၂၀၂၆ ခုနှစ်အတွက် တရုတ်ရိုးရာ ရာသီခွင်ကံကြမ္မာ

Posted in လူမှုဘဝ


အနောက်တိုင်းမှာ ရာသီခွင် (၁၂)မျိုး ရှိသလို တရုတ်ရိုးရာမှာလည်း ရာသီခွင် (၁၂)မျိုး ရှိပါတယ်။ ကွဲပြားတာကတော့ တရုတ်ရိုးရာ ရာသီခွင်တွေက မွေးဖွားတဲ့နှစ်အလိုက် သတ်မှတ်ထားတာဖြစ်ပြီး တစ်ခုချင်းစီကို သတ္တဝါတစ်ကောင်စီနဲ့ ကိုယ်စားပြုထားပါတယ်။ ဒီလိုရာသီခွင်တစ်ခုချင်းစီမှာ မတူကွဲပြားတဲ့ ကံဇာတာတွေရှိတယ်လို့လည်း ယုံကြည်ကြပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ် - မြင်းနှစ်မှာတော့ ၁၂ ရာသီခွင်အသီးသီးရဲ့ ယေဘုယျကံဇာတာအခြေအနေ ဘယ်လိုရှိမလဲဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်ကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။ ကိုယ်မွေးဖွားရာခုနှစ်အလိုက် ကိုယ့်ရာသီခွင်ကိုကြည့်ပြီး ဖတ်ရှုလိုက်ပါနော်။

မြွေနှစ်ဖွား (2025, 2013, 2001, 1989, 1977)

မြွေနှစ်ဖွားတွေအနေနဲ့တော့ ၂၀၂၆ တစ်နှစ်လုံးမှာ အချက်အလက်အမှားတွေနဲ့ ရှုပ်ထွေးမှုတွေ ဆက်တိုက်ကြုံတွေ့ရတတ်တဲ့အတွက် ဆုံးဖြတ်ချက် မြန်မြန်ချတာမျိုး ရှောင်ရှားသင့်ပါတယ်။ အခြေအနေတစ်ခုကို အရင်ဆုံးသေချာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ကို ဖြည်းဖြည်းချင်းချသင့်ပါတယ်။ အလုပ်လုပ်နေတဲ့လူတွေဆိုရင်တော့ အလုပ်မှာ စိန်ခေါ်မှုတွေ များနေမှာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေကတော့ ငွေရေးကြေးရေးကြပ်တည်းမှုတွေ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာဆိုရင်တော့ စိတ်ဖိစီးစရာတွေ၊ စိတ်ထိခိုက်စရာတွေကို ကျော်ဖြတ်ရနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပင်ပန်းစရာတွေ ကြုံလာရရင် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ကို ဖြည်းဖြည်းချင်းချမယ်ဆိုရင်တော့ အားလုံးကို ကျော်လွှားနိုင်ပါလိမ့်မယ်။

ကြွက်နှစ်ဖွား (2020, 2008, 1996, 1984, 1972)

ကြွက်နှစ်ဖွားတွေအတွက်လည်း ၂၀၂၆ က စိန်ခေါ်မှုတွေနဲ့ပြည့်ပြီး အနည်းငယ်ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်နေပါလိမ့်မယ်။ စီးပွားရေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်သင့်သေးပါဘူး။ ငွေရေးကြေးရေးမှာဆိုရင် လူမှုရေးအရသွားရတဲ့ ပွဲလမ်းတွေမှာ မလိုအပ်ဘဲ ပိုက်ဆံတွေသုံးတာမျိုး သတိပြုပါ။ ဒါ့အပြင် သူများကို ပိုက်ဆံချေးငှားတာတွေလည်း အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရနိုင်ချေ နည်းပါးသလို မင်္ဂလာကိစ္စတွေလည်း အဆင်မပြေနိုင်ပါဘူး။ ဒီနှစ်ထဲမှာ အကောင်းဆုံးအချက်ကတော့ လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးဖြစ်ပါလိမ့်မယ်။

နွားနှစ်ဖွား (2021, 2009, 1997, 1985, 1973)

