
အသက်ကလေးရလာတာနဲ့အမျှ အားအင် မရှိသလို၊ နေမကောင်းဖြစ်ချင်သလိုနဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မှန်းထားသလောက် အလုပ်မတွင် ဖြစ်ဖူးကြမှာပေါ့။ ရောဂါထူပြောပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ရုန်းကန်လှုပ်ရှားကြရတဲ့ ခေတ်ကြီးမှာ ကိုယ့်အတွက် စိတ်အားလူအားအပြည့်နဲ့ ကြုံလာသမျှရင်ဆိုင်နိုင်ဖို့ ကျန်းကျန်းမာမာရှိနေဖို့ အရေးကြီးပါတယ်။ ကျန်းမာနေမှ အလုပ်အကိုင်၊ လူမှုရေးနဲ့ တခြားလူမှုကိစ္စအဝဝ ဆက်လက်လုပ်ဆောင်နိုင်မှာမို့ ကိုယ့်ကျန်းမာရေးကို အမြဲလေ့လာဆန်းစစ်နေဖို့ လိုတာပါ။ အစားအသောက်၊ အနေအထိုင်မှားယွင်းတာ၊ လိုအပ်တဲ့ ဗီတာမင် ချို့တဲ့လို့ ရောဂါဘယတွေ ဖြစ်တာထက်စာရင် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် အထိရောက်ဆုံးဖြစ်တာမို့ တစ်နေ့တာလိုအပ်တဲ့ အစားအသောက်အပြင် မှန်ကန်သင့်တော်တဲ့ အားဆေးကို ရွေးချယ်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ဒီတော့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ခြုံငုံပြီး ကျန်းမာကာ အားအင်ဖြစ်စေမယ့် အားဆေးကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာနဲ့ ဘယ်လို ဗီတာမင်တွေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိစေမလဲဆိုတာ အားလုံးအတွက် ဝေမျှပေးထားလို့ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

ကိုယ်ခံအားကောင်းနေစေဖို့
ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဇင့် စတဲ့ အခြေခံ ဗီတာမင်ဓာတ်တွေက ကိုယ်ခံအားကောင်းနေဖို့နဲ့ ပြင်ပက ရောဂါဘယတွေ အလွယ်တကူ မဝင်နိုင်ဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်းနဲ့ အနာကျက်မြန်စေဖို့လည်း အထောက်အကူပြုပြီး ဗီတာမင် စီက အသားရည် စိုပြေကျန်းမာဖို့အတွက်ပါ ပံ့ပိုးပေးလို့ တစ်နေ့တာမှီဝဲသင့်တဲ့ ဆေးဝါးတွေထဲမှာ မပါမဖြစ် လိုအပ်တဲ့ဓာတ်ပါပဲ။
အရိုးကျန်းမာနေဖို့
အသက်ကြီးလာတာနဲ့သမျှ သွားနဲ့ အရိုးကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တာမို့ ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေကို ဦးစားပေး စားမယ်ဆို အရိုးပွရောဂါဖြစ်တာကလည်း ကာကွယ်ပေးနိုင်တာပါ။ မဂ္ဂနီဆီယမ်ကလည်း အရိုးသိပ်သည်းဆကို ထိန်းထားပေးပြီး ကြွက်သားတွေကျန်းမာဖို့နဲ့ ကြွက်မတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ နောက်ပြီး နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ဝေမျှနိုင်ဖို့ ဗီတာမင် K2 ကလည်း အထောက်အပံ့ဖြစ်စေပါတယ်။

ပင်ပန်းနွမ်းနယ်မလွယ်စေဖို့
အားအင်အပြည့်နဲ့ လန်းလန်းဆန်းဆန်းရှိနေဖို့အတွက်ကလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့၊ လိုအပ်တဲ့ ဓာတ်တွေ ရှိဖို့အရေးကြီးတာပါ။ အထူးသဖြင့် အမျိုးသမီးတွေ သွေးအားနည်းပြီး ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်ဖို့အတွက် သံဓာတ်ပါဝင်တဲ့ အားဆေးကို ဦးစားပေး သောက်သုံးသင့်ပါတယ်။ နောက်ပြီး သက်လုံကောင်းဖို့၊ သွေးလည်ပတ်မှုကောင်းစေဖို့နဲ့ အားအင်ဖြစ်စေတဲ့ ဆဲလ်တွေထုတ်လုပ်ပေးဖို့အတွက်ဆို Coenzyme q10 (coq10) ကိုလည်း တစ်နေ့တာ သောက်သုံးမယ့် အားဆေးမှာ ပါအောင် သောက်ပေးသင့်တယ်နော်။ B ဗီတာမင်တွေ ဖြစ်တဲ့ B6, B12 တို့ကလည်း ဦးနှောက်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေပါတယ်။
စိတ်ကြည်လင်နေစေဖို့
Omega-3 Fatty Acidsက ကိုယ်ရော စိတ်ပါ ပင်ပန်းမှုတွေကနေ စိတ်ကလေး တက်ကြွကြည်လင်နေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်နဲ့ Adaptogens ကလည်း စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချပေးပြီး အိပ်ချိန် လုံလောက်မျှတအောင် ဆောင်ရွက်ပေးတာမို့ သူ့ရဲ့ အသုံးဝင်ပုံကိုလည်း လျော့မတွက်သင့်ဘူးနော်။

ဗီတာမင်အမျိုးမျိုးရဲ့ အကျိုးကျေးဇူးတွေ သိပြီဆိုတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံအလိုက် ချင့်ချိန်သောက်သုံးဖို့ လိုပါသေးတယ်။ တကယ်လို့ ကိုယ်တိုင်က လှုပ်လှုပ်ရှားရှားအလုပ်လုပ်ရတဲ့ နေထိုင်မှုရှိမယ်ဆို ဒါကို ခံနိုင်ရည်အမြဲရှိနေဖို့နဲ့ ကြွက်သားတွေ အကြမ်းခံနိုင်ဖို့အတွက် B Vitaminsတွေ Electrolytesနဲ့ Antioxidants ပိုမိုလိုအပ်မှာဖြစ်ပါတယ်။ အသက်အရွယ်ရပြီဖြစ်တဲ့ အဖိုး၊ အဖွားတို့အတွက်ဆို မှတ်ညဏ်နဲ့ အရိုးကျန်းမာရေးအတွက် Vitamin D၊ B12 နဲ့ Calcium ဓာတ်တွေ အများအပြားလိုအပ်မှာပါ။ ဒီထက်ပိုပြီး ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုက်ဖက်၊ လိုအပ်မယ့်ဓာတ်ပစ္စည်းတွေကို သိရှိချင်တယ်ဆို ကျွမ်းကျင်ရာ အာဟာရပိုင်းဆိုင်ရာ ဆရာဝန်နဲ့ စစ်ဆေးလေ့လာနိုင်ပါသေးတယ်။
အဆုံးထိ ဖတ်ပြီးကြပြီဆိုတော့ ဘယ်လို ဗီတာမင်တွေက ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးနဲ့ လိုအပ်တဲ့ ဓာတ်တွေ ပေးစွမ်းနိုင်ပုံနဲ့ အသုံးဝင်ပုံတွေ သိသွားကြမယ်ထင်ပါတယ်။ ဒီကနေ ကိုယ်နဲ့သင့်တော်တဲ့ အားဆေးရွေးချယ်ရာမှာ အထောက်အကူပြုပြီး ပိုမိုကျန်းမာပြီး အမြဲ အားအင်ပြည့်ဝနေတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေနော်။
Comments