ဘယ်လိုအရာမျိုးကို စိတ်ဒဏ်ရာလို့ ခေါ်နိုင်သလဲ?

Posted in စိတ်ကျန်းမာရေး


ထရော်မာ (Trauma) ဆိုတဲ့ စကားလုံးကို ဒီဘက်ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကို မြင်ရပါတယ်။ ထရော်မာ ဒါမှမဟုတ် စိတ်ဒဏ်ရာ ဆိုတဲ့အရာဟာ တကယ်တမ်း ဘာကိုခေါ်တာလဲ၊ ဘယ်လိုအရာမျိုးကို စိတ်ဒဏ်ရာလို့ သတ်မှတ်နိုင်သလဲ ဆိုတာကတော့ အဖြေတစ်ခုတည်း ပေးဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ထရော်မာလို့ သတ်မှတ်ဖို့အတွက် စိတ်ဒဏ်ရာဖြစ်စရာ အဖြစ်အပျက်တွေ၊ စိတ်ခံစားမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေ အားလုံးပါဝင်ပတ်သက်နေတာကြောင့်ပါ။

စိတ်ဒဏ်ရာတွေဆိုတာက ကုစားဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရဲ့ အရင်းအမြစ်ကို သေချာသိမှ ကုသမှုအမှန်ကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီနေ့ အပိုင်း (၁) အနေနဲ့ ထရော်မာတွေရဲ့ အစဦးဆုံးအဖြစ်အပျက်တွေအကြောင်းကို ဆွေးနွေးကြည့်ရအောင်။

ထရော်မာ စကြဝဠာများ မွေးဖွားရာ မဟာပေါက်ကွဲမှုများ

Big Bang သီအိုရီမှာ စကြဝဠာကြီးရဲ့ အစအဦးဆုံးက မဟာပေါက်ကွဲမှုကြီးနဲ့ အစပြုခဲ့သလိုပဲ ထရော်မာတွေမှာလည်း အဲဒီလိုပေါက်ကွဲမှုကြီးတွေ ရှိပါတယ်။ တချို့အခြေအနေတွေမှာ တစ်ခုတည်းဖြစ်ပြီး တချို့မှာတော့ တစ်ခုထက်မက ရှိတတ်ပါတယ်။ အဲဒီအပေါ်ကို မူတည်ပြီး ယေဘုယျအားဖြင့် စိတ်ဒဏ်ရာဖြစ်စေတဲ့ ဖြစ်ရပ် (Traumatic Event) တွေကို တစ်ခုတည်းသောဖြစ်ရပ်၊ ‌ရေရှည်အထပ်ထပ်ဖြစ်ရပ်များ နဲ့ ရှုပ်ထွေးပေါင်းစပ်ဖြစ်ရပ်များ ဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။ အဲဒီလိုဖြစ်ရပ်နဲ့လိုက်ပြီး စိတ်ဒဏ်ရာတွေကိုတော့ ရုတ်တရက်ပြင်းထန်သော စိတ်ဒဏ်ရာ၊ နာတာရှည်စိတ်ဒဏ်ရာနဲ့ ရှုပ်ထွေးသော စိတ်ဒဏ်ရာ ဆိုပြီး သတ်မှတ်လို့ရပါတယ်။

၁။ တစ်ခုတည်း‌သောဖြစ်ရပ် (ရုတ်တရက်ပြင်းထန်သော စိတ်ဒဏ်ရာ)

ဒီလိုဖြစ်ရပ်တွေမှာတော့ စိတ်ထိခိုက်စရာ အဖြစ်အပျက်ကို တစ်ကြိမ်တည်းမှာပဲ ပြင်းပြင်းထန်ထန်ကြုံတွေ့လိုက်ရတဲ့အတွက် ရုတ်တရက်ဆိုသလို စိတ်ဒဏ်ရာကြီးကြီးမားမားရသွားနိုင်တာမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေက ထူးခြားပြီး အချိန်အတိုင်းအတာအားဖြင့် တိုတောင်းလေ့ရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ ပြီးခဲ့တဲ့နွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ ငလျင်ကြီးလို သဘာဝဘေးအန္တရာယ်တွေကို ကိုယ်တိုင်ခံစားလိုက်ရတာမျိုး၊ ယာဥ်တိုက်မှုတစ်ခုက ကိုယ့်ရှေ့မှာတင် ဖြစ်သွားတာမျိုးပါ။

