နှလုံးသားအတွက် ထီးလေးတစ်လက်

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


အေးချမ်းတဲ့ မိုးစက်တွေနဲ့အတူ နှစ်လယ်ပိုင်း လဇူလိုင်ဆီ ရောက်လာပြန်ပြီပေါ့။ ၂၀၂၆ ရဲ့ နှစ်တစ်ဝက်ကို ဖြတ်သန်းပြီးနောက်မှာ ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာပါ လောကဓံရဲ့ အဆိုးအကောင်းတွေ ရင်ဆိုင်ရင်း ဖိစီးမှုတွေ စတင် ရှိနေကြမှာပါ။ ဒီလိုအခြေအနေတွေမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှု ပြသတဲ့ လုပ်ဆောင်ချက်သေးသေးလေးတွေက အေးချမ်းတဲ့ မိုးစက်တွေကြားက နှလုံးသားအတွက် နွေးထွေးစေမဲ့ ထီးလေးတစ်လက် ဖြစ်စေမှာ အသေအချာပါပဲ။ ဒီလိုကြင်နာမှုပြသခြင်းကနေ ဖြစ်လာတဲ့ ဇီဝကမ္မဖြစ်စဥ်က ကျန်းမာရေးအရ ကြည့်ရင်လည်း သွေးဖိအားကို ကျဆင်းစေပြီး စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို လျော့ကျစေကာ ဖိအားများကြား ပိုမိုကြည်လင်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးပါသေးတယ်။ 

ဒီလို ကူညီပံ့ပိုးတတ်တဲ့ လုပ်ဆောင်ချက်လေးတွေက အဆင်ပြေကောင်းမွန်နေတဲ့ အခြေအနေတွေမှာမှ ပြသရတာမျိုး မဟုတ်ဘဲ ခက်ခဲတဲ့အချိန်တွေမှာလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ နှစ်သိမ့်မှုတစ်ခုလည်း ဖြစ်တာပါ။ ဒီလို တစ်ဦးနဲ့တစ်ဦး နွေးထွေးကြင်နာမှုတွေက တွေ့ကြုံရမဲ့ ဘဝအခက်အခဲတွေကြား ဘယ်လိုအကျိုးကျေးဇူးကောင်းတွေ ရှိနေမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်ရအောင်။

ပင်ပန်းနွမ်းနယ်မှုကို လျော့ချနိုင်တယ် 

ကိုယ်စီ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ တစ်နှစ်ပတ်လုံး ကြိုးစားလုပ်ကိုင်ကြတဲ့အခါ အခုလို နှစ်လယ်လောက် ရောက်တဲ့အခါကျ ပင်ပန်းနွမ်းနယ်လာတတ်ကြတာ ထုံးစံလိုပါပဲ။ ဒီလိုပင်ပန်းနွမ်းနယ်တာတွေကနေ ဖြစ်လာတဲ့ စိတ်အလိုမကျဖြစ်တာတွေ၊ တစ်ခုခုမှားယွင်းနေတယ်ဆိုတဲ့ ခံစားချက်ဆိုးတွေကို ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်ဖို့ ဒီလို မပြောပလောက်တဲ့ နွေးထွေးကြင်နာမှုတွေ ကနေ အစပြုလို့ ရပါတယ်။ ဥပမာ - လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ကျေးဇူးတင်တာ၊ မိသားစုဝင်ကြားထဲမှာလည်း စိတ်ရှည်ရှည်နဲ့ ကူညီလုပ်ကိုင်ပေးတာ စတဲ့ သေးငယ်တဲ့ ကြင်နာမှုတွေကို ကိုယ်က ပေးလိုက်တာဖြစ်စေ၊ ရလိုက်တာဖြစ်စေ ဒါတွေက အကောင်းမြင်တတ်တဲ့ ခံစားချက်ကောင်းတွေအဖြစ် ပြောင်းလဲစေလို့ ရှေ့ဆက်ရမဲ့ တစ်နှစ်တာအတွက် အားအင်ဖြစ်စေမှာ အမှန်ပါ။

