
ခေတ်နဲ့အညီ အသုံးအဆောင်ပစ္စည်း အဆန်းတွေ၊ အဆင့်အတန်းမြင့်စေတဲ့ ဇိမ်ခံပစ္စည်းကောင်းတွေ ဝယ်ယူပိုင်ဆိုင်ထားမှ ဘဝရဲ့ ပျော်ရွှင်ကျေနပ်စရာ အနှစ်သာရကို ရရှိမယ်လို့ တော်တော်များများက ထင်မှတ်ထားကြမှာပါ။ ဒါပေမဲ့ ဒီလိုဒြပ်ထုပစ္စည်းတွေဟာ တစ်ခါတလေ ပျောက်ပျက်တာ၊ ခေတ်နဲ့ မလိုက်ဖက်တော့ဘဲ ဒိတ်အောက်သွားတာတွေ ဖြစ်နိုင်ပေမဲ့ ဥ◌ီးနှောက်နဲ့ နှလုံးသားထဲမှာ ရှိတဲ့ အမှတ်တရကောင်းတွေကတော့ အမြဲထာဝရ အတူရှိဖို့ကတော့ အသေအချာဖြစ်ပါတယ်။ ဒီအမှတ်တရတွေက ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအပါအဝင် ခရီးသွားလာခြင်းကနေ ရရှိလာတဲ့ အတွေ့အကြုံကောင်းတွေကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ အခိုက်အတံ့တွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွေ လုပ်ကိုင်ရင်း ကြိုးစားဖြတ်သန်းနေဆဲ ဘဝတစ်ခုအတွက် အနှစ်သာရကောင်း ချန်နေခဲ့ဖို့ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာပဲ အာရုံစိုက်စုဆောင်းမနေဘဲ အတွေ့အကြုံအသစ်တွေ၊ ခံစားမှုအသစ်တွေ ရရှိနိုင်တဲ့ ခရီးသွားလာခြင်းကနေ အမှတ်တရတွေ စုဆောင်းဖို့ အကြုံပြုလိုတာပါ။

ဘဝအတွက် ခရီးသွားခြင်း
တစ်ချို့က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကနေ နောက်တစ်နေရာတစ်ခုကို အပျော်ခရီးသွားလာ လည်ပတ်တယ်ဆိုတာဟာ အကျိုးမရှိ၊ ငွေကုန်ကြေးကျများတဲ့ ဇိမ်ခံအရာတစ်ခုလို သတ်မှတ်တတ်ကြပါတယ်။ ခရီးသွားတယ်ဆိုတာ တကယ့်အပြင်လောကကို စူးစမ်းရှာဖွေနိုင်ပြီး ဒီကနေ ဗဟုသုတနဲ့ အတွေ့အကြုံသစ်တွေ ရရှိနိုင်လို့ အကျိုးကျေးဇူးကောင်းတွေကလည်း တစ်ပုံတစ်ပင်ရယ်ပါ။
- ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေ့လာတာဖြစ်တဲ့အတွက် အတွေးအမြင်နဲ့ ရှုထောင့်အသစ်တွေ ရရှိလာနိုင်ပြီး ယဥ်ကျေးမှုအသစ်တွေ၊ ဘာသာစကား လေယူလေသိမ်းအသစ်တွေနဲ့ ရှုခင်းအသစ်တွေကို မြင်တွေ့ရတာက စာအုပ်တွေ၊ ရုပ်ရှင်တွေထဲမှာ မသင်ယူနိုင်တဲ့ စာနာနားလည်မှုနဲ့ ဗဟုသုတတွေကို ကိုယ်တွေ့ရရှိစေပါတယ်။
