တိလေးတွေကို လှလှလေး ဓာတ်ဖမ်းပေးလို့ရမယ့် နည်းနာများ

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


တိချစ်သူတိုင်းက ကိုယ့်ရဲ့ရင်သွေးငယ်လည်းဖြစ် သူငယ်ချင်းလည်းတဖုံဖြစ်တဲ့ အမွေးပွပွနဲ့တိပုံလေးတွေကို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ကိုယ့်ဘာသာ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှချင်လို့ပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ အကောင်းဆုံးပုံတွေ ရိုက်ယူတဲ့အခါမှာ ပြင်ဆင်ထားလို့ရတဲ့ နည်းလမ်းတစ်ချို့အကြောင်းကို ကြည့်လိုက်ရအောင်။

သက်သောင့်သက်သာဖြစ်ပါစေ 

အကယ်၍ တိလေးတွေကို အဝတ်အစားတွေဝတ်ပေးပြီး ပုံလှလှလေးရိုက်ဖို့စဉ်းစားထားတယ်ဆိုရင် သူတို့လေးတွေအတွက် သက်သောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားကိုပဲ ရွေးချယ်ဝတ်ဆင်ပေးပါ။ အဝတ်အစားတွေက သက်သောင့်သက်သာ ဖြစ်မနေဘူးဆိုရင် ပုံထွက်လာတဲ့အခါမှာ သိသာနေမှာဖြစ်ပြီး စိတ်တိုင်းကျပြီး ကြည့်ကောင်းတဲ့ ပုံတစ်ပုံမဖြစ်နိုင်တော့ပါဘူး။ နောက်တစ်မျိုးအနေနဲ့ တိလေးတွေ သက်သောင့်သက်သာဖြစ်စေဖို့နဲ့ ပုံရိုက်နေတာကို စိတ်ဝင်စားလာအောင် ရိုးရှင်းတဲ့အလှဆင်ပစ္စည်းတစ်ခုခုဖြစ်တဲ့ ဆော့စရာအရုပ်တစ်ခုခု (သို့) ပန်းပွင်းလေးတစ်ခု ထည့်ပေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်ပါစေ

သူတို့လေးတွေရဲ့ တမူထူးခြားတဲ့ အမူအကျင့်လေးတွေကို ထင်ဟပ်နေစေတဲ့ ဓာတ်ပုံမျိုးကိုပဲ အကောင်းဆုံးဓာတ်ပုံလို့ခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့တိလေးရဲ့ ဘယ်လိုအမူအကျင့်မျိုးက သူ့ကိုထူးခြားစေတာလဲဆိုတာ စဉ်းစားကြည့်ပြီး အဲ့လိုမျိုး အမူအကျင့်လေး တွေကို ပုံထဲမှာ အမိအရရိုက်ယူမိဖို့ ကြိုးစားပေးပါ။

ကင်မရာတွေကိုအဆင်သင့်ပြင်ထားပါ 

တိလေးရဲ့လှုပ်ရှားမှုကို  ပုံသေတွက်ဆ ထားလို့မရနိုင်တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတိုင်း ကို အမိအရ ရိုက်ကူးဖို့အတွက်  ပြင်ဆင်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ပုံရိုက်ယူမယ့်ကိုယ့်ရဲ့ဖုန်း ဒါမှမဟုတ် ကင်မရာကို အဆင်သင့်ချိန်ထားပြီး ချစ်စရာကောင်းပြီး ရယ်ရတဲ့ အဖြစ်အပျက်လေး တွေကို အမိအရ ရယူနိုင်ဖို့ ပြင်ဆင်ထားပါ။

အားပေးလှုံ့ဆော်မှုကောင်းတွေကို အသုံးပြုပါ 

တိလေးတွေက သူတို့ပျော်နေတယ် ဆိုရင် ဘာမဆိုလုပ်ဖို့ဝန်မလေးတတ်ကြတာမို့လို့ သူတို့လေးတွေ ပျော်လာအောင် ပုံရိုက်နေတုန်းမှာ  သူတို့ရဲ့ ကောင်းတဲ့အမူအကျင့်လေးတွေကို အားပေးတဲ့အနေနဲ့ ချီးကျူးတာမျိုး၊ ပွတ်သပ်ပေးတာမျိုးတွေကို လုပ်ပေးပါ။

