
ဖေဖော်ဝါရီလထဲ ရောက်ပြီဆိုတော့ မကြာခင်မှာ Valentines’ Day လို့ခေါ်ကြတဲ့ ချစ်သူများနေ့လည်း နီးလာပြီနော်။ တော်တော်များများက ဒီလိုနေ့မျိုးက ချစ်သူရည်းစားတွေပဲ သက်ဆိုင်ပြီး ပါဝင်ဆင်နွှဲကြတဲ့နေ့လို့သာ သိကြတာမို့ မိသားစုတွေနဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ကျ မေ့နေတတ်ကြပါတယ်။ Valentines’ Day မှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ချစ်ရသူတွေကို သတိတရနဲ့ တမြတ်တနိုး ရှိနေကြောင်း ပြသဖို့အတွက် အချိန်ကုန်၊ လူပင်ပန်းစရာမလိုဘဲ မိသားစုလိုက် ပေါ့ပေါ့ပါးပါးလုပ်ဆောင်နိုင်တဲ့ Activitesလေးတွေ ရှာနေတယ်ဆို ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်မှာပါ။ ဒီလိုနေ့လေးမှာ လက်ဆောင်ပေးနေကြ ချောကလက်လေးတွေ အပြင် မိသားစုလိုက် ပျော်ပျော်ပါးပါး ပြင်ဆင်ဖန်တီးရင်း ဝေမျှချင်စရာကောင်းတဲ့ လက်ဆောင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

လက်ဗွေရာ ပန်းလေး
ချစ်စရာလည်းကောင်း၊ ပြုလုပ်ရတာလည်း လွယ်ကူတဲ့ ဒီပန်းချီကဒ်လေးတွေက အိမ်မှာရှိတဲ့ ကလေးငယ်တွေနဲ့ အလွယ်တကူ ဖန်တီးနိုင်ပြီး လက်ဆောင်လေးတစ်ခုအနေနဲ့ စိတ်ကျေနပ်စရာ ဖြစ်စေမှာပါ။ ကြိုက်တဲ့ ဆေးရောင်ကို လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး စက္ကူပေါ်မှာ ပန်းပုံစံ၊ လိပ်ပြာပုံစံလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်တာပါ။ ပြီးရင် ရောင်စုံခဲတံလေးတွေနဲ့ ပုံဖော်ရေးဆွဲလိုက်ပြီးရင် ကိုယ်ပေးချင်တဲ့သူအတွက် စာလေးတွေ ရေးပြီး လက်ဆောင်ပေးလိုက်မယ်ဆို သဘောတွေ့စရာ အမှတ်တရစာလေး ဖြစ်နေမှာပါနော်။

DIY လက်ဆောင်ကဒ်
အရိုးရှင်းဆုံးနဲ့ ဖန်တီးရ အလွယ်ကူဆုံး DIYလက်ဆောင်လေးကတော့ လက်ရေးစာကဒ်လေးတွေ ပါပဲ။ လက်ခံမယ့်သူနှစ်သက်မယ့် ရုပ်ပုံလေးတွေ၊ ချစ်မြတ်နိုးကြောင်း စာလေးတွေ ရေးဆွဲကာ လိုအပ်သလို ဖန်တီးယူလို့ရပြီး ကလေး၊ လူကြီးမရွေးလည်း ကြိုက်သလို ဆေးခြယ်ဖန်တီးနိုင်တာမျိုးပါ။ ဒီ့ထက်ပိုပြီး ဖန်တီးမှုအားကောင်းကောင်းနဲ့ ထူးထူးခြားခြားဖြစ်ချင်တယ်ဆို ဖောင်းကြွစက္ကူပုံစံလေးတွေ၊ ပုလဲလုံးလေးတွေ၊ ကြိုးလေးတွေ စသဖြင့် ကပ်ပြီး ပြုလုပ်နိုင်ပါသေးတယ်။

