အိမ်ရှင်မတို့ လွယ်ကူသက်သာစေမယ့် ဟင်းပွဲ အလှဆင်နည်းများ

Posted in အစားအစာ


ပွဲတော်ရက်တွေ၊ ပိတ်ရက်တွေမှာ အိမ်မှာပဲ ဧည့်ကောင်းဆောင်ကောင်းတွေကို ကျွေးမွေးဧည့်ခံနိုင်ဖို့အတွက် နှစ်တိုင်း ချက်နေကြဟင်းလျာတွေပဲ ချက်ပြုတ်ကျွေးမွေးနေကြဆို ရိုးအီစရာဖြစ်နေမှာနော်။ ဟင်းပွဲတွေကို ပိုအရသာရှိအောင် အဆင့်မြှင့်ဖို့အပြင် သူနဲ့လိုက်ဖက်တဲ့ ပွဲတော်စားပွဲ အပြင်အဆင်ကလည်း အမြင်ဆန်းဆန်းနဲ့ စားချင်စရာ ဖြစ်နေဖို့ လိုအပ်တာပါ။ ကိုယ့်ရဲ့ အချက်အပြုတ်စွမ်းရည်ကိုလည်း ဒီလိုအချိန်အခါတွေမှာ ပြသနိုင်မယ့် အခွင့်အရေးဖြစ်တာမို့ တစ်နေရာမှ လွတ်မသွားစေဘဲ စီမံခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာပဲ အပြင်က စားသောက်ဆိုင်တွေ အပြင်အဆင်အတိုင်း လှလှပပနဲ့ အရသာရှိနေဖို့ ဘာတွေ လိုအပ်မလဲဆိုတာနဲ့ အိမ်ရှင်မတို့ လွယ်ကူသက်သာစေမယ့် ဟင်းပွဲ အလှဆင် နည်းလမ်းကောင်းတွေကို သိရဖို့ ဒီဆောင်းပါးလေးရဲ့ အကူအညီယူလိုက်နော်။

သဘာဝကျကျနဲ့ ရိုးရှင်းနေမှု

စိမ်းစိုတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အရောင်စိုတဲ့ အသီးအနှံတွေနဲ့တင် ဟင်းပွဲတွေကို တောက်တောက်ပြောင်ပြောင်နဲ့ အရသာရှိရှိ ပြင်ဆင်လို့ရပါတယ်။ လိုအပ်တာတွေနဲ့ ရိုးရိုးရှင်းရှင်းပြင်ဆင်ထားတဲ့ စားပွဲကလည်း အမြင်ကိုဆွဲဆောင်စေပြီး သန့်သန့်ရှင်းရှင်း ရှိတာမို့ ကရိကထမများစေတဲ့ အပြင်အဆင်ဖြစ်စေမှာပါ။ ဟင်းပွဲတွေ ပြင်ဆင်ခင်းကျင်းတဲ့နေရာမှာလည်း ဥပမာ- ဆူရှီပန်းကန်တွေ ပြင်ဆင်တဲ့အခါ လှလှပပဖြစ်ပြီး စားလို့ရတဲ့ ပန်းလေးတွေနဲ့အတူ စိမ်းစိမ်းစိုစိုရှိတဲ့ အရွက်လေးတွေပါ ပေါင်းစပ်ပြင်ဆင်လိုက်မယ်ဆို အမြင်ဆန်းကာ ပိုအရသာရှိနေမှာ။ အသားတွေ၊ အသီးအရွက်တွေ အရေအတွက်စီထည့်တဲ့ အခါမှာလည်း ပန်းကန်ထဲမှာ ၃ခု၊ ၅ခု၊ ၇ခု စသဖြင့် မဂဏန်း အရေအတွက်ပဲ မျှမျှတတ ထည့်စီတာက ပွဲပန်းကန်နဲ့ လိုက်ဖက်ပြီး အမြင်ပိုလှစေမှာပါ။ 

အရောင်နဲ့ Texture

ထမင်းစားပွဲပေါ်မှာ ကိုယ့်ဟင်းပွဲလေးတွေ တစ်ပန်းကန်ချင်းစီ တောက်ပပြီး စားချင်စဖွယ်ဖြစ်နေဖို့ အရောင်လေးတွေ ကစားပေးတတ်ဖို့လည်း လိုတယ်နော်။ အရောင်တွေ သုံးတဲ့အခါ ဥပမာ- အုန်းနို့နဲ့ ပတ်သတ်တဲ့၊ အရောင်ဖျော့ဖျော့နဲ့ ပျစ်ပျစ်နှစ်နှစ် ဖြစ်တဲ့ ဟင်းပွဲတွေမှာဆို အနီရောင် ငရုတ်သီးမှုန်လေးတွေ ဖြူးပေးတာ၊ အစိမ်းရောင်များတဲ့ အရွက်သုပ်တွေမှာဆို အနီရောင် ငရုတ်ပွလေးတွေ ပါးပါးလှီးထည့်ပေးတာ၊ ထမင်းနဲ့ပတ်သတ်တဲ့ အဖြူထည် စားပွဲတွေမှာဆို ထမင်းပေါ်မှာ သလဲသီးစေ့လေးတွေ အပေါ်ယံထည့်ပေးတာ စသဖြင့် အရောင်နဲ့ Texture ကိုလိုက်ပြီး မျှမျှတတ အလှဆင်ဖို့ပါ။ ဘဲကင်၊ အသားကင်တို့နဲ့ တွဲဖက်စားတဲ့ အရွက်တွေ၊ ဖက်ထုပ်ရွက်တွေ အစီအရီထည့်တဲ့အခါမှာလည်း အထပ်လိုက် ရှုပ်ရှုပ်ပွပွ မထားဘဲ စီစီရီရီ ဆဌဂံပုံသဏ္ဌာန် စီထည့်တာမျိုး ပြုလုပ်ပေးမယ်ဆိုလည်း ဟင်းပွဲတွေ အရောင်တောက်စေပြီး စားချင်စဖွယ်ဖြစ်နေမှာအမှန်ပါပဲ။

