လေးဖက်ထောက်အရွယ်ကလေးငယ်များအတွက် အလိုအပ်ဆုံး အစာအာဟာရ (၅) မျိုး

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


ကလေးငယ်တွေအတွက် လေးဖက်ထောက် စသွားတတ်တဲ့အချိန်က ကြီးထွားဖွံ့ဖြိုးမှု အမြန်ဆုံးနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းသိလိုစိတ်များတဲ့အချိန်ကာလပါ။ ဒီလိုမျိုး ဘဝအတွက် အရေးပါတဲ့ကာလတစ်ခုမှာ ဖေဖေမေမေတွေနဲ့ ကလေးကို ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ အစာအာဟာရ ဖြည့်တင်းပေးတဲ့ အခန်းကဏ္ဍက သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အလားအလာကောင်းတွေ ရရှိနိုင်ဖို့ အရေးကြီးတဲ့အပိုင်းကနေ ပါဝင်နေပါတယ်။ ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစာအာဟာရတွေ စားသုံးစေတာက ကလေးတွေရဲ့ အနာဂတ် ကျန်းမာရေးအတွက် စတင်ရင်းနှီးမြှပ်နှံရတဲ့ အချိန်လဲ ဖြစ်ပါတယ်။  ဒါ့ကြောင့် လေးဖက်ထောက်အရွယ်ကလေးငယ်တွေအတွက် လိုအပ်တဲ့ အစာအာဟာရအချို့နဲ့ အစားအစာပြင်ဆင်ပုံတွေကို ပြောပြပေးသွားပါမယ်။

ကယ်လ်စီယမ် 

ဒါကတော့ အရိုးနဲ့ သွားကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးပါပဲ။ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပန်းပွင့်စိမ်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ဆာဒင်းငါးနဲ့ ငါးသေးသေးလေးတွေကတော့ ကယ်လ်စီယမ်ပါဝင်နေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ကိုယ့်ကလေးရဲ့ အစားအသောက်နဲ့ အဆာပြေမုန့်အနေနဲ့ နို့ထွက်ပစ္စည်းတွေ ဒါမှမဟုတ် ကယ်လ်စီယမ်ပါဝင်တဲ့ မုန့်လေးတွေကို ကျွေးလို့ရပါတယ်။ 

ပိုတက်စီယမ် 

ပိုတက်စီယမ်ဟာ ကြွက်သား၊ အာရုံကြောအဖွဲ့အစည်း၊ ကျောက်ကပ်၊ သွေးလည်ပတ်မှုနဲ့ တခြားများပြားလှတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါဆုံး သတ္တုဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ၊ ထောပတ်သီးနဲ့ ပဲအမျိုးမျိုးတို့မှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးတွေကို ကျွေးမယ်ဆိုရင် အာလူးကို ခြေထားတာမျိုး၊ ငှက်ပျောသီးကို အစိတ်စိတ်လေးတွေ လှီးပြီး အဆာပြေကျွေးတာမျိုး ဒါမှမဟုတ် ပဲဟင်းချိုလုပ်ပေးတာမျိုးတွေ ဖေဖေမေမေမေတို့က ပြင်ဆင်ပေးလို့ရပါတယ်။ 

အသားဓာတ် (ပရိုတင်းဓာတ်) 

အသားဓာတ်ကတော့ ကြွက်သားတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အခြေခံလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အသားဓာတ်ကိုတော့ အသားတွေ၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် တို့ဟူးတို့ကနေ အများဆုံးရရှိနိုင်ပါတယ်။ ကြက်သားကြော်၊ တို့ဟူးကြော် ဒါမှမဟုတ် မနက်စာအတွက် ကြက်ဥကျွေးတာလိုမျိုး နည်းလမ်းတွေနဲ့  အစားအစာတွေမှာ အသားဓာတ်ကို ထည့်သွင်းနိုင်ပါတယ်။ 

ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်ဓာတ်) 

ကစီဓာတ်အနေနဲ့ အားအင်ဖြည့်တင်းဖို့၊ ကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အဓိကလုပ်ဆောင်ပါတယ်။ ဆန်၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ပဲအမျိုးမျိုးနဲ့ မြန်မာ့ရိုးရာအဆာပြေမုန့်တွေက ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဆန်၊ ဟင်းနဲ့ ဟင်းသီးဟင်းရွက်တွေ အစုံပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာကို မိဘတွေက ဖန်တီးပြင်ဆင်ပေးနိုင်ပါတယ်။ 

ဗီတာမင် အေ 

အမြင်အာရုံ၊ ခုခံအားစနစ်နဲ့ အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးကတော့ ဗီတာမင် အေပဲ ဖြစ်ပါတယ်။ အသည်း၊ ငါး၊ အရောင်ရင့်ရင့် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် အေ ပါဝင်ပါတယ်။ ဖေဖေမေမေတို့က ကလေးတွေအတွက် ငါးပေါင်း ဒါမှမဟုတ် ငါးကင်၊ အသည်းဟင်း၊ ဟင်းသီးဟင်းရွက်တွေ ရောချက်ထားတဲ့ ဟင်းချို၊ ဟင်းသီးဟင်းရွက်ကြော်တွေကို ဗီတာမင် အေ ကြွယ်ဝဖို့ ကျွေးလို့ရပါတယ်။ 

ဒီလို အာဟာရပြည့်စုံတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင် ရွေးချယ်ပြင်ဆင်ပေးဖို့က ဖေဖေမေမေတို့အတွက် အရေးကြီးတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးဆရာဝန်တွေဆီက ကလေးငယ်တွေအတွက် အစားအသောက်ကျွေးတဲ့ပုံစံတွေနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ လိုအပ်တဲ့အခါ ရယူဖို့ကိုလည်း တိုက်တွန်းရင်း ဖေဖေမေမေတို့အတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။


Share

Comments

WADI

ဒီဆောင်းပါးလေးတွေကလူတွေတွက်အရမ်းအထောက်ကူပြုတယ်လို ့မြင်ပါတယ်....ဗဟုသုတအဖြာဖြာကိုဖတ်ရှုရလို ့အရမ်းကြိုက်နှစ်သက်ပါတယ်

Ma Thu Zar

လေးဘက်သွားအရွယ် ကလေးလေး ရဲ့ မေမေ မို့ တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါပဲ ခုလို ဖတ်ခွင့် သိခွင့်ရအောင် စီစဥ်စဥ်းစားပေးတဲ့ city mart ကိုလဲ ကျေးဇူး အများကြီးတင်ပါတယ် နှစ်ပေါင်းများစွာ အတူ ရှိနေပေးပါဦးနော် 💗💗

Poe Thadar Cho

၆လ အရွယ်သားသားလေးရဲ့ မေမေတစ်ယောက်အနေနဲ့ မသိသေးတဲ့အရာတွေ ကျွေးသင့်တဲ့ အစာအာဟာရတွေအကြောင်းပြည့်စုံစွာသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်

EI Phyu

၆လ အရွယ်သားသားလေးရဲ့ မေမေတစ်ယောက်အနေနဲ့ မသိသေးတဲ့အရာတွေ ကျွေးသင့်တဲ့ အစာအာဟာရတွေအကြောင်းပြည့်စုံစွာသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်

Related Posts