
အစေ့အဆန်တွေဆိုတာ အခုခေတ်မှာ သရေစာသပ်သပ်မဟုတ်တော့ဘဲ ကျန်းမာရေးအတွက်ရော ကိုယ်ခန္ဓာအာဟာရဖြည့်တင်းဖို့တွေ အတွက်ပါ အရေးပါလာတဲ့ Super Food တွေပါ။ ရိုးရာ တိုင်းရင်းဆေးဖော်တဲ့နေရာတွေမှာ ဆေးဖက်ဝင်စေတဲ့ ဆေးဝါးတစ်ခုအဖြစ် အပြင် အဆင့်မြင့် ဟင်းလျာတွေ ချက်ကြပြုတ်ကြတဲ့ နေရာမှာ အရသာဆိမ့်သက် ကောင်းမွန်နေအောင် ဖန်တီးနိုင်ဖို့ ဒီအစေ့အဆန်တွေကို သုံးစွဲလာတတ်ကြပါပြီ။ ဦးနှောက်နဲ့ ကိုယ်တွင်းအဂါတွေ ကျန်းမာစေဖို့အပြင် အသားရည်လှပဖို့အတွက်ပါ ပုံမှန်စားပေးသင့်တဲ့ မက္ကေးဒေးမီးယားစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေရဲ့ အာဟာရတန်ဖိုးနဲ့ အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်။

မက္ကေးဒေးမီးယားစေ့ (Macadamia Nuts)
အစေ့အဆန်တွေရဲ့ ဘုရင်မလို့ ခေါ်ရမဲ့ Macadamia Nuts တွေက ဦးနှောက်ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်ပြီး သူရဲ့အရသာခပ်ဆိမ့်ဆိမ့်က စားဖူးသူတိုင်း နှစ်သက်ကြတာ အမှန်ပါပဲ။
အရင်က ဩစတေးလျနိုင်ငံမှာ စပြီး စိုက်ပျိုးစားသုံးကြပေမဲ့ အခုချိန်မှာတော့ အာရှစျေးကွက်မှာပါ လူကြိုက်များလှတဲ့ အဖိုးတန်အစေ့အဆန် ဖြစ်နေပြီး ကိုယ်တိုင်ပဲ စားစား၊ လက်ဆောင်ပေးပေး အသုံးဝင်တဲ့ အစေ့အဆန်တစ်မျိုးပါပဲ။
သူက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးတဲ့ Monounsaturated fats ကြွယ်ကြွယ်ဝဝ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတယ်၊
ဦးနှောက်အာရုံကြောတွေအတွက် လိုအပ်တဲ့ Palmitoleic Acid ပါဝင်လို့ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေပါတယ်။

သီဟိုဠ်စေ့ (Cashew Nuts)
အားအင်ဖြစ်စေတဲ့ ဒီ သီဟိုဠ်စေ့ကလည်း လူကြိုက်များတဲ့အပြင် ဟင်းချက်တဲ့နေရာမှာ အသား၊ ငါးတွေနဲ့လည်း တွဲဖက်ချက်ပြုတ်ကြပြီး ဟင်းအနှစ်အနေနဲ့လည်း ထမင်းစားမြိန်စေတဲ့ အစေ့အဆန်တစ်မျိုးပါ။ မြန်မာပြည်အပြင် အရှေ့တောင်အာရှ တစ်ဝိုက်မှာလည်း ပေါပေါများများထွက်ရှိပြီး စားရလွယ်ကူတာကြောင့် မကြိုက်တဲ့သူ မရှိမလောက်ပါဘူး။
ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Zinc နဲ့ Copper ဓာတ်တွေ ပါဝင်တယ်။
ပြင်းထန်တဲ့ အလင်းဒဏ်ကြောင့် မျက်စိပျက်စီးမှုတွေကို ကာကွယ်ပေးတဲ့ Antioxidants တွေပါဝင်တာကြောင့် မျက်စိကျန်းမာရေးအတွက်ပါ စားပေးသင့်ပါတယ်။

သစ်ကြားသီး (Walnuts)
ဦးနှောက်စွမ်းဆောင်ရည် မြှင့်တင်ဖို့ တော်တော်များများ သိထား၊ စားတတ်ကြတဲ့ သစ်ကြားသီးကလည်း သူ့ရဲ့ လူ့ဦးနှောက်နဲ့ ဆင်တူတဲ့ ပုံသဏ္ဌာန်ကြောင့် တမူထူးခြားနေတဲ့ အစေ့အဆန်အမျိုးအစားတစ်ခုပါပဲ။ သူ့ကို သစ်ကြားသီးဟင်းချို လိုမျိုး အချိုပွဲအနေနဲ့အပြင် ပျားရည်၊ နှမ်းတို့နဲ့ ကြော်လှော်ပြီး သရေစာလိုပါ စားလို့ကောင်းပါတယ်။
သူ့မှာ အပင်ကရတဲ့ Omega-3 ကြွယ်ကြွယ်ဝဝ ပါဝင်ပြီး ရောင်ရမ်းမှုတွေကို လျော့ချပေးကာ နှလုံးကျန်းမာစေပါတယ်၊
ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတဲ့ polyphenols ပေါပေါများများ ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်မှာပါ။

ဗာဒံစေ့ (Almonds)
အသားရည်လှချင်သူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေကြားမှာ အရမ်းရေပန်းစားတဲ့ ဗာဒံစေ့တွေကလည်း ကိုယ်ခန္ဓာအတွင်းအပြင်အတွက် အကျိုးကျေးဇူးကောင်းတွေ ရှိလို့နေပါတယ်။
အသားရည်နဲ့ ဆံပင်အတွက် ကောင်းမွန်တဲ့ ဗီတာမင် E ကြွယ်ဝတယ်။
အမျှင်ဓာတ်နဲ့ Magnesium ပါဝင်တာကြောင့် သွေးချိုထိန်းညှိပေးနိုင်လို့ ဆီးချိုသမားတွေအတွက်လည်း သင့်တော်တာပါ။
ဒီလိုအစေ့အဆန်ကောင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့အတွက်ဆို ဆီကြော်စားတာထက် သဘာဝအတိုင်း သို့ အခြောက်လှော်ထားပြီးသား စားသုံးတာအကောင်းဆုံးပါ။ ဦးနှောက်၊ နှလုံးနဲ့ အသားရည်လှပကျန်းမာဖို့အတွက် အခုလို အဘက်ဘက်က အကျိုးကျေးဇူးတွေ ရှိနေတဲ့ အစေ့အဆန်လေးမျိုးအကြောင်း တော်တော်များများ သိရှိသွားမယ်လို့ မျှော်လင့်ရင်း တစ်ပတ်တာ စားသုံးမှုတွေမှာ သေချာပေါက်ထည့်သွင်းစားပေးဖို့ အကြံပြုလိုက်ရပါတယ်။
Comments