နွားနှစ်ဖွားတွေကတော့ သဘာဝအားဖြင့် ယုတ္တိရှိရှိ၊ စနစ်ကျကျ လုပ်တတ်ကြပေမဲ့ ဒီနှစ်မှာတော့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ စနစ်တကျမလုပ်နိုင်ဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်မှာ မကြာခဏ ပြဿနာလေးတွေ ရှိနေနိုင်ပြီး အဲဒီအတွက် တခြားသူတွေ ကူညီဖြေရှင်းပေးတာကို လိုအပ်ပါလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ ကိုယ့်ရဲ့ဝင်ငွေထက် ထွက်ငွေက ပိုပြီးများနေတတ်ပါတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုကို သေချာလုပ်ထားဖို့ လိုပါလိမ့်မယ်။ အသုံးမလိုတာတွေကို မဝယ်ပါနဲ့။ မလိုတဲ့ ကုန်ကျစရိတ်တွေ လျှော့ပါ။ နှစ်ကုန်ခါနီး လေးလလောက်မှာ ဆိုရင်တော့ ငွေကြေးအခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ အချစ်ရေးကတော့ ဒီနှစ်မှာ တည်တည်ငြိမ်ငြိမ်ရှိပါလိမ့်မယ်။

ကျားနှစ်ဖွား (2022, 2010, 1998, 1986, 1974)

၂၀၂၆ ကတော့ ကျားနှစ်ဖွားတွေအတွက် အင်မတန်ကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ အလုပ်အကိုင်မှာဆိုရင် ရာထူးတိုး၊ လစာတိုး စတဲ့ အခွင့်အလမ်းတွေရဖို့ ရှိပါလိမ့်မယ်။ ငွေရေးကြေးရေးကလည်း အဓိက ဝင်ငွေလမ်းကြောင်းအပြင် တခြားဝင်ငွေလမ်းကြောင်းတွေလည်း ရလာပါလိမ့်မယ်။ ဒါပေမဲ့ သတိပြုရမှာကတော့ ဝင်ငွေများတယ်ဆိုပြီး မလိုအပ်တာတွေမှာ မဖြုန်းဖို့ပါပဲ။ အချစ်ရေးကလည်း သာယာ‌ဖြောင့်ဖြူးနေမှာဖြစ်သလို ကျန်းမာရေးမှာလည်း သာမန်နာဖျားတာလောက်ကလွဲပြီး ကောင်းမွန်နေမှာပါ။

ယုန်နှစ်ဖွား (2023, 2011, 1999, 1987, 1975)

ယုန်နှစ်ဖွားတွေအတွက်လည်း ၂၀၂၆ က ကောင်းမွန်တဲ့ နှစ်တစ်နှစ်ပါပဲ။ လွန်ခဲ့တဲ့နှစ်က မကောင်းတဲ့အရာတွေအားလုံး ဒီနှစ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကောင်းမွန်တဲ့အရာတွေကို ကိုယ့်ရဲ့ အပေါင်းအသင်း၊ မိတ်ဆွေကောင်းတွေဆီက‌နေ ရရှိပါလိမ့်မယ်။ ကိုယ်လျှောက်နေတဲ့လမ်းမှာလည်း အတားအဆီးရယ်လို့ ကြီးကြီးမားမား ဘာမှမရှိနေပါဘူး။ ဒါပေမဲ့ ကိုယ်လိုချင်တာကို ရရှိဖို့အတွက်တော့ ဝီရိယရှိရှိ၊ တက်တက်ကြွကြွ လုပ်ရပါလိမ့်မယ်။ ငွေရေးကြေးရေးမှာလည်း ဝင်ငွေလုံလုံလောက်လောက်ရရှိမှာဖြစ်တဲ့အတွက် စုဆောင်းဖို့အတွက် အစီအစဉ်တွေ သေချာချမှတ်သင့်ပါတယ်။ အချစ်ရေးကိုတော့ အလုပ်အကိုင်မှာ အနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးကလည်း ကောင်းမွန်နေမှာဖြစ်တဲ့အတွက် အထူးပြောစရာမရှိပါဘူး။

နဂါးနှစ်ဖွား (2024, 2012, 2000, 1988, 1976)

