
နှစ်ကုန်ပိတ်ရက်တွေကို ဘယ်လိုကုန်ဆုံးကြမလဲ၊ ဘယ်လိုအသုံးချကြမလဲ စဥ်းစားစီစဥ်ထားကြပြီးပြီလား။ ခရီးသွားမယ်၊ အိမ်မှာပဲ ကိုယ်ပိုင်အချိန်လေး ဖန်တီးမယ်၊ မိသားစုနဲ့ အချိန်ကောင်းလေးတွေ ဖြတ်သန်းကြမယ် စသဖြင့်ပေါ့။ စာဖတ်ဝါသနာအိုးလေးတွေအတွက်တော့ ဒီပိတ်ရက်မှာ စာအုပ်တွေတဝကြီး ဖတ်လိုက်မယ်လို့ စဥ်းစားထားကြရောပေါ့။ ဒါကြောင့် နှစ်သစ်ကူးပိတ်ရက်တွေမှာ ဖတ်ကြည့်သင့်တဲ့ စာအုပ် (၆) အုပ်အကြောင်း အညွှန်းလေးတွေ ရေးသားစုစည်းထားပါတယ်။ ဖတ်ကြည့်ကြရအောင်လား။

(၁) ရောင့်ရဲခြင်း အနုပညာ
ချမ်းသာကြွယ်ဝမှုလို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထား၊ လက်ခံထားကြတဲ့ ဘွဲ့ထူးဂုဏ်ထူး၊ ငွေကြေးဥစ္စာ၊ ရွှေငွေတိုက်တာ စတာတွေနောက်ကို တစ်ဘဝလုံးလိုက်လာလိုက်တာ ကိုယ့်နှလုံးသားအောက်ခြေထဲကနေ ပျော်ရွှင်မှုကို တကယ်ပဲ ခံစားရရဲ့လား။ တစ်ခုပြီးတစ်ခု ပြီးတော့ နောက်တစ်ခု၊ ရုပ်ဝတ္ထုနဲ့ လိုအင်ဆန္ဒ တွေဆိုတော့ ဘယ်တော့မှ လုံလောက်သွားတယ်လို့ မရှိပါဘူး။ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ဘာလဲလို့ ပြန်လည် ရှာဖွေတဲ့အခါ ရောင့်ရဲခြင်းဆိုတဲ့ အနုပညာကို သက်ဝင်ခံစားကြည့်ဖို့ လိုပါတယ်။ အစစ်အမှန်ပျော်ရွှင်မှုနဲ့ ရိုးရှင်းနဲ့ဘဝ၊ ပြီးတော့ ရောင့်ရဲခြင်းဟာ ဘယ်လိုဆက်စပ်နေသလဲနဲ့ ဘဝမှာ စိတ်ချမ်းသာစွာ ရှင်သန်နေထိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးထားတဲ့ စာအုပ်ကတော့ Olivia Telford ရေးသားတဲ့ The Art of Minimalism ဖြစ်ပြီး ထက်ထက်သင်ဇာ က “ရောင့်ရဲခြင်းအနုပညာ” ရယ်လို့ ဘာသာပြန်ထားပါတယ်။

(၂) ဘဝအတွက်လိုအပ်တဲ့ အားဆေး
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာအားရှိစေဖို့ ဖြည့်စွက်စာတွေ အားဆေးတွေမှီဝဲကြသလို စိတ်အင်အားကောင်းမွန် ပြည့်ဝနေဖို့အတွက်လည်း အားဆေးတွေမှီဝဲဖို့ လိုတာပေါ့။ စိတ်ခွန်အားအတွက် အကောင်းဆုံးအားဖြည့်စာတွေထဲက တစ်ခုကတော့ နိုင်းနိုင်းစနေရဲ့ “ဘဝအတွက်လိုအပ်တဲ့ အားဆေး” စာအုပ်ပဲ ဖြစ်ပါတယ်။ အသိအမှတ်ပြုတတ်ဖို့၊ အခိုက်အတန့်ကောင်းလေးတွေကို ခံစားတတ်၊ စားမြှုံ့ပြန်တတ်ဖို့၊ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသတတ်ဖို့ စတဲ့ ဘဝရဲ့အားဆေးကောင်းတွေကို ပုံပြင်လေးတွေနဲ့ ယှဥ်တွဲဖော်ပြထားတဲ့ ဒီစာအုပ်က ပိတ်ရက်အတွင်း စိတ်အာဟာရကို ဖြည့်တင်းဖို့ အကောင်းဆုံးပဲပေါ့ရှင်။

(၃) ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း
သမိုင်းအချိုးကွေ့၊ စီးပွားရေးအရ ပြောင်းလဲမှု၊ ခေတ်ပြောင်းတော်လှန်ရေးကြီးတွေ စတဲ့ ပြောင်းလဲမှုပေါင်းများ စွာမှာ ရှင်သန်ကျန်ရစ်သူတွေဟာ အသန်မာဆုံးသူတွေလား။ မဟုတ်ပါဘူး၊ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း မြင့် မားသူတွေပါ။ မျက်မှောက်ကမ္ဘာလို မျက်စိတမှိတ်အတွင်း ပြောင်းလဲမှုက မြန်ဆန်လွန်းတဲ့ ခေတ်ကာလမှာ ရှင်သန်တိုးတက်နိုင်ဖို့ဆို အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက အတော်စကားပြောလာပါတယ်။ အပြောင်းအလဲ လှိုင်းလုံးတွေကို ကောင်းမွန်ပိုင်နိုင်စွာ စီးနင်းနိုင်ချင်သူတွေအတွက် Kaung Hein Soe (Static) ရဲ့ “ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း” ကို ဒီတ်ရက်မှာ ဝယ်ဖတ်သင့်ပါကြောင်း ....။