ဓာတ်ပုံရိုက်ဖို့ နေရာကောင်းတွေကိုရွေးချယ်ပါ 

ပုံကောင်းကောင်းရိုက်ဖို့ နေရာရွေးတဲ့အခါမှာ သဘာဝအလင်းရောင်အပြည့်အဝရတဲ့ တိလေးတွေအတွက် အန္တရာယ်နည်းပြီး စိတ်ချလုံခြုံရတဲ့နေရာမျိုးတွေကို ဦးစားပေးရွေးချယ်ပေးပါ။ ကင်မရာကနေ တဖြက်ဖြက်နဲ့ ထွက်တဲ့ မီးအလင်း (flashမီး) ကသူတို့လေးတွေကို စိတ်လှုပ်ရှားစေနိုင်တဲ့အတွက်ကြောင့် သဘာဝအလင်းရောင် ကောင်းကောင်းရခြင်းက တိလေးတွေအတွက် အလွန်အဆင်ပြေပါတယ်။ နောက်တစ်ခုအနေနဲ့ ရှုပ်ပွနေတဲ့ နောက်ခံမျိုး မဖြစ်နေအောင် ဂရုစိုက်ပေးသင့်ပါတယ်။

ပုံကောင်းကောင်းရဖို့ဆိုတာ အချိန်လည်းပေးရသလို လက်တွေ့လေ့ကျင့်ထားဖို့ လိုပေမယ့်လည်း ကိုယ်ပေးလိုက်ရတဲ့အချိန်နဲ့ထိုက်တန်တဲ့ ရလဒ်မျိုးကို ရရှိစေပါတယ်။ ကိုယ့်အနေနဲ့ နည်းနည်းလေး အားစိုက်ထုတ်လိုက်မယ်ဆိုရင်တော့ ဘဝတလျှောက်လုံး အမှတ်တရသိမ်းထားလို့ရနိုင်မယ့် ကိုယ့်သူငယ်ချင်းလေးတွေရဲ့လှပတဲ့ ဓာတ်ပုံလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။


Share

Comments

Theint Thu

တိတွေလေးအကြောင်းကိုပိုပီးခံစားသိမြင်လာတယ် တိချစ်သူတစ်ယောက်ဖြစ်လို့ သူတို့နဲ့ ကိုယ့်ရဲ့ကြားက communication တွေပိုကောင်းလာမယ် အမှတ်တရတွေကိုအတူတူဖန်တီးနိုင်မယ်လို့ ခံစားရတယ် ဘဝရဲ့အဖိုးတန်အချိန်တွေကိုတိလေးတွေနဲ့ အတူခံစားနိုင်ဖို့အတွက် ဒီဆောင်းပါးက အထောက်ကူပြုစေတယ်

Soe Myat Nwe

ကြောင်လေး၊ခွေးလေးတွေတအားချစ်တတ်တာမလို့အိမ်မှာလည်းမွေးထားတယ် ဒါပေမယ့်ဓာတ်ပုံရိုက်ရင်ကောင်းကောင်းမရိုက်နိုင်တာ ဆောင်းပါးဖတ်ပြီးမှသူတို့လေးတွေကိုဘယ်လိုပုံလှလှလေး ဓာတ်ဖမ်းပေးရမလဲဆိုတာideaကောင်းတွေရသွားပါတယ် အကျိုးရှိစေတဲ့စာလေးဖတ်ခွင့်ရလို့အထူးကျေးဇူးပါThe Good Life🥰🥰

Htet Htet Naing

အိမ်ကအာဝုလေးဆို၈နှစ်ပြည့်တော့မယ် ဓာတ်ပုံရိုက်ပေးရင်ဖုန်းကိုမကြည့် မျက်နှာအမြဲလွဲထားတတ်တဲ့ကလေး အခုဒီဆောင်းပါးဖတ်လိုက်ရတော့မှအာဝုလေးကိုဘယ်လိုပုံပုံရိုက်ပေးရမလဲသိသွားပြီ အမှတ်တရဆိုတာဓာတ်ပုံထဲမှာကျန်ခဲ့မှာပါ ခုလိုအမှတ်တရမျိုးလေးတွေချန်ထားခဲ့လို့ရမယ့်ဆောင်းပါးလေးဖတ်ခွင့်ရလိုက်လို့ကျေးဇူးပါရှင် 🥰

Related Posts