နဂါးနှစ်ဖွားတွေကတော့ ၂၀၂၆ မှာ မထင်မှတ်ထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်ပါ။ ကိုယ်ကြိုးစားသလောက် ပြန်မရတာတွေလည်း ရှိနိုင်ပါတယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လုပ်ကိုင်တာတွေထက် တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ဒီနှစ်မှာ ပိုလုပ်သင့်ပါတယ်။ အချစ်ရေးကတော့ အဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးမှာတော့ ကိုယ့်အတွက်ရော၊ ကိုယ့်ရဲ့ မိသားစုအတွက်ရော သေချာဂရုစိုက်သင့်ပါတယ်။ ၂၀၂၆ က စိတ်လှုပ်ရှားစရာရော၊ စိတ်ဖိစီးစရာရော တစ်ချိန်တည်းမှာ ဖြစ်နေနိုင်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။

မြင်းနှစ်ဖွား (2026, 2014, 2002, 1990, 1978)

၂၀၂၆ ခုနှစ်ဟာ မြင်းနှစ်ဖြစ်တဲ့အလျောက် မြင်းနှစ်ဖွားတွေအတွက် ကြီးပွားတိုးတက်မယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ အလုပ်အကိုင်မှာ အခုလက်ရှိအခြေအနေထက် တိုးတက်လာပြီး ငွေရေးကြေးရေးကလည်း တခြားတစ်ခုကို ရင်းနှီးမြှုပ်နှံဖို့ အလုံအလောက်ရှိတဲ့အထိ ကောင်းမွန်နေပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကိုယ့်ရဲ့ မကောင်းတဲ့ အလေ့အထတချို့ကြောင့် ထိခိုက်တာလေးတွေ ရှိနိုင်ပါတယ်။ ဒီအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုပြုပါ။ အလုပ်ဖိအားကြောင့် ကျန်းမာရေးကို ထိခိုက်တာမျိုးလည်း ရှိနိုင်တဲ့အတွက် အလုပ်တွေချည်း လုပ်ပြီး နားချိန်မရှိတာမျိုး မဖြစ်အောင် သတိပြုသင့်ပါတယ်။

ဆိတ်နှစ်ဖွား (2027, 2015, 2003, 1991, 1979)

ဆိတ်နှစ်ဖွားတွေအတွက်ကတော့ ၂၀၂၆ ဟာ အကောင်းတွေများသလို ပြဿနာလေးတွေလည်း မကြာမကြာကြုံတွေ့နိုင်တဲ့ နှစ်တစ်နှစ်ပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူတွေဆိုရင် အခွင့်အလမ်းအသစ်တွေ အများကြီးရှိတဲ့နှစ် ဖြစ်ပါတယ်။ စီးပွားရေးကို အခုထက်ပိုချဲ့ထွင်ပြီး ဝင်ငွေလမ်းကြောင်းတွေ ပိုရအောင် ကြိုးစားသင့်ပါတယ်။ အချစ်ရေးနဲ့ မိသားစုအရေးမှာတော့ သူတို့ကို အပြည့်အဝအာရုံစိုက်နေသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ ကျန်းမာရေးမှာတော့ အလုပ်ပင်ပန်းလို့ နေမကောင်းဖြစ်တာမျိုးကလွဲပြီး ကြီးကြီးမားမား ပြဿနာမရှိပါဘူး။

မျောက်နှစ်ဖွား (2028, 2016, 2004, 1992, 1980)

မျောက်နှစ်ဖွားတွေအတွက်တော့ ၂၀၂၆ မှာ ဘဝက ဘဝအတိုင်းပဲ ရှိနေမယ်လို့ ပြောရမှာပါပဲ။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကိုပဲ ဦးစားပေးလုပ်ဖို့ အားသန်နေမှာဖြစ်သလို ကြိုးစားသလောက် ပြန်ရတာတွေအတွက်လည်း ပျော်ရွှင်ရမှာပါ။ ငွေရေးကြေးရေးမှာတော့ ဝင်ငွေနဲ့ ထွက်ငွေမျှတဖို့ ရုန်းကန်နေရနိုင်ပါတယ်။ အချစ်ရေးမှာဆိုရင် ချစ်သူမရှိသေးတဲ့သူတွေအတွက် ဒီနှစ်ဝက်လောက်ကစပြီး အချစ်တစ်ခု ရောက်ရှိလာနိုင်ချေရှိနေပါတယ်။ ကျန်းမာရေးမှာတော့ အစားအသောက်နဲ့ပတ်သက်ပြီး ပြဿနာလေးတွေရှိနိုင်တဲ့အတွက် ဂရုပြုပါ။

ကြက်နှစ်ဖွား (2029, 2017, 2005, 1993, 1981)

