ခံတွင်းအခြေအနေနဲ့ သင့်ကျန်းမာရေးအကြောင်း

Posted in ကျန်းမာရေး


နေ့စဥ် အစားအသောက်အမျိုးမျိုးကို စားသုံးနေတဲ့ သွားနဲ့ ခံတွင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် တိုက်ရိုက်ဆက်စပ်နေပါတယ်။ တော်တော်များများက ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် အစားအသောက်ချင့်ချိန်စားမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ် စသဖြင့်ကိုသာ ဦးစားပေးလုပ်ဆောင်ကြတာမို့ အရေးကြီးတဲ့ ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက်ကိုတော့ သတိမမူမိတတ်ကြပါဘူး။ ကိုယ့်သွားနဲ့ ခံတွင်း အခြေအနေက မကျန်းမာဘူးဆို သွားပိုးပေါက်ဖြစ်တာ၊ သွားဖုံး‌ရောင်တာ စသဖြင့်ကိုပဲ အမြန်ပျောက်ကင်းအောင် ကုသလိုက်ကြပေမယ့် ခံတွင်းကျန်းမာရေးနဲ့ ဆက်နွယ်နေတဲ့ နှလုံး၊ ဆီးချို၊ ကိုယ်ခံအားကျဆင်းမှုနဲ့ သတိမေ့ရောဂါတွေအထိပါ အခန့်မသင့်ရင် ကုသနေရနိုင်ပါတယ်။ လူကြီးလူငယ် ကျား၊မ မရွေးအတွက်လည်း လူအများနဲ့ ဆက်ဆံပြောဆိုရာမှာ သွားနဲ့ခံတွင်း သန့်ရှင်းနေမှ အလှပဆုံးအပြုံးတွေ ဝေမျှနိုင်မှာမို့လို့ ဒီလိုအဘက်ဘက်က အရေးကြီးတဲ့ ခံတွင်းကျန်းမာရေးအကြောင်း ပိုမိုသိရှိထားရအောင် အဆုံးထိဖတ်ရှုလိုက်နော်။ 

ခံတွင်းနဲ့ ကိုယ်ခန္ဓာကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ

သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာရေးကို ဂရုမပြုဘဲ ပေါ့ပေါ့ဆဆနေမိတဲ့အခါ ကိုယ်တွင်းကျန်းမာရေးကိုလည်း တစ်မျိုးတစ်ဖုံထိခိုက်လာနိုင်ပါတယ်။ စစချင်းမှာ ခံတွင်းနံ့တွေ နံလာမယ်၊ သွားနဲ့ သွားဖုံးတွေ ပျက်စီးလာမယ်၊ ခံတွင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေအပြင် တဖြည်းဖြည်းနဲ့ ကိုယ်တွင်းအင်္ဂါတွေအထိပါ အထိအခိုက်များလာနိုင်တာပါ။ ဒီထဲကမှ အဖြစ်များတဲ့ရောဂါတွေအနေနဲ့  

နှလုံးရောဂါ - သွားဖုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေက သွားဖုံးအပြင် ကိုယ်တွင်းမှာလည်း ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတာမို့ နှလုံးသွေးကြောကျဥ်းတာ၊ ပိတ်တာ ဖြစ်စေတတ်ပါတယ်။ ပိုးဝင်ထားတဲ့ သွားဖုံးတွေကတစ်ဆင့် ဘတ်တီးရီးယားတွေက သွေးစီးဆင်းရာလမ်းကြောင်းတွေဆီ ရောက်ရှိပြီး သွေးကြောတွေကို ပျက်စီးစေတတ်တာမို့ မပေါ့ဆသင့်ပါဘူး။

ဆီးချိုရောဂါ - ဒီရောဂါက နဂိုကတည်းက ပျောက်ကင်းဖို့ ကြာရှည်တတ်ပြီး သွားဖုံးရောဂါနဲ့ဆို သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ခက်ခဲနိုင်တဲ့အတွက် ဆီးချိုသက်သာဖို့ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် ဆီးချိုသမားတွေမှာ သွားဖုံးအပါအဝင် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ပိုးဝင်နိုင်ခြေများတာကြောင့် ပိုသတိထားသင့်ပါတယ်။ 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ - သွားနဲ့ သွားဖုံးမှာရှိတဲ့ ပိုးမွှားတွေက ကိုယ်တွင်းက သွေးလည်ပတ်ရာလမ်းကြောင်းနဲ့ အသက်ရှူရာ လေလမ်းကြောင်းတွေပါ ဖြတ်သန်းလှည့်ပတ်နိုင်တာကြောင့် Pneumonia ကဲ့သို့ အဆုတ်ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင် သွားဖုံးရောင်ရောဂါ - ဟော်မုန်းအပြောင်းအလဲတွေ ရှိနေတဲ့ ကိုယ်ဝန်ဆောင်မေမေတို့မှာ သွားဖုံးရောင်တာဖြစ်နိုင်ခြေများပြီး ခံတွင်းပိုးဝင်တာအနည်းအများအလိုက် ပြင်းပြင်းထန်ထန် သွားဖုံးရောဂါဖြစ်သွားမယ်ဆို လမစေ့ဘဲ ကလေးမွေးဖွားနိုင်တာ၊ ကလေးကိုယ်အလေးချိန် လျော့နိုင်ပါတယ်။

