincts တွေလိုပဲ တစ်ခုတည်းမဟုတ်ဘဲ အားလုံးစုပေါင်းပြီး ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် တော်တော်များများ လက္ခဏာတွေက မမြင်ရတဲ့ စိတ်ဒဏ်ရာအမာရွတ်တွေလိုဖြစ်နေပြီး ကာယကံရှင်ကိုယ်တိုင် ပြောပြမှပဲ သိနိုင်တာမျိုးဖြစ်နေတာကို သတိထားမိမှာပါ။ အဲဒါကြောင့်လည်း ဒီအဆင့်ကိုရောက်လာပြီဆိုရင် ပိုပြီး ကုစားရခက်လာတာပါ။ ဥပမာ ကိုယ်က ဘေးလူတစ်ယောက်အနေနဲ့ ရင်ဖွင့်နားထောင်ပေးချင်ရင်တောင် သူက Avoidance ရှိနေရင် ပြောပြဖို့ရှောင်ရှားနေပြီး တစ်ယောက်တည်းခံစားနေပါလိမ့်မယ်။
ကုစားခြင်း
ဒါကြောင့် ဒီအဆင့်မှာ အရေးကြီးဆုံးကတော့ ကာယကံရှင်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ခံနိုင်ရည်စွမ်း (Coping Capacity) ကို ပြန်ပြီးတည်ဆောက်ဖို့ အရေးကြီးပါတယ်။ အဲဒါမှသာ အဆိုးဆုံးနဲ့ အဓိကကျတဲ့ လက္ခဏာ Avoidance ကို ကျော်ဖြတ်နိုင်ပြီး ကျန်တာတွေ ရှေ့ဆက်ဖို့ လွယ်ကူမှာပါ။
ဒီအတွက်တော့ ကာယကံရှင်ကိုယ်တိုင်အနေနဲ့ ထရော်မာနဲ့ပတ်သက်တဲ့ နေရာတွေ၊ လူတွေ၊ စကားလုံးတွေကို မရှောင်ဖယ်မိတော့ဘဲ နေသားကျသွားအောင် ဖြည်းဖြည်းချင်း ထိတွေ့ဖို့လိုပါတယ်။ ဒီလိုအချိန်မှာ ဘေးက ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ အမြဲဆွေးနွေးပေးဖို့ လိုအပ်သလို မိသားစု၊ သူငယ်ချင်းတွေရဲ့ အကူအညီလည်း လိုအပ်ပါလိမ့်မယ်။
ကိုယ်က အဲဒီမိသားစုဝင်၊ သူငယ်ချင်းဖြစ်ခဲ့ရင်တော့ ကာယကံရှင်ကို ပစ္စုပ္ပန်က ကောင်းတဲ့အရာတွေကို ပြသပြီး အတိတ်က အဖြစ်ဆိုးတွေကို ဖြည်းဖြည်းချင်း နေသားကျအောင် ကူညီပေးရပါမယ်။ သူ့ကို မေတ္တာတွေ ပိုပေးဖို့လိုသလို ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာအောင်လည်း ပြောပြဖို့ လိုပါတယ်။ စိတ်ဒဏ်ရာတွေအတွက် အကောင်းဆုံးဆေးဟာ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။
အဆင့် (၃) ဟာ ခက်ခဲပေမဲ့ ဒီအဆင့်မှာတင် ရပ်တန့်သွားလို့ရပါတယ်။ မရပ်တန့်နိုင်ခဲ့ဘူးဆိုရင်တော့ အခက်ခဲဆုံးဖြစ်တဲ့ စိတ်ကစဉ့်ကလျားရောဂါတွေနဲ့အတူ အဆင့် (၄) ကို ရောက်ရှိသွားပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့ နောက်ထပ်လာမယ့် အပိုင်း (၄) မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Comments