ပိုမိုကောင်းမွန်ကျန်းမာတဲ့ ဘဝဆီသို့

Posted in လူမှုဘဝ


ပိုကျန်းမာတဲ့ ဘဝ၊ ပိုကောင်းမွန်တဲ့ လူနေမှုဖြစ်ဖို့ လိုက်နာသင့်တယ်ဆိုတဲ့ နည်းလမ်း၊ အချက်အလက်၊ လမ်း ညွှန်ချက်ပေါင်းများစွာရှိပေမယ့် လူနေမှုပုံစံတစ်ခုလုံးကို နေ့ချင်းညချင်းပြောင်းလဲဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ် တော့ မဟုတ်ပါဘူး။ ပိုကျန်းမာတဲ့ ဘဝရဖို့ဆိုရင် မနက် ဘယ်နှနာရီထမှ၊ တနေ့ ဘယ်လောက်ပြေးမှ၊ စား သောက် မှုပုံစံကို လုံးဝပြောင်းလဲလိုက်မှ စသဖြင့် ခက်ခက်ခဲခဲတွေလုပ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ အသေးအမွှားလို့ ထင်ရတဲ့ ကိစ္စလေးတွေကိုပဲ နေ့စဥ်ဘဝမှာ စွဲစွဲမြဲမြဲ ထည့်သွင်း လုပ်ဆောင်သွား မယ်ဆိုရင်ပဲ စိတ်ရောကိုယ်ပါ ကျန်းမာမျှတတဲ့ လူနေမှုပုံစံကို ဖန်တီးနိုင်ပါတယ်။ ကျန်းမာမျှတဖို့ အခြေခံကျတဲ့  အချို့အချက်တွေကို ကြည့်လိုက်ကြရအောင်။

(၁) ကိုယ်ပိုင်နေရာ ကိုယ်ပိုင်ကမ္ဘာ 

အရာရာဟာ အိမ်ကစတယ်လို့ ပြောရင် ပိုတယ်လို့ ထင်ကြမလားနော် .... တစ်နေကုန်အလုပ်သွား၊ အပြင်သွားပြီး ပင်ပန်းလာတဲ့အချိန် ပြန်လာ၊ နားခိုကြတဲ့ အိမ်ဆိုတာ ကိုယ်ပိုင်ကမ္ဘာလေးဖြစ်လို့ ဒီတိုင်း အခန်းတစ်ခန်းဆိုတာ ထက် ပိုတဲ့ခံစားမှုကို ပေးနိုင်မှ စိတ်ရော ကိုယ်ပါ အပန်းပြေမှာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် အိမ်အလှဆင်တာထက် ပို အခြေခံကျတာက အိမ်သန့်ရှင်းရေးပါပဲ။ အိမ်မသန့်ရှင်းဘူးဆိုရင် ဖြစ်လာမယ့် ပိုးဟပ်၊ ကြွက်စတဲ့ အကောင် ပလောင်တွေ ပေါလာတာ၊ ဖုန်မှုန့်နဲ့ မှိုတွေ များလာတာက တချို့သော ကျန်းမာရေးပြဿနာတွေဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ အိမ်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းရဲ့ အခြေခံပါပဲ။

(၂) ကျန်းမာဖို့ရာ အစားအစာ 

ကျန်းမာဖို့ဆို ဈေးကြီးတဲ့ အစားအသောက်တွေ၊ ဖြည့်စွက်စာတွေကို စားနေမှ၊ ငွေကုန်ကြေးကျခံမှ အာဟာရှိမှာ လို့ မသိစိတ်က ထင်နေတတ်ပါတယ်။ တကယ်တော့ ကိုယ့်ဒေသမှာ ပေါများတဲ့ ရာသီစာတွေ၊ အစားအစာတွေ ကိုပဲ အာဟာရပြည့်ဝအောင် တွဲဖက်စားသုံးလို့ရပါတယ်။ နေ့စဥ်ဘဝမှာ လတ်လတ်ဆတ်ဆတ် အသီးအရွက် သုပ်လေးတစ်ပွဲ ဒါမှမဟုတ် စွတ်ပြုတ်တစ်ခွက် ထည့်သွင်းစားသုံးတာ၊ ပြည့်ဝဆီအစား သံလွင်ဆီသုံးတာ၊ ဒါမှ မဟုတ် ဆီလျှော့သုံးတာ၊ အပြင်စာလျော့ပြီး ကိုယ်တိုင်ချက်စားတာ စတဲ့ အပြောင်းအလဲလေးကို စွဲစွဲမြဲမြဲ ထည့်သွင်းသွားမယ်ဆိုရင် အချိန်တစ်ခုရောက်လာတဲ့အခါ ပိုကျန်းမာပေါ့ပါးလာတာကို လက်တွေ့ခံစားရမှာပါ။