ကြက်နှစ်ဖွားတွေအတွက်တော့ ၂၀၂၆ က အတက်အကျများတဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ အလုပ်အကိုင်မှာတော့ အထူးကောင်းမွန်နေပေမဲ့ ငွေရေးကြေးရေးမှာတော့ ထင်သလောက် အဆင်မပြေတာမျိုး ရှိနိုင်ပါတယ်။ ဒီနှစ်ထဲမှာ ကိုယ့်ရဲ့အောင်မြင်မှုတွေက ကိုယ်ကိုယ်တိုင်အပြင် ပတ်ဝန်းကျင်ရဲ့ အကူအညီပေါ်မှာ မူတည်နေတဲ့အတွက် အပေါင်းအသင်းမိတ်ဆွေတွေရဲ့ အားကို ယူဖို့ မမေ့ပါနဲ့။ အချစ်ရေးမှာတော့ တစ်ခုခုလိုနေသလို ခံစားရနေနိုင်ပေမဲ့ တခြားဆုံးဖြတ်ချက်တွေမချဘဲ အချိန်ကို စကားပြောခွင့်ပေးလိုက်ပါ။ ကျန်းမာရေးကလည်း အတက်အကျတွေ များနေမှာဖြစ်တဲ့အတွက် အမြဲဂရုစိုက်သင့်ပါတယ်။

ခွေးနှစ်ဖွား (2030, 2018, 2006, 1994, 1982)

ခွေးနှစ်ဖွားတွေအတွက်တော့ ၂၀၂၆ က ကောင်းမွန်တဲ့နှစ်တစ်နှစ်ပါ။ အလုပ်အကိုင်တွေ တိုးတက်လာမှာဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေကလည်း ထင်ထားတာထက်ပိုပြီး ဝင်ငွေတွေ ရလာနိုင်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီနှစ်ထဲမှာ ခရီးသွားတာက ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုတိုးစေပါလိမ့်မယ်။ အချစ်ရေးအတွက် အကြံပေးချင်တာကတော့ လိုက်လျောညီထွေမရှိ၊ အလုပ်မဖြစ်တဲ့ ဆက်ဆံရေးတွေဆိုရင် ဖြတ်တောက်ပစ်လိုက်ပါ။ အချစ်ရေးမဟုတ်တဲ့ တခြားဆက်ဆံရေးတွေကတော့ ကောင်းမွန်နေမှာဖြစ်ပြီး အထောက်အပံ့တွေလည်း အများကြီးရပါလိမ့်မယ်။ ကျန်းမာရေးအတွက်တော့ အလုပ်နဲ့ နားချိန် မျှမျှတတရှိဖို့ပဲ အရေးကြီးပါတယ်။

ဝက်နှစ်ဖွား (2031, 2019, 2007, 1995, 1983)

ဝက်နှစ်ဖွားတွေကတော့ ဒီနှစ်မှာ စိတ်အလိုလိုက်တာတွေကို ရှောင်ရှားသင့်ပါတယ်။ အထူးသဖြင့် အချစ်ရေးမှာပါ။ အလုပ်အကိုင်နဲ့ပတ်သက်ရင်တော့ မလိုအပ်တဲ့ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။ ချုံငုံပြီးပြောရမယ်ဆိုရင်တော့ အချစ်ရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်တွေမှာ အားလုံးအဆင်ပြေနေမယ့်နှစ်လို့ ပြောလို့ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ခန္ဓာကိုယ်နဲ့ စိတ် ကြံ့ခိုင်နေဖို့ လေ့ကျင့်ခန်းတွေ အမြဲတမ်း လုပ်ပေးသင့်ပါတယ်။

အခုပြောခဲ့တာတွေကတော့ ရာသီခွင်ပေါ်မူတည်ပြီး ဖြစ်နိုင်ချေရှိတဲ့ ကံကြမ္မာတွေပဲဖြစ်ပါတယ်။ လူတိုင်းရဲ့ ဘဝခရီးလမ်းဟာ ကံကြမ္မာတစ်ခုတည်းတင်မဟုတ်ဘဲ ဉာဏ်နဲ့ ဝီရိယပေါ်လည်း မူတည်နေတာဖြစ်တဲ့အတွက် ဖြစ်လာတဲ့အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်ဖြေရှင်းရင်း ၂၀၂၆ ကို အကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


Share

Comments

Related Posts