တစ်အိမ်သားလုံး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာ ရှိနေဖို့ဆိုတာ

Posted in လူမှုဘဝ


ကိုယ်ကိုယ်တိုင် အပါအဝင် မြတ်နိုးတန်ဖိုးထားရတဲ့ အိမ်သူအိမ်သားအားလုံး ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ အဘက်ဘက်က မျှတပြည့်စုံနေဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းနေမှပဲ ရည်မှန်းထားတဲ့ အရာအားလုံးကို ကြိုးစားလုပ်ကိုင်မှာမို့ အခုခေတ်ခါလို ရောဂါထူပြောပြီး စိတ်ဖိစီးစရာများတဲ့ အခြေအနေမှာ လူကြီး၊ လူငယ်မရွေး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေဖို့ အရေးကြီးလာပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း တိုးတက်လာတဲ့ ဒီဂျစ်တယ်ခေတ်နဲ့အတူ အွန်လိုင်းပေါ်မှာ ပုံမှန် မေးထူးခေါ်ပြောရှိကြပေမယ့် လက်တွေ့ဘဝတွေမှာ အထီးကျန်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ရှိတတ်ကြတာမို့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုအတွက်ပါ မျှတလုံလောက်စေမယ့် ကျန်းမာရေးဂရုစိုက်နည်းလေးတွေထဲက လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးအချို့ကို မျှဝေလိုက်မယ်နော်။ 

အာဟာရပြည့်စုံမှု

ကျန်းမာရေးလို့ ဆိုကြရာမှာ ခန္ဓာကိုယ် အပြင်ပန်း ကြံ့ခိုင်နေဖို့အတွက်ပဲ မဟုတ်ဘဲ စိတ်ရောကိုယ်ပါအတွက် ညီတူညီမျှ ကျန်းမာနေဖို့ လိုပါတယ်။ ဒီ့အတွက် နေ့စဥ်စားသုံးနေတဲ့ အစားအစာတွေကလည်း တစ်ခန်းတစ်ကဏ္ဍက ပါဝင်နေပြီး ကိုယ့်ခန္ဓာကိုယ် ကျန်းမာခြင်းကို ပုံဖော်ပေးပါတယ်။ တစ်နေ့တာ ဟင်းချက်စားသောက်ကြတဲ့အခါ ပါဝင်နေကြ ဂျင်း၊ မန်ကျည်းသီး၊ တို့ဖူး စတာတွေက Nutrients တွေ ပေါကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတာမို့ မဖြစ်မနေ ထည့်သွင်းစားသောက်သင့်တာပါ။ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ လက်ဖက်စိမ်း၊ စံပယ်ပန်းနဲ့ ဂန္ဓမာပန်းလက်ဖက်ရည်ကြမ်းတို့ကိုလည်း ဂရုတစိုက် သောက်ပေးသင့်တဲ့ထဲ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာ မုန်ညှင်းရွက် (Bok Choy)၊ ကြာစွယ်နဲ့ အသီးအနှံတွေထဲမှာဆို သင်္ဘောသီး တို့က ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ အသီးအနှံတွေ ဖြစ်ပြီး အာဟာရဖြစ်စေတဲ့ အစားအစာတွေပါပဲ။ တစ်ခုရှိတာက စားသုံးသမျှ အစားအစာတွေအားလုံး လတ်လတ်ဆတ်ဆတ်နဲ့ သန့်သန့်ရှင်းရှင်း ပြင်ဆင်ချက်ပြုတ်ဖို့တော့ အရေးကြီးပါတယ်နော်။ 

အားကစားလိုက်စားမှု 

အသက်အရွယ်အလိုက် သင့်တင့်လျှောက်ပတ်တဲ့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှု ကိုယ်စီကတော့ ရှိကို ရှိထားသင့်တာပါ။ ဒါကြောင့် အိမ်သူအိမ်သားတွေအကုန် နှစ်သက်ရာ ဝါသနာနဲ့ အားကစားကိုယ်စီ ပြုလုပ်နိုင်ဖို့ အားပေးသင့်ပြီး ဖြစ်နိုင်ရင် မိသားစုလိုက် အတူတကွ အချိန်ပေးလုပ်ဆောင်သင့်ပါတယ်။ ပြင်းပြင်းထန်ထန် အားကစားနည်းတွေထက်စာရင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်ကျန်းမာစေမယ့် ယောဂကျင့်တာ၊ ထိုက်ကျိကစားတာ (Tai Chi) တို့က အသက်အရွယ်မရွေး လုပ်ဆောင်နိုင်တာမို့ ကျန်းမာရေးအတွက် အလိုက်ဖက်ညီဆုံးကစားနည်းတွေ ဖြစ်စေမှာပါ။ ကြက်တောင်ရိုက်တာ၊ တင်းနစ်ကစားတာ၊ ဂျူဒို၊ ကရာတေး စတဲ့ ကိုယ်ခံပညာသင်ကြားတာမျိုးတွေလည်း နှစ်သက်သလို လုပ်ဆောင်နိုင်ပြီး လူကြီးမိဘများအနေနဲ့ ဒီလိုကစားနည်းတွေ မပြုလုပ်နိုင်ဘူးဆိုလည်း ပန်းခြံတွေ၊ ဘုရားကျောင်းတွေမှာ ပေါ့ပေါ့ပါးပါး လည်ပတ်လမ်းလျှောက်ရင်း သဘာဝလေကောင်းလေသန့် ရှူရှိက်ကာ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုကို တစ်ဖက်တစ်လမ်းက တိုးတက်စေနိုင်မှာပါ။ 

စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု

လူတော်တော်များများ မေ့နေတတ်ကြတဲ့ စိတ်ရဲ့ကျန်းမာရေးကတော့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကျန်းမာရေးထက် ပိုလို့တောင် အရေးကြီးလာပါတယ်။ ဖိစီးစရာများတဲ့ ခေတ်ခါမှာ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်မြတ်နိုးရသူတွေရဲ့ အချင်းချင်း အားပေးနှစ်သိမ့်မှုတွေက တန်ဖိုးမဖြတ်နိုင်စရာပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် တစ်မိသားစုလုံး ပျော်ရွှင်ကျန်းမာနေဖို့ဆို ရိုးရှင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းလေးတွေ လုပ်တာ၊ သွေးလည်ပတ်မှုကောင်းအောင်နဲ့ အကြောအခြင်ပြေအောင် အနှိပ်ခံတာတွေ လုပ်ဆောင်သင့်ပြီး တရားထိုင်တတ်တဲ့ အလေ့အကျင့်ကိုလည်း မနက်နိုးနိုးချင်းနဲ့ ညအိပ်ရာမဝင်ခင် လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။ နောက်ထပ် မိသားစုလိုက် စည်းစည်းလုံးလုံးနဲ့ ထမင်းလိုက်ဆုံစားကြတာမျိုး မကြာခဏလုပ်ပေးတာကလည်း ရင်းနှီးချစ်ခင်မှုတိုးစေပြီး စိတ်ပိုင်းဆိုင်ရာအတွက် နွေးထွေးလုံခြုံမှု ခံစားရစေပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပြီး အိပ်ချိန်မှန်ဖို့နဲ့ ပြည့်ပြည့်ဝဝအနားယူတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်မို့ ချန်ထားခဲ့လို့မရပါဘူး။ 

ပျော်စရာလေးတွေ ဖန်တီးမှု

တိုးတက်လာတဲ့ခေတ်နဲ့အညီ Screen Time အသုံးပြုတာပဲ များမနေစေဘဲ မိသားစုအတွင်း ပျော်စရာ Activities လေးတွေ လုပ်ဆောင်ရင်း အကျိုးရှိတဲ့ အချိန်လေးတွေကို အတူတကွ အသုံးချနိုင်ဖို့ လိုပါတယ်။ အစားအသောက်တွေ ဖန်တီးချက်ပြုတ်ကြတာ၊ ဝိုင်းဝန်းထိုင် စကားပြောရင်း အတွေ့အကြုံတွေ မျှဝေကြတာ၊ ခရီးအတူထွက်ကြတာ၊ မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေ ရှိမယ်ဆို ဆက်လက် လုပ်ကြည့်ဖို့ အားပေးတာ၊ ဝါသနာသစ်တွေလည်း ရှာဖွေပြီး လုပ်ဆောင်ကြည့်ကြတာ စသဖြင့် ပျော်စရာတွေ ဖန်တီးရင်း မိသားစုအတွင်း ရင်းနှီးချစ်ခင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေ ရရှိနိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ မိသားစုအတွင်း ချစ်ခင်ရင်းနှီးမှုနဲ့အတူ အချိန်တွေအကြာကြီး ကျန်းကျန်းမာမာ အတူရှိကြဖို့အတွက် ဒီနည်းလမ်းလေးတွေက အကျိုးရှိစေမယ်လို့‌ မျှော်လင့်ပါတယ်။ အရာရာ သတိနဲ့ ချင့်ချိန်ပြီး တန်ဆေး၊ လွန်ဘေးမဖြစ်အောင် စားသောက်နေထိုင်ရင်း မိသားစုလိုက် ပျော်ရွှင်ကျန်းမာတဲ့ ဘဝနေထိုင်မှုကောင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်။


Share

Comments

Related Posts