
စားချင်စဖွယ်လည်း ဖြစ်ရမယ်၊ အာဟာရလည်း ရှိရမယ်၊ အရသာလည်း ရှိရမယ်၊ ဟင်းတွေလည်း မထပ်စေမယ့် နေ့လယ်စာထမင်းဗူးတွေအတွက် ခေါင်းစားနေပြီလား အိမ်ရှင်မတို့ရေ… ကျန်းမာစေတဲ့ အသား၊ ဟင်းသီးဟင်းရွက်နဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကို မျှမျှတတနဲ့ အရောင်စုံ၊ အရသာစုံ ထည့်သွင်းချက်ပြုတ်နိုင်မယ်ဆို နေ့လယ်စာထမင်းဗူးလေးရဲ့ တစ်လုတ်စီ စားလိုက်တိုင်း သဘောတွေ့စေမှာပါ။ အဓိကအနေနဲ့ မြန်မာပါးစပ်နဲ့ အကြိုက်တွေ့စေတဲ့ဟင်းလျာတွေ အများစုမှာ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်နဲ့ နှမ်းဆီတို့က အခြေခံကြတဲ့ သဘာဝပါဝင်ပစ္စည်းအနေနဲ့ ရှိနေတာမို့ ဟင်းပွဲတွေကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်ရှိစေပြီး သဘာဝအတိုင်း အရသာရှိရှိနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းသွား၊ သင်တန်းသွား ကလေးတွေနဲ့ ရုံးသွား၊ အလုပ်သွား ကိုကိုမမတို့ပါမကျန် နှစ်သက်စေမယ့် ထမင်းဗူးတွေကို လွယ်လွယ်ကူကူနဲ့ အရသာရှိရှိ ဖန်တီးနိုင်ဖို့ ဒီဆောင်းပါးလေးရဲ့ အကူအညီသာ ယူလိုက်နော်။

ကြက်သားတာရီယာကီ
စိမ်းစိုနေတဲ့ ပန်းပွင့်စိမ်းကြော်နဲ့ နူးညံ့တဲ့ ကြက်သားဟင်းတို့ ပေါင်းစပ်ထားတဲ့ ဒီထမင်းဗူးလေးဆို အရသာရှိရှိနဲ့ အာဟာရပြည့်ပြည့်ဝဝ စားချင်သူတွေအတွက် ကွက်တိပါပဲ။ အဓိကလိုတဲ့ ပဲငံပြာရည်၊ နှမ်းဆီ၊ ရှာလကာရည်၊ ပျားရည်၊ ပြောင်းဖူးမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နဲ့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ တာရီယာကီဆော့စ်နဲ့အတူ အရွယ်တော်ကြက်သားတုံးလေးတွေနဲ့ ပန်းပွင့်စိမ်း သို့ ကညွတ်တို့နဲ့ ချက်ပြုတ်စားနိုင်ပါတယ်။ အမျှင်ဓာတ်ပိုရချင်တယ်ဆို ရိုးရိုးဆန်အစား ဆန်လုံးညိုနဲ့ တွဲဖက်စားလို့ရသေးတာမို့လို့ အရောင်စုံစုံနဲ့ အရသာရှိတဲ့ ကြက်တာရီယာကီ ထမင်းဗူးလေးရပြီလေ။

ဘင်းဘင်ဘတ် ထမင်းဗူး
ကိုရီးယားဇာတ်လမ်းတွဲတွေမှာ တွေ့နေကြ ကျောင်းထမင်းဗူးလေးအတိုင်း အိမ်မှာလည်း လွယ်လွယ်ကူကူနဲ့ အရသာရှိရှိ ဖန်တီးလို့ရပါတယ်။ ပုံထဲကအတိုင်း အသားနဲ့ ဟင်းရွက်တွေ စုံစုံလင်လင်မထည့်နိုင်ရင်တောင် အိမ်မှာရှိတဲ့ အသားတစ်မျိုးမျိုးနဲ့ အစိမ်းရောင်အရွက်တချို့နဲ့ အာဟာရရှိရှိ ပြင်ဆင်လို့ရတာပါ။ သေချာပြင်မယ်ဆို အသားအနေနဲ့ အမဲသားအသုံးပြုတာ အကောင်းဆုံးဖြစ်ပြီး ကြိုက်နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်တွေနှပ်ထားလိုက်ပါ၊ ပြီးရင် ဟင်းနုနွယ်၊ မှို၊ မုန်လာဥ၊ ကြက်ဥမွှေကြော်တို့ကို သပ်သပ်စီကြော်ထားပြီး ကိုရီးယားငရုတ်သီးအနှစ် (gochujang)၊ ကင်ချီတို့နဲ့ ထမင်းဗူးထဲ အစီအရီထည့်ထားကာ စားခါနီးမှ ရောသမမွှေရုံပါပဲ။

