
အသက်အရွယ်မရွေး လိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံနဲ့ ကျန်းမာပြည့်စုံတဲ့ အသားဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ အစားအစာတွေထဲမှာ ငါးက မရှိမဖြစ် အပါအဝင်ရယ်ပါ။ Vitaminsတွေ၊ Mineralsတွေနဲ့ Omega 3 fatty acids တွေ ကြွယ်ကြွယ်ဝဝ ပါတာကြောင့် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအပြင် ခန္ဓာကိုယ်တစ်ခုလုံးအတွက်နဲ့ ကျန်းမာတဲ့စားသောက်မှုအတွက်ပါ ငါးက အကျိုးကျေးဇူးတွေများစွာ ရှိနေတာပါ။ ဒီလိုငါးတွေထဲကမှ အရသာလည်းရှိ၊ ချက်ပြုတ်ရလည်း လွယ်၊ ကိုယ်အလေးချိန်လည်း ထိန်းညှိပေးနိုင်တဲ့ ငါးအမျိုးအစားတွေအကြောင်းကို သူတို့ကိုရှာဖွေတွေ့ရှိနိုင်တဲ့နေရာတွေ၊ စားရင် ရရှိနိုင်မယ့် အာဟာရဓာတ်တွေ၊ အရသာရှိရှိ ချက်ပြုတ်နည်းတွေအကြောင်း ဗဟုသုတရအောင် ဝေမျှလိုက်ပါရစေ။

ကကတစ်
အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး လူတိုင်းနီးပါး နှစ်သက်စွာ စားတတ်ကြတဲ့ ကကတစ်ဟာ ရေချိုဒေသတွေမှာအပြင် ပင်လယ်ရေငံဒေသတွေမှာပါ တွေ့ရနိုင်တဲ့ ငါးအမျိုးအစားပါ။ ကသပေါင်းလို့လည်း ခေါ်ကြတဲ့ ကကတစ်ငါးမှာ ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာမို့ သွေးတိုး၊ နှလုံးရောဂါကိုလည်း ကာကွယ်နိုင်ပြီး Antioxidants တွေလည်း ပါဝင်ကာ ကိုယ်အလေးချိန် ချချင်တဲ့သူတွေအတွက်လည်း အကျိုးပြုစေပါတယ်။ တစ်ခုရှိတာက သူ့မှာ Mercury ဓာတ်တွေ ပါဝင်တာကြောင့် တစ်လမှာ လေးကြိမ်ထက် ပိုပြီး မစားမိဖို့တော့ အကြံပြုလိုက်ပါရစေ။ ချက်ပြုတ်စားသောက်နည်းအနေနဲ့ ဒီငါးအမျိုးအစားကိုက အရသာရှိပြီးသား ဖြစ်လို့ ငါးကို ပေါင်းတာ၊ ကင်တာအပြင် ချိုချဉ်ကြော်၊ ကကတစ်အစပ်ဟင်း၊ ကကတစ်သောက်ဆမ်း စသဖြင့် နှစ်သက်သလို ချက်နိုင်တာပါ။ အရသာအရှိဆုံး ငါးသံပရာပေါင်းအတွက်ဆိုရင်တော့ ကကတစ်ငါးက လူကြိုက်အများဆုံးနဲ့ အရသာအကောင်းဆုံးပါပဲနော်။

ငါးသေတ္တာ
ကယ်လိုရီနည်းပြီး အဆာခံနိုင်တဲ့ငါးအမျိုးအစားဖြစ်တာမို့ ကိုယ်အလေးချိန် လျော့ချချင်သူတွေ နှစ်သက်တတ်ကြတဲ့ ဒီငါးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အပြည့်ပါ။ ပြည်တွင်းမှာတော့ ဟိုင်းကြီးကျွန်းပတ်ဝန်းကျင်မှာ အများအပြားတွေ့ရှိရပြီး ဝယ်ယူရရှိဖို့လည်း မခက်ခဲပါဘူး။ သူ့မှာ Vitamin B12, Seleniumနဲ့ Phosphorus တို့လည်း ပါတာကြောင့် အရိုးတွေသန်မာစေပြီး အာရုံကြောစနစ်လည်း ကျန်းမာကောင်းမွန်စေတာပါ။ ချက်ပြုတ်စားသောက်ရာမှာလည်း ငါးသေတ္တာငါးရဲ့ သဘာဝအရသာဓာတ်လေးလည်း မပျက်သွားအောင် အရသာရှိတဲ့ ဟင်းခတ်ပစ္စည်းတွေနဲ့ ကြိုတင်နှပ်ထားပြီး ကင်တာ၊ bake လုပ်တာက အသင့်တော်ဆုံးနဲ့ အရသာအရှိဆုံးဖြစ်နေမှာပါနော်။ နောက်ထပ်အနေနဲ့ ဗမာခံတွင်းနဲ့ လိုက်ဖက်ညီအောင် curryအနေနဲ့ အုန်းနို့၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပျစ်ပျစ်နှစ်နှစ် ပင်လယ်စာဟင်းလျာလေးအဖြစ် ဖန်တီးနိုင်ပါသေးတယ်။