၂။ ရေရှည်အထပ်ထပ်ဖြစ်ရပ်များ (နာတာရှည်စိတ်ဒဏ်ရာ)

ရေရှည်အထပ်ထပ်ဖြစ်ရပ်တွေဆိုတာကတော့ နာမည်အတိုင်းပဲ ရေရှည်ဖြစ်နေတဲ့၊ ထပ်တလဲလဲဖြစ်နေတဲ့ စိတ်ထိခိုက်စရာ၊ စိတ်ဆင်းရဲစရာ ဖြစ်ရပ်တွေပါ။ ဒီလိုဖြစ်ရပ်တွေမှာတော့ အစအဆုံးရယ်လို့ မရှိဘဲ ရုန်းထွက်ဖို့ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် ကိုရီးယားကားတွေထဲမှာ ပြလေ့ရှိတဲ့ ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးတွေ၊ ခက်ခဲတဲ့ဆေးကုသမှုမျိုးကို အချိန်ကြာကြာခံယူနေရတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

၃။ ရှုပ်ထွေးပေါင်းစပ်ဖြစ်ရပ်များ (ရှုပ်ထွေးသောစိတ်ဒဏ်ရာ)

ဒီလိုဖြစ်ရပ်တွေရဲ့ ထူးခြားချက်ကတော့ လူတစ်ယောက်ယောက်က ကိုယ့်အပေါ်လုပ်တဲ့ အရာတွေဖြစ်ပြီး အဲဒီလူအပေါ်ကိုလည်း ကိုယ်က တစ်နည်းနည်းနဲ့ အမှီသဟဲပြုနေရတာမျိုးပါ။ ဒါကြောင့်ဖြစ်ရပ်တွေက ရှုပ်ထွေးသလို အများအားဖြင့် ငယ်စဉ်ကတည်းက ကြုံတွေ့ရတာမျိုး ဖြစ်လေ့ရှိပါတယ်။ အထင်ရှားဆုံးဥပမာပြရမယ်ဆိုရင်တော့ ကိုယ့်မိသားစုနဲ့ပတ်သက်ပြီး ငယ်ကတည်းက ရင်ဆိုင်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာမျိုးတွေပါ။

ဒါကတော့ ယေဘုယျအားဖြင့် ခွဲခြားလို့ရတဲ့ဖြစ်ရပ်အမျိုးအစားတွေပါ။ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ အမျိုးအစားတစ်ခုတည်းမဟုတ်ဘဲ ရောနှောပါဝင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

မတူညီတဲ့ ခံနိုင်ရည်စွမ်းများ

အပိုင်း (၁) ကို ဒီအကြောင်းနဲ့ အဆုံးသတ်ပါရစေ။ ထရော်မာရယ်လို့ ဖြစ်လာရခြင်းမှာ ခံနိုင်ရည်စွမ်း (Coping Capacity) ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းကို ကျော်လွန်သွားတဲ့ဖြစ်ရပ်ကို စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ် (Traumatic Event) လို့ သတ်မှတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်မတူကြတဲ့အတွက် တစ်ယောက်ရဲ့ ထရော်မာကို တစ်ယောက် နားမလည်နိုင်တာမျိုးက ဖြစ်တတ်တဲ့သဘာဝပါ။ ဒါပေမဲ့ အဲဒီအပေါ်ကို ကဲ့ရဲ့ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတာကို ပဏာမအားဖြင့် သတိပေးချင်ပါတယ်။

အပိုင်း (၁) ကတော့ ထရော်မာတွေရဲ့ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ဖြစ်ရပ်တွေပေါက်ဖွားရာ အကြောင်းဖြစ်ပါတယ်။ နောက်တစ်ပိုင်းမှာတော့ ဒုတိယအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေ၊ နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။


Share

Comments

Related Posts