- နေ့စဥ်ရုန်းကန်နေရတဲ့ လုပ်ငန်းခွင်ရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တခွဲထွက်လိုက်နိင်ပြီး မောပန်းနေတဲ့ စိတ်ကိုလည်း ပြန်လည် ကြည်လင်လန်းဆန်းစေတယ်။ ခရီးသွားတာကနေ ရရှိတဲ့ လွတ်လပ်မှုဟာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးလို့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကောင်းတွေ ရရှိနိုင်တာပါ။
- မိသားစုနဲ့အတူ၊ သူငယ်ချင်းတွေနဲ့အတူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ခရီးသွားတာပဲဖြစ်ဖြစ်၊ ခရီးလမ်းမှာ လူသစ်တွေနဲ့ ဆုံတွေ့တာပဲဖြစ်ဖြစ် အတူတူဖြတ်သန်းရတဲ့ အတွေ့အကြုံတွေက အချင်းချင်း ပစ္စည်းလက်ဆောင်ပေးကမ်းတာထက် ပိုမိုခိုင်မာတဲ့ သံယောဇဥ်တွေကို ဖြစ်ပေါ်စေလို့ လူမှုဆက်ဆံရေးအတွက်လည်း တစ်ထောင့်တစ်နေရာက အကျိုးရှိစေပါတယ်။

အနှစ်သာရရှိတဲ့ ဘဝတစ်ခု စတင်ခြင်း
တစ်နှစ်တာ ပင်ပန်းထားသမျှ ကြိုးစားထားသမျှတွေကြားထဲ အနည်းဆုံးတော့ ကိုယ်ကိုယ်တိုင်အတွက် အချိန်ခဏဖယ်ထားပြီး အနားယူဖို့အတွက်ရော စိတ်ခွန်အားပြန်လည်ရရှိဖို့အတွက်ပါ ပေါ့ပေါ့ပါးပါး ခရီးလေးတစ်ခု စတင် အစီအစဥ◌်ဆွဲကြည့်ပါ။ ဒီလိုစတင်ဖို့အတွက်
- ဝယ်ယူစုဆောင်းနေကြ ပစ္စည်းတွေထက်စာရင် အတွေ့အကြုံကောင်းတစ်ခုရဖို့ ဥ◌ီးစားပေး ငွေစုကြည့်ပါ။ ဒီကနေ ခရီးတိုလေးဖြစ်ဖြစ် စတင်သွားနိုင်ပြီဆို ခရီးသွားရတာကနေ ရရှိတဲ့ ပျော်ရွှင်မှုက မလိုအပ်ဘဲ ဝယ်လိုက်မိတဲ့ ပစ္စည်းတစ်ခုထက် ပိုမိုကြာရှည်ခံပါတယ်။
- စွန့်စားမှုအသစ်တွေကို နိုင်ငံရပ်ခြားသွားမှ မဟုတ်ဘဲ ကိုယ့်နိုင်ငံအတွင်းက ကိုယ်မရောက်ဖူးသေးတဲ့၊ သွားရလာရလွယ်ကူတဲ့ နေရာတွေကို ရှာဖွေသွားလာရတဲ့ ခံစားချက်ကလည်း ဘဝအနှစ်သာရကောင်းတစ်ခု ဖြစ်စေမှာပါ။
- နောက်ပြီး ဒီလို ခရီးသွားလာတဲ့အခါမှာလည်း ဖုန်းတွေ ဘေးချပြီး လက်ရှိအခိုက်အတန့်ကို တန်ဖိုးထားကာ ပတ်ဝန်းကျင်ရဲ့ အလှအပတွေကို ကိုယ်တိုင်ခံစားကြည့်ဖို့လည်း အကြံပြုလိုပါတယ်။
ဒါကြောင့် ငွေနဲ့ပေးဝယ်လို့မရတဲ့ ဘဝအခိုက်အတံ့ကောင်းတွေအတွက် ခရီးသွားလာခြင်းဟာ ကိုယ့်အတွက်ရော ချစ်ခင်တန်ဖိုးထားရတဲ့သူတွေအတွက် အမှတ်တရကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ သယ်ဆောင်လာပြီး ရှေ့ဆက်ရမဲ့ ဘဝနေ့ရက်တိုင်းအတွက် တစ်ဖန်ပြန်လည် အားအင်ဖြစ်စေမဲ့ အနှစ်သာရကောင်းတွေ ဖြစ်နေမှာ မလွဲဧကန်ပါ။
Comments