လူမှုပတ်ဝန်းကျင်မှာ ခံနိုင်ရည်ရှိလာတယ်  

ပင်ပန်းခက်ခဲတဲ့ အချိန်တွေမှာ လူတွေဟာ အထီးကျန်မှုကို ပိုခံစားနိုင်ရတဲ့အတွက် တသီးတသန့်နေချင်စိတ်တွေ ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ အချင်းချင်းနွေးထွေးကြင်နာမှုက လူသားတွေအတွက် အရေးပါတဲ့ လူမှုဆက်ဆံရေးကဏ္ဍမှာ တံတားတစ်စင်းလိုမျိုး ခိုင်မာတဲ့ဆက်သွယ်ရေးကို ပြန်လည်တည်ဆောက်နိုင်ပါတယ်။ ကိုယ်က သူများကို လုပ်ဆောင်ချက်သေးသေးလေးတစ်ခုနဲ့ဖြစ်ဖြစ် ကူညီခဲ့ဖူးတယ်ဆိုလည်း တချိန်ချိန် ကိုယ်ကိုယ်တိုင်လဲကျတဲ့အခါမှာလည်း ပြန်လည်ဖေးမကူညီမဲ့ အသိုင်းအဝိုင်းတစ်ခုကို ဖြည်းဖြည်းချင်း တည်ဆောက်ပြီးသား ဖြစ်စေပြီး ကိုယ်တစ်ယောက်တည်း တစ်သီးတစ်သန့်ဖြစ်မနေတော့လို့ ခက်ခဲကြမ်းတမ်းမှုတွေ ကျော်လွှားရာမှာ စိတ်သက်သာရာဖြစ်စေမှာပါ။

ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်တယ်  

ပုံမှန်ထက် ပိုပြီး လှုပ်ရှားရုန်းကန်လာရတဲ့ ခေတ်ကာလကြီးမှာ သူသူငါငါ ကြိုးစားရှင်သန်လာရတဲ့အတွက် ပင်ပန်းကျရှုံးမှုတွေ ကြုံလာရတဲ့အခါ စိတ်ဓာတ်ကျလာပြီး ကိုယ်ဘာမှမတတ်နိုင်တော့သလို ခံစားလာရတတ်ပါတယ်။ ဒါပေမဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကြား လူအချင်းချင်း ကြင်နာကူညီစာနာမှုက အနည်းဆုံးတော့ ကိုယ်တွေတတ်နိုင်သေးတဲ့ အရာတစ်ခုပါ။ ဒီလိုလုပ်ဖို့ ရွေးချယ်တာက လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးတွေကို ကိုယ်က မထိန်းချုပ်နိုင်ပေမဲ့ ကိုယ့်ရဲ့ စိတ်နေခံစားမှု ကောင်းစေဖို့ကိုတော့ လူအချင်းချင်း ကြင်နာမှုကနေ ထိန်းချုပ်နိုင်မှာ အမှန်ပါပဲ။

နှလုံးသားကို နွေးထွေးစေမဲ့ ကူညီကြင်နာမှုလုပ်ရပ်တစ်ခုလေး ဖြစ်သွားစေဖို့ကလည်း ကြီးကြီးမားမားကြီး ဖြစ်စရာမလိုဘဲ အခုလို ဒီဂျစ်တယ်ခေတ်မှာ စာလေးတစ်ကြောင်းဖြစ်စေ၊ ဖုန်းခေါ်မှုလေးတစ်ခု ဖြစ်စေ အပြည့်အဝအာရုံစိုက်ပေးမှုကနေ စိတ်သက်သာရာ ရစေတာပါ။ ကိုယ့်အတွက်ကိုလည်း ဒီနှစ်ထဲမှာ အမှားတွေလုပ်မိတဲ့အခါ ခွင့်လွှတ်နားလည်ပေးပြီး စိတ်ကို ပေါ့ပေါ့ပါးပါးပြန်ဖြစ်စေဖို့ ပြန်လည် အားအင်ဖြစ်နိုင်ပါသေးတယ်။ 

ဒါကြောင့် အခုလို ဇူလိုင်မိုးစက်တွေကြား ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ နားလည်မှုရှိရှိနဲ့ ကြင်နာပေးတာကနေ အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ကြဖို့ ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။


Share

Comments

Related Posts