ကာရီထမင်း
ပျစ်ပျစ်နှစ်နှစ်နဲ့ ဗိုက်အပြည့် စားလို့ကောင်းတဲ့ ဂျပန်စတိုင် ကာရီထမင်းလုပ်နည်းမှာတော့ ကြက်သွန်နီ၊ အာလူး၊ မုန်လာဥနီတို့ အဓိကပါဝင်ပြီး ကြက်သား သို့ ဝက်သားတို့ကို အကြော်အလှော်လေးတွေ လုပ်ပြီး ချက်ပြုတ်ပြင်ဆင်နိုင်ပါတယ်။ ဟင်းအနှစ် ကာရီကိုလည်း supermarketတွေမှာ ဝယ်ယူလို့ရပြီး ဒီ့ထက် အရသာစုံအောင် ပန်းသီးလေးတွေပါ စိတ်ထည့်မယ်ဆို အာဟာရရှိရှိ ထမင်းနဲ့ အင်မတန်တွဲစားလို့ကောင်းတဲ့ ပျစ်နှစ်မွှေးကြိုင်နေတဲ့ ကာရီထမင်းလေးကို အဆင်သင့်ထည့်သွားနိုင်တာပေါ့။

ဆူရှီထမင်းဗူး
ဆိုင်မှာ တကူးတကသွားစားဖြစ်ကြတဲ့ ဆူရှီကို အလွယ်တကူပြင်ဆင်ပြီး နေ့လယ်စာအနေနဲ့ ထည့်သွားနိုင်မယ်ဆို စိတ်ဝင်စားကြမလား။ ကိုရီးယားဘင်းဘင်ဘတ်နဲ့ ပုံစံတူသလိုရှိပေမယ့် သူက အရွက်တွေ အသီးအနှံတွေပါ စုံစုံလင်လင်ပါလို့ အရသာနဲ့ အာဟာရပိုရှိပါတယ်။ ဆူရှီတွေမှာဆို ထမင်း၊ အသားနဲ့ အသီးအရွက်တွေ အစီအရီ လိပ်နေစရာမလိုဘဲ ထမင်းဗူးတစ်ဗူးထဲမှာ အရသာနယ်ထားတဲ့ထမင်းရယ်၊ ကြော်လှော်ထားတဲ့ ပုစွန်၊ တို့ဖူး၊ မုန်လာဥနီ၊ ပဲသီးအစိမ်း၊ ခရမ်းရောင်ဂေါ်ဖီ တို့နဲ့အတူ လတ်လတ်ဆတ်ဆတ် သခွားသီးနဲ့ ထောပတ်သီးတို့နဲ့ အားလုံးကို တစ်လွှာစီထည့်ကာ ယူဆောင်စားနိုင်တာမျိုးပါ။

ထမင်းကြော်
ထမင်းကြော်လို့ ပြောလိုက်ရင် တော်တော်များများက ပုံမှန်စားနေကြအတိုင်းမို့လို့ ရိုးအီနေတဲ့သူတွေလည်း ရှိသလို ပါဝင်ပစ္စည်းမျိုးစုံနဲ့ မရိုးတမ်း ကြော်စားနေကြသူတွေ ရှိတာပါ။ ဒီလိုလွယ်လွယ်ကူကူ ကြော်စားလို့ရတဲ့ ထမင်းကြော်ကိုလည်း အာဟာရအပြည့်နဲ့ စားချင်စဖွယ်ဖြစ်အောင် ထမင်းဗူးပြင်ဆင်သွားဖို့ဆို ဘာမှမခက်ပါဘူးနော်။ ကြက်ဥ၊ ကြက်သားတို့နဲ့ ကြော်နေကြ ပုံမှန်ထမင်းကြော်နဲ့ မတူအောင် အသားအတွက်ဆို ဝက်အူချောင်း၊ သုံးထပ်သား (Bacon)လေးတွေ၊ ပုစွန် စသဖြင့် နှစ်သက်ရာအသားတွေ ထည့်တာ၊ အသီးအရွက်အတွက်ဆို ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွအနီ၊ ကင်ချီ စသဖြင့် အရောင်စုံစုံ စားချင်စဖွယ် ဖန်တီးလို့ရပါတယ်။ နောက်ပြီး နာနတ်သီး၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ပဲစိမ်းတို့နဲ့လည်း အာဟာရပြည့်စုံအောင် ထီထွင်ကြော်စားနိုင်သေးတယ်နော်။
ဒီလောက်ဆိုရင်တော့ တစ်နေ့တာအတွက် အားအင်ဖြစ်စေတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှမျှတတနဲ့ အာဟာရရှိရှိ ထည့်သွားလို့ရမယ့် ထမင်းဗူးအိုင်ဒီယာလေးတွေ ရသွားမယ်လို့ ထင်ပါတယ်။ မနက်ပိုင်း ထမင်းဗူးပြင်ဆင်ကြတဲ့အခါမှာလည်း အစားအစာတွေ မပိုမလိုရအောင် ချင့်ချိန်ထည့်ပြီး ချက်ပြီးခါစ ထမင်းတွေ အစိုဓာတ်တွေနဲ့ ချွေးပြန်မနေရအောင် ထမင်းဗူးမပိတ်ခင် နည်းနည်းအအေးခံပြီး ထည့်ပေးဖို့ လိုတယ်နော်။ ဆယ်ကျော်သက်အရွယ် ကလေးတွေအတွက် ထမင်းဗူးပြင်ဆင်တဲ့အခါမှာတော့ သူတို့ရဲ့ ကိုယ်ခန္ဓာဖွံ့ ဖြိုးကြီးထွားလာတာနဲ့အမျှ အစားစားချင်စိတ် ပိုမိုရှိနေတဲ့အတွက်ကြောင့် ပမာဏများများထည့်ပေးဖို့လိုပြီး အဆာပြေမုန့်လေးတွေပါ ထည့်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
Comments