ကြယ်သီးအလှဆင်ထားတဲ့ ဓာတ်ပုံဘောင်
အသုံးမလိုတော့တဲ့ ကြယ်သီးလေးတွေ ရှိနေမယ်ဆို ဒီဖန်တီးမှုလေးကလည်း လူကြီး၊ လူငယ်မရွေး အလွယ်တကူ အလှဆင်နိုင်မယ့် လက်ဆောင်လေးပါပဲ။ မှန်ဘောင်လေးတစ်ခုရယ်၊ ကော်ရယ်၊ ဆိုဒ်မျိုးစုံရှိတဲ့ ကြယ်သီးလေးတွေသာ ရှိမယ်ဆို ကိုယ်နှစ်သက်ရာ အသည်းပုံ၊ ပန်းပုံ၊ ကြယ်ပုံ၊ ရှုခင်းပုံ စသဖြင့် အစီအရံ ဖန်တီးနိုင်ပါတယ်။ အိမ်က ကလေးတွေပါ လိုက်လုပ်လို့လွယ်ပြီး ပျော်စရာကောင်းတဲ့ ကစားနည်းဖြစ်နေမှာမို့ လက်ဆောင်ပေးတဲ့သူရော၊ ရတဲ့သူရော အမှတ်တရဖြစ်နေမှာ အမှန်ပါပဲ။

အသည်းပုံ စက္ကူခေါက်မယ်
လူသိများပြီး ခေါက်နည်းအမျိုးမျိုးရှိတဲ့ Origami အသည်းပုံ စက္ကူခေါက်နည်းထဲကမှ လှလှပပနဲ့ စိတ်ရှည်တိကျမှုကို ရည်ညွှန်းတဲ့ ဂျပန်ရိုးရာ စက္ကူခေါက်နည်းလေးကို ဝေမျှလိုက်ပါရစေ။ ခေါက်နည်းကလည်း အရမ်းမခက်ပဲ လွယ်လွယ်ကူကူ လိုက်ခေါက်နိုင်တဲ့အပြင် ခေါက်ပြီးသား စက္ကူပေါ်မှာမှ ကြိုက်တဲ့ accessories လေးတွေ ထပ်ထည့်တာ၊ လက်ရေးစာလေးတွေ ထည့်တာ စသဖြင့် ချစ်မေတ္တာဖော်ကျူးနိုင်တဲ့ လက်ဆောင်ကောင်းလေးတစ်ခု ဖြစ်စေမှာပါ။

အရောင်ခြယ် ကျောက်တုံးလေးတွေ
ကိုယ့်အိမ်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကစားစရာလေးတွေပဲ ဖြစ်ဖြစ် ကျောက်ခဲပြားလေးတွေ ရှိမယ်ဆို ချစ်ရသူတွေကို လက်ဆောင်ပေးချင်စရာ လက်မှုပစ္စည်းလေးတစ်ခုအဖြစ် ဖန်တီးနိုင်ပါသေးတယ်။ အိမ်မှာ သားသားမီးမီးလေးတွေ ရှိမယ်ဆိုလည်း လွယ်ကူတဲ့ ကစားနည်းလေးတစ်ခုအနေနဲ့ ကစားလို့ရပြီး ချစ်မြတ်နိုးရသူတွေအတွက် လက်ဆောင်အနေနဲ့ သီးသန့် ဆေးခြယ်၊ ရုပ်ပုံဆွဲနိုင်တာပါ။
ဒီလောက်ဆိုရင်တော့ Valentines’ Dayမှာ ချစ်ရတဲ့မိသားစုတွေနဲ့ အမှတ်တရကောင်းတွေ ဖန်တီးဖို့နဲ့ ချစ်ခင်မြတ်နိုးကြောင်း ပြသဖို့ ဒီဖန်တီးမှုလေးတွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကလေး၊ လူကြီးမရွေး ထီထွင်ဖန်တီးမှုကို ပြသနိုင်တဲ့ လက်ဆောင်လေးတွေလည်း ဖြစ်ဦးမှာမို့ ဒီနှစ်မှာတော့ သေချာပေါက် ထူးခြားပြီး ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူများနေ့လေး ဖြစ်နေမှာ အသေအချာပါပဲ။
Comments