ပွဲတော်အငွေ့အသက်လေး

အိမ်မှာပဲ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေ ဆင်နွှဲတာဖြစ်ဖြစ်၊ အမှတ်တရပွဲလေးတွေ၊ ချစ်ခင်ရသူတွေနဲ့ ညစာစားပွဲတွေ ရှိမယ်ဆို ချက်ပြုတ်ပြင်ဆင်မယ့် ဟင်းပွဲတွေကနေ ပျော်ရွှင်စရာ အခိုက်အတံ့တွေ ခံစားလို့ရအောင် ဖန်တီးနိုင်ပါသေးတယ်။ အထူးသဖြင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အလှဆင်လို့ ပိုအဆင်ပြေတာမို့ ခရစ်စမတ်သစ်ပင် ပုံသဏ္ဌာန် သခွားသီးလေးတွေ လှီးဖြတ်ပေးတာ၊ ကြယ်ပုံစံ မုန်လာဥလေးတွေ ဟင်းချိုတွေထဲ ထည့်ပြုတ်ပေးတာ စသဖြင့်‌ပေါ့။ နောက်ပြီး အစားအသောက်တွေ ထည့်ပြီး ပန်းကန်ပြင်ဆင်ပေးတဲ့အခါမှာလည်း ခရစ်စမတ်ဆို အနီနဲ့ အစိမ်းလေးတွေဖြစ်တဲ့ ကြက်သွန်မြိတ်နဲ့ ငရုတ်ချဥ်လေးတွေကို စီစီရီရီ အလှဆင်ပေးတာ စသဖြင့် အရောင်လေးတွေနဲ့ လိုက်ဖက်ညီပြီး ပွဲတော်ခံစားချက်လေးရအောင် ပြင်ဆင်နိုင်ပါတယ်။ 

လိုက်ဖက်တဲ့ ခွက်ယောက်ပန်းကန်များ

အရသာကောင်းဖို့နဲ့ လှလှပပ ပြင်ဆင်ခင်းကျင်းထားဖို့တွေ အပြင် နောက်ထပ်အရေးကြီးတာက ဟင်းပွဲနဲ့ လိုက်ဖက်တဲ့ ပန်းကန်‌ကောင်းကောင်းလှလှလေးတွေ ရွေးချယ်တတ်ဖို့လည်း လိုသေးတာပါ။ တရုတ်ရိုးရာ ဒင်းဆမ်းနဲ့ အသားပေါင်းတွေ ဝါးပန်းကန်လုံးလေးတွေ၊ ဂျပန်ရိုးရာ တန်ပူရာအကြော်တွေအတွက် အလျားရှည်တဲ့ ကြွေပန်းကန်ပြားလေးတွေ၊ အရောင်စုံတဲ့ ဆူရှီနဲ့ ဆာတေး (အသားကင်)တွေအတွက် သူတို့အရောင်ကို ပိုပေါ်စေမယ့် အရောင်နက်တဲ့ ပန်းကန်ပြားတွေ စသဖြင့် အသုံးပြု၊ အလှဆင်သင့်ပါတယ်။ ပူပူနွေးနွေး ဟင်းချို၊ Ramen (ခေါက်ဆွဲပြုတ်)တို့အတွက်ဆို ပါဝင်ပစ္စည်းတွေ ပေါပေါများများ ထည့်ပြီး အလှပြလို့ကောင်းမယ့် ပန်းကန်လုံးဇောက်နက်နက်နဲ့ အပေါ်ယံ ပြန့်ကျယ်တဲ့ ပန်းကန်အမျိုးအစားတွေ သူ့နေရာနဲ့သူ အသုံးပြုကာ လိုက်ဖက်ညီ၊ ပြည့်စုံတဲ့ စားပွဲလေးတစ်ခု ဖြစ်နေမှာပါနော်။

ဟင်းပွဲပန်းကန် အလှဆင်တယ်ဆိုတာမှာ အမြင်အရ အလှအပအတွက်တင် မဟုတ်ဘဲ ဒီဟင်းပွဲကို စားရတဲ့ ခံစားချက်ကိုပါ ကျေနပ်နှစ်သိမ့်မှု ရစေပါတယ်။ အရသာရှိရှိ၊ အရောင်အသွေးစုံစုံ၊ လိုက်ဖက်တဲ့ ခွက်ယောက်ပန်းကန်တွေက ဟင်းပွဲတစ်ခွက်ကို ပိုပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးနိုင်တာပါ။ ဒါကြောင့် ချစ်ရသူတွေအတွက် အိမ်မှာပဲ နွေးနွေးထွေးထွေးနဲ့ တခမ်းတနားလေး ဖြစ်စေမယ့် ညစာစားပွဲလေးတစ်ခု ဖန်တီးကြတဲ့အခါ ဒီအချက်လေးတွေနဲ့ မွမ်းမံပြင်ဆင်ကြည့်ပြီး အရသာရှိရှိနဲ့ ပျော်စရာအမှတ်တရလေးတွေ ခံစားရနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 


Share

Comments

Related Posts