ကောင်းကျိုးဝေဖြာ စိတ်ခန္ဓာ ယောဂအတူတူ လေ့ကျင့်ပါ

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း, စိတ်ကျန်းမာရေး

အခုနောက်ပိုင်း နှစ်တွေမှာ ယောဂလေ့ကျင့်ခန်းဟာ မြန်မာနိုင်ငံမှာ တဖြေးဖြေးပိုမိုရေပန်းစားလာခဲ့ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး အထိုင်များတဲ့ လူနေမှုပုံစံကို ဖြေရှင်းဖို့အတွက် အလွန်သင့်လျော်တဲ့ အားကစားတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာလည်း ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းရဲ့ ကျန်းမာရေးကို အကောင်းဆုံးအထောက်အကူ ပြုတဲ့အပြင် လေ့ကျင့်သူတွေအတွက် လွယ်ကူအဆင်ပြေတာကလည်း ယောဂကို လူကြိုက်များစေရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်တည်း မိမိအိမ်မှာ စိတ်ကြိုက် စကားလို့ရသလို၊ အွန်လိုင်းဆက်ရှင်တွေ၊ လူကိုယ်တိုင် အဖွဲ့လိုက်လေ့ကျင့်ရတဲ့ သင်တန်းတွေကိုလည်း ဝင်ရောက်ပါဝင်လို့ရတာကြောင့် အားလုံးအတွက် အဆင်ပြေတဲ့ ကစားနည်းလေးတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ယောဂဟာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ခေတ်ကာလနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် တဖန်ပြန်လည် ဆန်းသစ်လာတာဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် စိတ်ဖိစီးမှုများပြားလှတဲ့ ယခုခေတ်မှာ စိတ်ဝိဉာဉ်အတွက်ရော ကိုယ်ခန္ဓာအတွက်ပါ ကောင်းကျိုးတွေယူဆောင်ပေးတဲ့ ယောဂရဲ့ အကျိုးကျေးဇူးလေးတွေကို ကြည့်လိုက်ရအောင်နော်။ 

(၁) သစ်ပင်ပမာ လျှော့ချပါ၊ စိတ်ဖီးစီးမှု ကင်းဝေးမှာ 

စိတ်ဖိစီးမှုများနေရင် ယောဂဆော့ကြည့်ပါလားလို့ လူပြောများပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ တရားရှူမှတ်ခြင်း နည်းစနစ်တွေကို ယောဂကိုယ်ဟန်လေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ ခံစားချက်ကို ရရှိနိုင်တာ အမှန်ပါပဲ။ အဲဒီထဲကမှ Vrikshasana လို့ခေါ်တဲ့ သစ်ပင်ကိုယ်ဟန်လေးဟာ ကိုယ်ခန္ဓာရဲ့ ဟန်ချက်ကိုရော အာရုံစူးစိုက်မှုကိုပါ အကျိုးပြုလို့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျော့ကျစေတာပေါ့။ မိမိကိုယ်ကိုယ် သစ်တစ်ပင်လို မတ်မတ်ရပ်နေရင်း၊ ဝင်သက်ထွက်သက်မှာ အာရုံပြုထားလိုက်တဲ့အခါ စိုးရိမ်သောကတွေ လေထဲလွင့်ပါပျောက်ကွယ်သွားတာကို ခံစားနိုင်မှာပါ။ 

(၂) ငြိမ်သက်လဲလျောင်း အိပ်မက်ကောင်း 

ယောဂဆော့ရင် ကောင်းမွန်စွာအိပ်စက်ဖို့ အထောက်ကူအပြုတာ အမှန်ပါပဲ။ အဲဒီထဲကမှ Savasana ခေါ် ရုပ်ကလာပ်ကိုယ်ဟန်ကတော့ အိပ်စက်ခြင်းအတွက် အကောင်းဆုံး အဖော်မွန်ပဲလေ။ ကျောကို ကြမ်းပြင်မှာ ကပ်ပြီး လဲလျောင်းလို့ ကိုယ်ခန္ဓာကို ဖြေလျှော့ပြီး အသက်ရှုတာကို အာရုံပြုထားပါ။ ဒီကိုယ်ဟန်ဟာ ကိုယ်ခန္ဓာရဲ့ တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်ရုံမက စိတ်သန္တာန်ကိုလည်း အေးချမ်းမှုရရှိစေပါတယ်။ အထူးသဖြင့် အိပ်ယာမဝင်မီ Savasana ကိုယ်ဟန်ကို လေ့ကျင့်ပေးခြင်းဖြင့် နှစ်ခြိုက်ပြည့်၀စွာ အိပ်မောကျစေနိုင်ပြီး မနက်လင်းတာနဲ့ လန်းဆန်းတက်ကြွမှုတွေ ရရှိနေစေမှာပါ။ 

(၃) သွေးလည်ပတ်မှုအားကောင်းပြီး စိတ်လက်ကြည်လင်ခြင်း

ယောဂလေ့ကျင့်တဲ့အခါ ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေဖို့ ခွန်အားပိုမိုပြည့်၀ပြီး စိတ်လက်သန့်စင်စေပါတယ်။ နေမင်းကိုဦးခိုက်တဲ့သဏ္ဍာန် "Adho Mukha Svanasana," ကိုယ်ဟန်က ဦးနှောက်ဆီ သွေးစီးဆင်းမှုကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ပါးစေပါတယ်။ ဒီပို့စ်လေးကို မိမိရဲ့ ယောဂလေ့ကျင့်ခန်းစာရင်းထဲမှာ ထည့်သွင်းလေ့ကျင့်မယ်ဆိုရင်တော့ တက်ကြွမှုတွေနဲ့အတူ စိတ်လက်ကြည်လင်စေမှာ အသေအချောပါပဲ။  

