Halloween မိတ်ကပ်ဖျက်ဖို့ နည်းလမ်းအဆင့်ဆင့်

Posted in ကျန်းမာရေး, အလှအပရေးရာ


ကိုယ်စီကိုယ်စီ သေချာပြင်ဆင် ချယ်သထားတဲ့ စိတ်ဝင်စားစရာ ဟောလိုးဝင်းအပြင်အဆင်တွေနဲ့အတူ ချစ်ခင်ရင်းနှီးသူတွေနဲ့ ပျော်ရွှင်စရာ ပွဲအခမ်းအနားတွေ၊ တွေ့ဆုံပွဲတွေက မေ့မနိုင်စရာ အမှတ်တရတွေနဲ့ နှစ်တိုင်း တမူထူးခြားစမြဲပါပဲ။ ဒီပျော်စရာတွေရဲ့နောက်မှာတော့ အိမ်ပြန်ရောက်လို့ ဒီမိတ်ကပ်တွေ၊ အပြင်အဆင်တွေ ပြန်ဖျက်ရတဲ့အခါ ထင်သလောက်မလွယ်ကူနိုင်တော့ဘဲ ပြင်ရင် ပြင်ထားသလောက် အဆင့်ဆင့် ပြန်ဖျက်ရတာတွေက စိတ်ညစ်ညူးစရာကောင်းလှတာပါ။ အသားရည်ကျန်းမာရေးအတွက်လည်း အရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့ သန့်ရှင်း‌ရေးကိုလည်း မှန်မှန်ကန်ကန်နဲ့ ညင်ညင်သာသာ လုပ်ဆောင်နိုင်ဖို့အရေးကြီးပြီး မျက်နှာကို သေချာသန့်ရှင်းမှုမရှိဘူးဆို ချွေးပေါက်ပိတ်တာ၊ ခြောက်သွေ့ယားယံတာနဲ့ မျက်စိပိုးဝင်တာတွေအထိ ဖြစ်တတ်လို့ မျက်နှာပေါ် ဘာတွေပဲလိမ်းထားလိမ်းထား နောက်ဆုံးမှာ သန့်ရှင်းရေးက အလိုအပ်ဆုံးဖြစ်မှာပါ။

အခုလို ဟောလိုးဝင်းအတွက်ဆို မျက်နှာပေါ်ဆေးချယ်တာတွေ၊ Glittersတွေ Waterproof Makeup တွေပါဝင်တဲ့ ထူထူပိန်းပိန်း မိတ်ကပ်အပြင်အဆင်တွေအတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ သန့်ရှင်းမှုလိုအပ်တာမလို့ စိတ်ရှည်ရှည်နဲ့ မှန်ကန်တဲ့ ပစ္စည်းတွေနဲ့အတူ မိတ်ကပ်ဖျက်နည်းအဆင့်ဆင့်ကို အဆုံးထိ လိုက်လုပ်ကြည့်နော်။ 

အသုံးဝင်တဲ့ မိတ်ကပ်ဖျက်ပစ္စည်းများ

မျက်နှာပေါ်က ပြင်ဆင်ချယ်သထားတာတွေကို စစချင်း ပြင်ဆင်ခဲ့တဲ့အတိုင်း အဆင့်ဆင့်ပြန်လည်သန့်ရှင်းပေးဖို့ လိုပါတယ်။ 

Oil-Based Cleanser သို့ Balm - အောက်ခံမိတ်ကပ် (Foundation) အထူကြီးတွေ၊ ရေစို၊ချွေးစိုခံ မိတ်ကပ်ပစ္စည်းတွေကို စစချင်းဖျက်ဖို့ဆို ဒါတွေအားလုံး အရည်ပျော်သွားစေမဲ့ အဆီပါဝင်မှုများတဲ့ မျက်နှာသစ်တဲ့ ခရင်မ် သို့ Balm ကို အရင်ဆုံး မိတ်ကပ်လိမ်းထားတဲ့ မျက်နှာတပြင်လုံးကို လိမ်းလိုက်ပါ။ ဒီ Balm က ထူထူထဲထဲ ပြင်ဆင်ချယ်သထားတဲ့ မိတ်ကပ်နေရာတွေကို အားသုံးပြီး ပွတ်ဆွဲစရာမလိုဘဲ အလွယ်တကူ ပျော်ကျလာမှာမို့ ပထမဆုံးအဆင့်အနေနဲ့ အသုံးဝင်တဲ့ သန့်ရှင်းရေးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Micellar Water - တော်တော်များများ အသုံးပြုနေလောက်တဲ့ Micellar Water ကလည်း မိတ်ကပ်ဖျက်ရာမှာ နုနယ်တဲ့ မျက်လုံး၊ မျက်ခွံနေရာတွေမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ထိခိုက်လွယ်တဲ့ အသားရည်တွေအတွက်လည်း သင့်တော်ပါတယ်။ Micellar Waterပါတဲ့ Cotton Pad တစ်ခုနဲ့ ခုနက Balm သုံးရင်း ကျန်ခဲ့တဲ့မိတ်ကပ်အကြွင်းအကျန်တွေကို ညင်ညင်သာသာပဲ သုတ်ပေးနိုင်ပြီး မျက်ခွံပေါ်က Eye shadow, Mascara တွေနဲ့ နှုတ်ခမ်းနေရာတွေကို Cotton Padနဲ့ စက္ကန့်အနည်းငယ်ဖိထားပေးပြီး သုတ်ကာ သန့်ရှင်းနိုင်ပါတယ်။