ဆယ်လ်မွန်
မသိသူ မရှိကြတဲ့ ဆယ်လ်မွန်ငါးမှာတော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာရှိတာ သိထားပြီးသား ဖြစ်ကြမှာပါ။ ဒီငါးမှာ အပေါ်မှာ ပြောပြထားတဲ့ငါးတွေနဲ့နည်းတူ Vitamins နဲ့ Minerals ဓာတ်တွေ ပေါကြွယ်ဝစွာပါပြီး ကျန်းမာစေတဲ့ အဆီဓာတ်တွေလည်း ပါဝင်တာကြောင့် Diet သမားတွေအတွက် ရွေးကိုရွေးချယ်သင့်တဲ့ ငါးအမျိုးအစားပါပဲ။ လတ်ဆတ်တဲ့ အသားနဲ့ ပါးလွှာတောက်ပတဲ့ အရေခွံရှိတဲ့ ဆယ်လ်မွန်အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ရင် အကောင်းဆုံးဖြစ်ပြီး အပူပေး ချက်ပြီးစား စား၊ ဆေးကြောသန့်စင်ပြီး အစိမ်းလိုက်စားစား နူးညံ့ကာ အရသာရှိနေစေပါတယ်။ အစိမ်းမစားချင်လို့ ဟင်းချက်စားမယ်ဆိုလည်း bakeလုပ်တာ အကောင်းဆုံးဖြစ်ပြီး ငါးကိုယ်တိုင် သူ့အရသာ သူရှိပြီးသားမို့လို့ ပါဝင်ပစ္စည်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးထည့်မိတာ၊ မီးပြင်းပြင်းနဲ့ ချက်တာမျိုးတွေတော့ ရှောင်ကြဥ်ပေးဖို့ လိုပါလိမ့်မယ်။

ငါးကွမ်းရှပ် (မက်ကရယ်)
Omega 3 fatty acidsနဲ့ တခြား အကျိုးပြု Nutrientsတွေ ပေါကြွယ်ဝတဲ့ မက်ကရယ်ငါးကိုလည်း ကိုယ်အလေးချိန်ထိန်းညှိတဲ့နေရာမှာ ထည့်သွင်းစားသောက်ဖို့ မမေ့သင့်ပါဘူး။ ဘာလို့ဆို သွေးတွင်းမှာရှိတဲ့ သကြားဓာတ်ကို လျော့ချပေးပြီး ကိုယ်ခန္ဓာအတွက် Proteinဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်လို့ပါ။ ဒီငါးကို ရေငန်ဒေသအပြင် ရေချိုရေငန်စပ်ဒေသတွေမှာပါ တွေ့ရှိနိုင်ပြီး အရိုးနည်းနည်း၊ အသားများများနဲ့ အရသာကလည်း ထူးခြားကောင်းမွန်တာပါ။ ချက်နည်းအမျိုးမျိုးရှိပြီး စားလို့ကောင်းတဲ့ မက်ကရယ်ငါးချက်နည်းထဲမှာဆိုရင် ဂျပန်စတိုင်ချက်နည်းဖြစ်တဲ့ မီဆိုအနှစ်၊ ပဲငံပြာရည်၊ သကြား၊ ဂျင်းနဲ့ ငါးကို နှပ်ထားပြီး ရွှေဝါရောင်သန်းလာအောင် မီးအေးအေးနဲ့ ကင်ချက်တာမျိုးဆို အရသာအရှိဆုံးဖြစ်နေမှာပါ။ Curryအနေနဲ့ ပျစ်ပျစ်နှစ်နှစ်ဟင်းအနှစ်တွေနဲ့ ချက်စားလို့လည်း ရသလို အကြွပ်ကြော်ပြီး ငါးချိုချင်ကြော်အနေနဲ့လည်း စားကောင်းနေမှာအမှန်ပါပဲ။
ဒီလောက်ဆိုရင်တော့ အာဟာရလည်းရှိမယ်၊ အရသာလည်းရှိမယ်၊ လတ်လတ်ဆတ်ဆတ်နဲ့ ချက်နည်းမျိုးစုံ ဖန်တီးစားလို့ကောင်းတဲ့ ပင်လယ်ငါးတွေအကြောင်း သိရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။ အရေးကြီးတာကတော့ ဒီလိုငါးတွေမှာ Mercury ဓာတ်တွေ ပါဝင်တာကြောင့် တန်ဆေးလွန်ဘေးအနေနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေ ချင့်ချိန်စားသောက်ဖို့လည်း ဂရုပြုပေးစေချင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ပေါများပြီး ကိုယ်အလေးချိန်ထိန်းညှိပေးတဲ့ အရည်အသွေးမြှင့်၊ လတ်လတ်ဆတ်ဆတ် ငါးတွေစားရင်း ကျန်းမာပြည့်စုံတဲ့ စားသောက်မှုပုံစံ ပိုင်ဆိုင်ကြပါစေနော်။
Comments