ထရော်မာတွေရဲ့ ပထမဆုံးစမ်းသပ်မှု

Posted in စိတ်ကျန်းမာရေး


အပိုင်း (၁) မှာတော့ ထရော်မာတွေရဲ့ အစဦးဆုံးအဖြစ်အပျက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့ အပိုင်း (၂) မှာတော့ စိတ်ဒဏ်ရာဖြစ်စေတဲ့ ဖြစ်ရပ်တွေရဲ့ ပထမဆုံးသက်ရောက်မှုတွေနဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ထရော်မာတွေရဲ့ ဒုတိယအဆင့်ဖြစ်ပါတယ်။

အပိုင်း (၁) မှာပြောခဲ့သလို လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို ကျော်လွန်သွားတဲ့ ဖြစ်ရပ်တွေကြုံပြီးတဲ့နောက်မှာဆိုရင် ပထမဆုံးသက်ရောက်မှုအနေနဲ့ လူ့ဦးနှောက်က သာမန်အခြေအနေကနေ Survival instincts လို့ခေါ်တဲ့ အန္တရာယ်က လွတ်မြောက်ဖို့ အရေးပေါ်ဦးစားပေး အခြေအနေကို အလိုအလျောက် ပြောင်းလဲသွားပါတယ်တဲ့။

ဒီအခြေအနေမှာဆိုရင် ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေက ခဏရပ်တန့်သွားပြီး Fight, Flight, Freeze, Fawn ဆိုတဲ့ F လေးလုံးကိုပဲ ဖြစ်ရပ်အလိုက် လုပ်ဆောင်သွားပါတယ်။ ဒါက ဖြစ်ရပ်အလိုက်ကွဲပြားသလို တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်ပါဘူး။

 ၁။ တိုက်ခိုက်ခြင်း (Fight)

ဒီတုန့်ပြန်မှုကတော့ ဒေါသတွေ၊ မကျေနပ်မှုတွေက ဦးဆောင်သွားတဲ့ တုန့်ပြန်မှုဖြစ်ပြီး ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ပြန်ပြီးတိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။ လူကြောင့်ဖြစ်တဲ့ ရှုပ်ထွေးပေါင်းစပ်ဖြစ်ရပ်မျိုးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် အနိုင်ကျင့်နေတဲ့သူကို ပြန်ပြီး တိုက်ခိုက်တာ၊ စကားနဲ့ ပြန်ပြောတာမျိုးပါ။

၂။ ရှောင်ထွက်ခြင်း (Flight)

ဒီတုန့်ပြန်မှုကိုတော့ ဘယ်လိုဖြစ်ရပ်မျိုးမှာမဆို တွေ့ရတတ်ပြီး ‌ဘေးအကင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး တုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဥပမာ - အနိုင်ကျင့်တဲ့သူတွေဆီက ထွက်ပြေးတာ၊ မတော်တဆဖြစ်တဲ့နေရာကနေ ထွက်သွားတာမျိုးပါ။

၃။ ရပ်တန့်ခြင်း (Freeze)

ဒီတုန့်ပြန်မှုကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ဖြစ်စေ၊ ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်စေ ဘာကိုမှ မခံစားရတော့ဘဲ ထုံသွားတာ၊ ရပ်တန့်သွားတာမျိုး ဖြစ်ပါတယ်။ ဒါက တချို့တိရစ္ဆာန်တွေမှာရှိတဲ့ သေချင်ယောင်ဆောင်တဲ့ပုံစံနဲ့လည်း ဆင်တူပါတယ်။

၄။ လိုက်လျောခြင်း (Fawn)

ဒါကတော့ ကိုယ်မှီခိုနေရတဲ့သူ ပါဝင်တဲ့ဖြစ်ရပ်မျိုးမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ တစ်ဖက်လူနဲ့ အငြင်းအခုန်မဖြစ်ချင်တာ ဒါမှမဟုတ် ကိုယ့်ကို ပိုပြီးထိခိုက်မှာစိုးရိမ်တဲ့အတွက် ပြောသမျှ လက်ခံပေးတာ၊ အကြိုက်လိုက်လျောပေးတာမျိုးပါ။

ဒီ F လေးမျိုးဟာ ခံနိုင်ရည်ကို ကျော်လွန်လာတဲ့ ဖြစ်ရပ်တွေအတွက် သဘာဝအလျောက် တုန့်ပြန်တဲ့စနစ်ဖြစ်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ ဖြစ်ရပ် (Traumatic Event) တွေ ဖြစ်လာပြီဆိုရင် ဒီလေးမျိုးထဲက တစ်ခုခုကိုတော့ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီအဆင့်ကနေ ဆက်ပြီး တက်မသွားအောင်တော့ ကာကွယ်လို့ရပါတယ်။ အဲဒီအတွက်‌တော့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်စွမ်းအား ခိုင်မာမှုအပေါ်မူတည်သလို ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီလည်း အများကြီးလိုအပ်ပါတယ်။

ကိုယ်ကိုယ်တိုင်ပဲဖြစ်စေ၊ ကိုယ့်အနီးနားက တစ်ယောက်ယောက်ပဲဖြစ်စေ ဒီလိုဖြစ်ရပ်တွေကြုံတွေ့လာရပြီဆိုရင် အဓိကလိုအပ်တာတွေကတော့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို အမြန်ဆုံးရောက်ရှိဖို့၊ နှစ်သိမ့်မှု အလုံအလောက်ရရှိဖို့နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စိတ်သက်တောင့်သက်သာနဲ့ ကျော်လွှားသွားနိုင်တဲ့အထိ ကူညီပေးဖို့ပါပဲ။

ဒီနေရာမှာ အဓိကလုပ်ဆောင်သင့်တာတွေကတော့ ကာယကံရှင်ကိုယ်တိုင်က ဒီဖြစ်ရပ်တွေကို အတိတ်ရဲ့အစိတ်အပိုင်းလေးတစ်ခုအဖြစ် ထားရစ်ခဲ့ပြီး ရှေ့လျှောက်လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းကို ရှာဖွေဖို့ လိုပါတယ်။ ပတ်ဝန်းကျင်အ‌နေနဲ့တော့ ဂရုတစိုက်နားထောင်နှစ်သိမ့်ပေးတာ၊ နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေမဖြစ်အောင် စောင့်ရှောက်ပေးတာနဲ့ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးစေတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။

အဲဒီလိုမဟုတ်ခဲ့ရင်တော့ ပိုမိုပြင်းထန်ပြီး ကျော်လွှားရပိုခက်တဲ့ အဆင့် (၃) နဲ့ အဆင့် (၄) တွေကို ရောက်ရှိသွားနိုင်ပါတယ်။ အဲဒီအဆင့်တွေအကြောင်းကိုတော့ နောက်လာမယ့်အပိုင်းတွေမှာ ဆက်လက်ပြီး ပြောပြပေးသွားပါမယ်။


Share

Comments

Related Posts