Water-Based Cleanser - ပုံမှန်သစ်နေကျ မျက်နှာသစ်ဆေးနဲ့လည်း မျက်နှာတစ်ခုလုံးကို နောက်တစ်ခေါက် သန့်ရှင်းပေးဖို့ လိုပါလိမ့်မယ်။ အပေါ်က Oil Cleanser, Balm, Micellar Waterတွေနဲ့ မိတ်ကပ်တွေအားလုံး သန့်ရှင်းပြီးပေမဲ့လည်း မျက်နှာသစ်ဆပ်ပြာက ချွေးပေါက်ထဲက ကျန်နေတဲ့အဆီတွေကို၊ အညစ်အကြေးတွေကိုပါ ပြောင်ရှင်းသွားအောင် အရမ်းမပူတဲ့ ရေနွေးနွေးနဲ့သေချာ မျက်နှာသစ်ပေးလိုက်မယ်ဆို မိတ်ကပ်တွေ စင်ကြယ်သွားလောက်ပါပြီ။ အရမ်းထူပိန်းပြီး ပြင်ဆင်ချယ်သမှုများတဲ့ ဟောလိုးဝင်းမိတ်ကပ်အတွက်ဆို လိုအပ်ရင် ကိုယ့်အသားရည်နဲ့ သင့်တော် မတော် ‌ရွေးချယ်နိုင်တဲ့ Physical (သို့) Chemical Exfoliant အသုံးပြုပြီး ကျန်နေတဲ့ အမှုန်အမွှားတွေ၊ ဆဲလ်သေတွေကို ညင်ညင်သာသာဖယ်ရှားနိုင်ပါတယ်။

Moisturizer - အားလုံးသန့်ရှင်းပြီးသွားပြီဆို မျက်နှာလေးအသားရည်လေး ရေဓာတ်ပြန်လည်ဖြည့်တင်းပြီး ကျန်းမာတောက်ပစေဖို့ Skincare Steps လေးတွေ ဆက်လက်လုပ်ဆောင်‌‌‌ပေးရမှာပါ။ အသားမခြောက်အောင်လို့ အရည်အသွေးကောင်းပြီး ကိုယ်နဲ့သင့်တော်တဲ့ Moisturizer အပြင် ရေဓာတ်ဖြည့်ပေးတဲ့ Toner၊ အရည်ပြားကို အာဟာရဖြည့်ပေးဖို့ Serum တို့ကို အဆင့်ဆင့်သုံးပေးနိုင်ပါတယ်။

သိထားသင့်တဲ့ အချက်များ

အလှအပရေးရာအတွက် အရေးကြီးဆုံး မျက်နှာအသားရည်အတွက် လိုအပ်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ မိတ်ကပ်ဖျက်ကြတဲ့အခါ

  • ဖျက်ချင်၊ ပြောင်ချင်ဇောနဲ့ လောလော လောလော မဖျက်ပစ်ဘဲ အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို တစ်ဆင့်ချင်းအသုံးပြုပေးဖို့ လိုအပ်ပါတယ်။
  • ပြင်းထန်တဲ့ မျက်နှာသစ်ဆပ်ပြာရည်တွေ၊ ချေးချွတ်ပစ္စည်းတွေကြောင့် အသားရည်အတွင်းက သဘာဝအဆီဓာတ်တွေ ကုန်ခမ်းတာ၊ အသားခြောက်တာ၊ ယားယံတာတွေ မဖြစ်ရအောင် တတ်နိုင်သလောက် သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ ပစ္စည်းတွေသာ ဦးစားပေးအသုံးပြုပါ။
  • မျက်နှာသစ်ဆေးပြောင်အောင် မျက်နှာသစ်ဖို့လည်း လိုပြီး ကျန်နေခဲ့မယ်ဆို ချွေးပေါက်ပိတ်တတ်လို့ စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ပေးရပါမယ်။
  • မျက်နှာအသားရည်ရဲ့ ရေဓာတ်ကို အချိန်တိုင်းဖြည့်တင်းနိုင်ဖို့ အရေးကြီးတာမို့ Moisturizerနဲ့ မမေ့မလျော့ အားပြန်ဖြည့်ပေးဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင်တော့ အသားရည်ကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ရင်း ဘယ်လိုပြင်ဆင်ခြယ်သမှုတွေအတွက်မဆို သန့်စင်နိုင်ဖို့ နည်းလမ်းကောင်းတွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။


Share

Comments

Related Posts