(၄) ဗုဒ္ဓဘာတွေ တွေ့ခဲ့သလဲ
ဘာသာရေးဆိုတာ ခြွင်းချက်မရှိ လိုက်နာရ၊ နာခံရမယ့် ကျမ်းဂန်တစ်ခုလို့ ဘယ်လူငယ်မှ မျက်စိမှိတ် မယုံ တော့ပါဘူး။ လူငယ်တွေမှာ မေးခွန်းကိုယ်စီ ရှိလာကြပြီး ဉာဏ်နဲ့ယှဥ်တဲ့ အဖြေတွေကို ရှာဖွေလာကြ ပါတယ်။ လူငယ်တွေ ရှာဖွေနေတဲ့ ဒီလို အသိဉာဏ်လွတ်လပ်မှုကို အာကာမိုးသူရေးသားတဲ့“ဗုဒ္ဓဘာတွေ တွေ့ခဲ့သလဲ” စာအုပ် ကနေတဆင့် လေ့လာကြည့်လို့ရပါပြီ။ ဒီစာအုပ်ဟာ ၂၁ ရာစုလူငယ်တွေ သိမြင်နိုင်တဲ့ ခေတ်ဘာသာ စကားနဲ့ ဗုဒ္ဓရဲ့ အယူအဆ ကို ရိုးရိုးရှင်းရှင်းတင်ပြထားလို့ လူ့အဖွဲ့အစည်း အတွက် ဗုဒ္ဓတည် ဆောက်ပေးခဲ့တဲ့ ဉာဏ်ပညာသဘောကို မြည်းစမ်းကြည့်နိုင်ပါတယ်။

(၅) အတွေးမလွန်နဲ့
အတွေးများခြင်း၊ အတွေးလွန်ခြင်းဟာ စိတ်နှလုံးရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ အကြောင်းရင်းတွေ ထဲက တစ်ခုပါ။ အတွေးလွန်ခြင်းက စိတ်ဖိမှုများတာ၊ စိတ်ကျရောဂါနဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာရောဂါတွေ ဆီကို ဦးတည်နေပါတယ်။ ကိုယ့်ရဲ့အတွေးလှေငယ်လေးဟာ စိတ်သောကနဲ့ ပူပန်မှု၊ ဖိစီးမှု ဝဲဂယက်တွေကြား အလူးအလဲဖြစ်နေတဲ့အခါ ဘယ်လိုလှော်ခတ်ကျော်ဖြတ်ရမလဲဆိုတာကို ဒေါက်တာအောင် (ဆေး-၂) ရဲ့ “အတွေးမလွန်နဲ့” စာအုပ်မှာ ရှာဖွေ ကြည့်လိုက်ပါ။

(၆) ငါ ပီသစွာပဲ ရှင်သန်သွားတော့မလို့
ကိုယ်ပီသစွာ ရှင်သန်တယ်ဆိုတာ ကိုယ့်ရဲ့ စံသတ်မှတ်ချက်ကို ထိန်းသိမ်းထားနိုင်တာပါပဲ၊ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ ဘာကို လိုချင်တာလဲ၊ ဘယ်သူ့ကို ချစ်တာလဲ၊ ဘာအလုပ်ကို လုပ်တာလဲ၊ဘာကြောင့် ရှင်သန်နေတာလဲဆိုတာတွေကို နားလည်သိရှိနေတာမျိုးဖြစ်ပါသည်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ တော်တဲ့ ကြိုးစားတဲ့၊ စိတ်ထားကောင်းတဲ့၊ ကူညီတတ်တဲ့ ဘက်ခြမ်းကိုပဲ၊ ကောင်းတဲ့ ဘက်ခြမ်းကိုပဲ လက်ခံ နိုင်တာလား။ မပြည့်စုံတဲ့၊ ကျိုးပဲ့နေတဲ့၊ စိတ်ပုတ်ကလေးရှိတဲ့၊ တကိုယ်ကောင်းဆန်တဲ့ ဘက်ခြမ်းကလည်း ငါပဲမဟုတ်လား။ ကိုယ့်ရဲ့ ဘယ်လိုပုံစံကိုပဲဖြစ်ဖြစ် လက်ခံပြီး၊ ချစ်ပေးပြီး၊ ပြုပြင်ယူပြီး ဘဝကို ပေါ့ပါးစွာ၊ ပျော်ရွှင်စွာ ရှင်သန် ၏နိုင်မယ့် လမ်းကြောင်းလေးတွေကို ဒီမီဆို ရေးသားတဲ့ “ငါပီသစွာပဲရှင်သန်သွားတော့မလို့” ဆိုတဲ့ စာအုပ်လေးမှာ စူးစမ်းကြည့်ကြမလား။
ဒီလောက်ဆိုရင် နှစ်သစ်ကူးပိတ်ရက်တွေမှာ ဘယ်စာအုပ်တွေ ဖတ်ကြမလဲ ရွေးပြီးကြရောပေါ့။ စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကို အစပြုရင်း ဖြတ်သန်းဖို့ ဒီစာအုပ်လေးတွေကလည်း အထောက်အကူကောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ပိတ်ရက်မှာ အနားယူရင်း ဖတ်လို့ကောင်းမယ့် စာအုပ်ကောင်းတွေ ရှိသေးရင်လည်း commentမှာ မျှဝေခဲ့ဖို့ မမေ့နဲ့ဦးနော်။
thirilayyal@gmail.com