ကိုယ်ခံအားရောဂါ - နာတာရှည် သွားဖုံးရောင်‌‌ရောဂါဖြစ်ပြီဆို ကိုယ်ခံအားကိုလည်း အားနည်းသွားစေတာကြောင့် တခြားရောဂါတွေ အစပျိုးဖို့ အလားအလာများစေပါတယ်။ ရောင်ရမ်းမှုနဲ့အတူ ဦးနှောက်ရောင်ရမ်းတာလည်း ဖြစ်စေတတ်ပြီး သတိမေ့တာတွေပါ ခံစားရနိုင်တာပါ။

သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာနေအောင် 

ခံတွင်းသန့်ရှင်းမှုမရှိဘူးဆို ကျန်းမာရေးကို ဒီလိုအဘက်ဘက်က ထိခိုက်နိုင်တာကြောင့် ကြိုတင်ကာကွယ်ထားဖို့ဆို ဒီနည်းလမ်းတွေ ပုံမှန်လုပ်ဆောင်ပေးသင့်တာပါ။

  • တစ်ရက် ၂ကြိမ် Fluoride သွားတိုက်ဆေးနဲ့ သွားပုံမှန်တိုက်မယ်၊ အထူးသဖြင့် အိပ်ရာမဝင်ခင်မှာ ၂မိနစ်ကြာ နည်းမှန်လမ်းမှန်နဲ့ သွားတိုက်ပေးပါ။ အစားအစာတွေ ကျန်မနေအောင် Floss လုပ်ပေးပါ။
  • သွားနာမှ မဟုတ်ဘဲ ၆လတိုင်း သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှု ပြုလုပ်တာ၊ သန့်ရှင်းတာတို့ကို လုပ်ဆောင်ပေးတာက ဖြစ်လာနိုင်တဲ့ ခံတွင်းပြဿနာကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
  • အက်စစ်ဓာတ်များတဲ့ အချိုရည်တွေ၊ အသင့်စား အစားအစာတွေ၊ သကြားဓာတ်တွေကို ရှောင်ကြဥ်ပြီး ဗီတာမင် စီနဲ့ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေ၊ ကြွပ်ရွတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးသင့်ပါတယ်။
  • ကွမ်း၊ အရက်နဲ့ ဆေးလိပ်ကလည်း ခံတွင်းရောဂါတွေကို အခြေအနေ ပိုဆိုးရွားစေနိုင်ပါတယ်။  ခံတွင်းခြောက်စေကာ သွားဖုံးတွေကို အားနည်းစေပြီး ခံတွင်းကင်ဆာတွေအထိ ဖြစ်စေတတ်တာကြောင့် ဖြတ်ဖို့ လိုကိုလိုအပ်ပါတယ်။

ရေများများသောက်တာက ပါးစပ်နဲ့ခံတွင်းကို မခြောက်စေဘဲ ဘတ်တီးရီးယားတွေ မဝင်အောင် သဘာဝအတိုင်း  ကာကွယ်ပေးပြီး သွားကြားထဲက ကျန်ရှိနေတဲ့ အစာတွေကိုလည်း ဆေးကြောပြီးသား ဖြစ်စေပါတယ်။ 

သွားနဲ့ခံတွင်းကျန်းမာရေးဟာ ထင်မထားလောက်အောင်ပဲ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာပါ။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကို ဂရုပြုလေ့လာပြီး ဖြစ်လာနိုင်တဲ့ရောဂါတွေကို ကျန်းမာတဲ့ဘဝနေထိုင်မှုနဲ့အတူ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုကာကွယ်ရင်းနဲ့ ကိုယ်ခံအားပြည့်ဝပြီး သန့်ရှင်းကျန်းမာကာ တောက်ပတဲ့အပြုံးတွေကို အသက်အရွယ်မရွေး ပိုင်ဆိုင်နိုင်ကြပါစေနော်။


Share

Comments

Related Posts