
ကိုယ့်ရဲ့အချစ်တော်လေးက ပါပီလေးတွေ မွေးလိုက်ပြီလား၊ ဒါမှမဟုတ် ပါပီလေးတွေကို ကိုယ်တိုင် မွေးစားဖို့ ဆုံးဖြတ်လိုက်ပြီလား? ဒါဆိုရင်တော့ ပါပီလေးတွေကို ထိန်းကျောင်းတဲ့နေရာမှာ အခုပြောပြမယ့် အမှား (၅) ခုကို မလုပ်မိဖို့ လိုပါတယ်နော်။
၁။ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပေးထားခြင်း
ပါပီလေးတွေက လျှောက်သွားပြီး စူးစမ်းတတ်သလို တစ်ဖက်မှာလည်း အန္တရာယ်တွေကို မရှောင်ရှားနိုင်သေးပါဘူး။ မတော်တဆမှုတွေဖြစ်နိုင်သလို တွေ့သမျှပစ္စည်းတွေကို ကိုက်ဖဲ့ပစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါကြောင့် ငယ်သေးတဲ့အရွယ်မှာ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပေးထားတာက အမှားတစ်ခုဖြစ်ပါတယ်။ အဲဒီအစား သတ်သတ်မှတ်မှတ် နေရာတစ်ခုထားပေးပြီး အပြင်ထွက်ရင်လည်း ကိုယ်တိုင်စောင့်ကြည့်နေသင့်ပါတယ်။
၂။ သဘာဝနဲ့ ထိတွေ့မှု နောက်ကျနေခြင်း
ဒါကတော့ ရှေ့တစ်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အန္တရာယ်ရှိမှာစိုးလို့ ဆိုပြီးတော့ အိမ်ထဲမှာပဲ ချုပ်ထားပြန်ရင်လည်း ပါပီလေးတွေက သဘာဝအတိုင်းမဟုတ်တော့ဘဲ ချူချာပြီး ကြောက်ရွံ့တတ်တဲ့ပုံစံနဲ့ ကြီးပြင်းလာပါလိမ့်မယ်။ အဲဒါကြောင့် အသက် (၃) လလောက်က စပြီး ပတ်ဝန်းကျင်အသစ်တွေ၊ တခြားအိမ်မွေးတိလေးတွေနဲ့ ထိတွေ့ပေးသင့်ပါတယ်။
၃။ ထိန်းကြိုးနဲ့ လမ်းလျှောက်ထွက်ပေးခြင်း
တချို့က ပါပီလေးတွေကို အပြင်ထွက်ပြီး လမ်းလျှောက်ပေးတဲ့အခါမှာ ထိန်းကြိုးကို တန်းပြီးသုံးတာမျိုး လုပ်လေ့ရှိတတ်ပါတယ်။ ဒါက တကယ်တော့ အမှားတစ်ခုဖြစ်ပါတယ်။ ပါပီလေးတွေက စပ်စုတတ်တာက လွဲရင် ထိန်းရသိပ်ခက်တာမျိုးမဟုတ်တဲ့အတွက် ထိန်းကြိုးအသုံးပြုတာက သူတို့အတွက် အနှောင့်အယှက်ပိုဖြစ်စေပါတယ်။ အရွယ်ရောက်လာတော့မှသာ စပြီး လေ့ကျင့်ပေးသင့်ပါတယ်။
၄။ ဆူငေါက်ခြင်း
တချို့အချိန်တွေမှာ ပါပီလေးတွေ အပြစ်လုပ်တဲ့အခါ အော်ငေါက်တာ၊ ရိုက်တာမျိုး လုပ်မိလေ့ရှိတတ်ကြပါတယ်။ အဲဒါက ပါပီလေးတွေအနေနဲ့ဆိုရင် ကြောက်သွားပြီး ရင်းနှီးမှုကိုလည်း ထိခိုက်စေပါတယ်။ အဲဒီအစား လက်ဟန်ခြေဟန်နဲ့ဖြစ်ဖြစ်၊ စကားလုံးတစ်ခုနဲ့ဖြစ်ဖြစ် တွဲမှတ်သွားအောင် လေ့ကျင့်ပေးလို့ရပါတယ်။
၅။ ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်ခြင်း
ဒီအချက်ကတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ပိုပြီး အားနည်းတဲ့အချက်ဖြစ်ပါတယ်။ ပါပီလေးတွေက နုနယ်သလို မွေးရာပါ ရောဂါတွေလည်း ပါနိုင်တဲ့အတွက် သက်တမ်းစေ့မွေးဖို့ဆိုရင် ငယ်ကတည်းက ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
ပါပီလေးတွေဆိုတာ တခြားတိလေးတွေထက်စာရင် ဉာဏ်ရည်မြင့်တဲ့အတွက် လူသား ကလေးလေးတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါကြောင့်လည်း သားသားမီးမီးလေးတွေဆိုပြီး လူတွေက သတ်မှတ်ကြတာ မဆန်းပါဘူး။ ဒီလိုမျိုး ကိုယ့်ရဲ့ သားသမီးလိုပဲ စောင့်ရှောက်ကြတဲ့နေရာမှာ အခုပြောပြခဲ့တဲ့အမှားလေးတွေ မလုပ်မိအောင် ဂရုပြုကြဖို့ ပြောလိုက်ပါရစေနော်။
Comments