ယောဂပို့စ်လေးအချို့နဲ့ သူတို့နဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရပြီဆိုတော့ ယောဂနဲ့ပတ်သက်လို့ အများအထင်မှားနေတဲ့ အချက်လေးတွေကိုလည်း ကြည့်လိုက်ရအောင်နော်။ 

(၁) ယောဂလေ့ကျင့်ခန်းဟာ မိန်းကလေးတွေအတွက် ဖြစ်တယ်

ဒါကတော့ လူတိုင်းနီးပါး အထင်မှားနေကြတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်လောက်များလဲဆို အချို့အမျိုးသားတွေအနေနဲ့ ယောဂလေ့ကျင့်ဖို့ ရှက်ရွံ့ကြရတဲ့အထိ ဖြစ်ပါတယ်။ တကယ်တော့ ယောဂဟာ မည်သည့်လိင်အမျိုးအစားမဆို အတူတူလေ့ကျင့်နိုင်တဲ့ အများနဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဟန်အနေအထားတွေ၊ ပို့စ်တွေလည်း အခြေခံမှအစ အဆင့်မြင့်အထိ စုံစုံလင်လင်ပါရှိပြီး ညင်သာပျော့ပြောင်းတဲ့ လေ့ကျင့်ခန်းမှသည် ခက်ခဲပြင်းထန်တဲ့အဆင့်အထိ ပါဝင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ယောဂလေ့ကျင့်ဖို့ မနှောင့်နှေးသင့်ပါဘူးနော်။ 

(၂) ယောဂလေ့ကျင့်ဖို့ အကြောပျော့ဖို့ လိုတယ်

ယောဂလေ့ကျင့်ဖို့ဆိုရင် ယခင်ကတည်းက အကြောတွေ ပျော့ပြောင်းနေဖို့လိုတယ်၊ အဲဒီလို ပျော့နေမှ ယောဂလေ့ကျင့်လို့ရမယ်လို့ အများက ထင်မြင်တတ်ကြပါတယ်။ ဒါလည်း မှားယွင်းတဲ့အမြင်ဖြစ်ပါတယ်။ တကယ်တော့ ယောဂဟာ တဖြည်းဖြည်းတိုးတက်လာအောင် ကိုယ်တိုင်လေ့ကျင့်ယူရတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ မိမိစွမ်းဆောင်နိုင်သလောက် အနေအထားကနေ စတင်ပြီး တဖြည်းဖြည်းနဲ့ ပျော့ပြောင်းမှုကို တိုးတက်သွားအောင် လေ့ကျင့်ရမှာဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်နိုင်စေခြင်းကပဲ ယောဂရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ 

(၃) ယောဂဟာ ရုပ်ပိုင်းဆိုင်ရာ သက်သက်ဖြစ်တယ်

Asana လို့ခေါ်တဲ့ ယောဂကိုယ်ဟန်တွေဟာ ယောဂကျင့်စဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ ယောဂဟာ ဒီလိုရုပ်ပိုင်ဆိုင်ရာတွေချည်းသက်သက်မဟုတ်ဘဲ အခြားအရေးပါတဲ့အစိတ်အပိုင်းတွေလည်း ပါဝင်ပါသေးတယ်။ ကျင့်ဝတ်၊ တရားရှုမှတ်ခြင်း၊ အသက်ရှူခြင်းကို အာရုံပြုသိမှတ်ခြင်း စတဲ့ စည်းမျဉ်းနည်းနာတွေလည်း ပေါင်းစည်းပါဝင်နေတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ယောဂဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက၊ ပိုမိုသဟာဇာတဖြစ်တဲ့ ဘ၀နေထိုင်မှုပုံစံကို ပေးစွမ်းနိုင်ပါတယ်။ 

ဒါကြောင့် ယောဂလေ့ကျင့်ခန်းဟာ လူတိုင်းအတွက်သင့်လျော်ပြီး အကျိုးထိရောက်တဲ့ အားကစားအဖြစ် ယခုအခါ အလွှာအမျိုးမျိုးက မြန်မာပြည်သူတွေကြား ရေပန်းစားလျက်ရှိပါတယ်။ စိတ်ဖိစီးမှုလျှော့ချခြင်း၊ အိပ်ပျော်စားဝင်ခြင်း၊ သွေးလည်ပတ်မှုအားကောင်းခြင်းတို့အပြင် ပုံမှန်ထက် နေထိုင်လို့ပိုကောင်းတဲ့ ခံစားချက်ကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ယောဂနဲ့ပတ်သက်တဲ့ အထင်မှားတွေကိုလည်း ရှောင်ရှားနိုင်ပြီး အသေအချာလေ့ကျင့်လို့ ယောဂရဲ့ အကျိုးကျေးဇူးတွေ အားလုံးပဲ ခံစားနိုင်ကြပါစေ။ အခုပဲ ယောဂလေ့ကျင့်ခန်းလေး အတူတူလေ့ကျင့်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းဆီ ပထမဆုံးခြေလှမ်းလေးကို စတင်လိုက်စို့နော်။ 


Share

Related Posts