(၃) တကိုယ်ရည်သန့်ရှင်းရေး အချိန်ပေး 

တကိုယ်ရည်သန့်ရှင်းရေးအားနည်းတာက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး ဆိုတာ ရေမှန်မှန်ချိုးဖို့ဆိုတဲ့ အပေါ်ယံလောက်ပဲမဟုတ်ပါဘူး။ ခြေသည်းလက်သည်းကအစ ဆံပင်အဆုံး သန့် ရှင်း သပ်ရပ်ဖို့၊ ခန္ဓာကိုယ်အနံ့ဆိုး၊ ခံတွင်းအနံ့ဆိုးတွေ မရှိစေဖို့ စတဲ့ အသေးစိတ်လေးတွေက အစ ဂရုစိုက်ဖို့ လိုပါတယ်။ အဝတ်အစားတွေကို သန့်စင်အောင် လျှော်ဖွတ်ပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ဖို့လည်း အရေးကြီးပါ တယ်။ လက်ကို သေချာဆေးကြောတာ၊ တစ်‌နေ့နှစ်ကြိမ်သွားတိုက်တာကနေ အင်္ကျီအဝတ်၊ အိပ်ရာနေရာတွေ ကို ပုံမှန်လျှော်ဖွတ်သန့်စင်တာ စတဲ့ တကိုယ်ရည်ကိစ္စတွေကို နေ့တဓူဝ သေချာအချိန်ပေး ဂရုစိုက် လုပ်ဆောင်ခြင်းက စိတ်ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်တာပေါ့။

(၄) အကျိုးကျေးဇူးများစွာ အားကစားမှာ

‌ရောဂါဘယတွေကင်းဝေးပြီး ကျန်းမာနေဖို့ ကိုယ်ကာယအားကစား ပုံမှန်လုပ်နေဖို့လည်း အရေးကြီးပါသေးတယ်။ အားကစားဆိုတိုင်း အားမှ ကစားတာမဟုတ်ဘဲ အဆီပိုကင်းပြီး ကြံ့ခိုင်ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ် နှစ်သက်ရာ အားကစားတမျိုးမျိုးနဲ့ အချိန်ပေး လုပ်ဆောင်နေသင့်တာပါ။ မနက်စောစော နေရောင်ခြည်လေးခံပြီး လမ်းလျှောက်တာမျိုးကလည်း ကျန်းမာရေးအတွက် အရိုးအဆစ်တွေ သန်မာစေပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကိုပါ လျော့ချနိုင်ပါတယ်။ ဒီလို လမ်းလျှောက်တာနဲ့တင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရှိနေတာမလို့ အားကစားအတွက် အချိန်ပေး ပုံမှန်လုပ်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်။(၅) စိတ်ကျန်းမာ ကိုယ်ချမ်းသာ

သန့်ရှင်းမျှတတဲ့ အစားအသောက်တွေ၊ နည်းစနစ်ကျတဲ့ ကိုယ်လက်လှုပ်ရှားအားကစားတွေအပြင် ကျန်းမာလှပတဲ့ဘဝအတွက် အရေးကြီးဆုံးတစ်ခုကျန်နေပါသေးတယ်။ ဒါကတော့ စိတ်၏ ကျန်းမာခြင်းပါ။ ဘယ်လောက်ပဲ  ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပေါ်ယံပြင်ဆင်ကြိုးစားမှုတွေ ရှိရှိ စိတ်အတွင်းထဲကလာတဲ့ ကြည်လင်အေးချမ်းမှုမရှိဘူးဆို အမှန်တကယ် ကျန်းမာပြည့်စုံတဲ့ဘဝနေထိုင်မှုနဲ့ ဝေးနေနိုင်ပါသေးတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းပြီး မာန်မာန၊ လောဘနဲ့ နှိုင်းယှဉ်မှုတွေ ကင်းကာ ကြည်လင်ချမ်းသာတဲ့ စိတ်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနိုင်ရင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာတဲ့ ဘဝလေးက လက်တစ်ကမ်းမှာပါပဲနော်။

ကဲ အရင်ကထက် ပိုကျန်းမာ ပိုလှပရင့်ကျက်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်ဖို့ ဒီနည်းလမ်းလေးတွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ဒီအချက်လေးတွေ ပုံမှန်လိုက်လုပ်ကြည့်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာပြည့်စုံပြီး လိုရာပန်းတိုင်တွေရောက်နိုင်ဖို့ ခု နှစ်သစ်မှာ စတင်ကြိုးစားလိုက်ရအောင်ပါ။


Share

Comments

Related Posts