နွေရာသီ မီးဘေးအန္တရာယ်ကို ဒီလိုတားဆီးပါ

Posted in အိမ်မှုရေးရာ


အခုချိန်မှာ အပူချိန်တွေ မြင့်တက်လာတဲ့အပြင် မတ်လကနေ မေလအထိ ပူပြင်းတဲ့နေအပူဒဏ်ကိုလည်း ခံစားရဦးမှာဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်ကို သေချာပေါက်ကာကွယ် သတိပြုသင့်ဖို့ လိုအပ်ပါပြီ။ ဟိုတစ်နေရာ ဒီတစ်နေရာကနေ ခပ်စိပ်စိပ်ကြားနေရတဲ့ မီးဘေးအန္တရာယ်နဲ့အတူ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ထားနိုင်ဖို့ အသေးအဖွဲလေးက အစ ဂရုပြုနေထိုင်သင့်တာပါ။ မီးဆိုတာဟာ "သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး" ဖြစ်တာကြောင့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ မီးဘေးနဲ့ ပတ်သတ်ပြီး အသိ၊ သတိရှိထားရအောင် ဘာတွေရှောင်ကြ၊ ဆောင်ကြမလဲဆိုတာ ဒီဆောင်းပါးလေးကနေ ဝေမျှလိုက်ပါရစေ။

မီးလောင်စေတဲ့ အကြောင်းရင်းတွေ

မြန်မာနိုင်ငံမှာ မီးဘေးနဲ့ ပတ်သတ်ရင် အိုဟောင်းနေတဲ့ လျှပ်စစ်မီးကြိုး သွယ်တန်းထားမှုတွေ၊ သစ်သားနဲ့ တည်ဆောက်ထားတဲ့ အိမ်နေရာဝန်းကျင်တွေနဲ့ မီးသွေးမီးဖိုနဲ့ ဟင်းချက်စားသောက်မှုတွေကနေ ဆင့်ပွားပြီး မီးအန္တရာယ်ဖြစ်စေတာ အများဆုံးပါ။ ပူပြင်းတဲ့ရာသီမှာဆို လေတိုက်တဲ့ပုံစံနဲ့ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကြောင့်အပြင်၊ မသိလိုက် မသိဘာသာနဲ့ ပေါ့ပေါ့ဆဆနေမိတဲ့ မီးတစ်စကြောင့် ပျက်စီးမှုပြင်းထန်တဲ့ ဆုံးရှုံးမှုကြီးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မီးဘေးဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက အဖြစ်များဆုံးတွေကို ဖော်ပြရင်း ကိုယ့်ပတ်ဝန်းကျင်ကို ဆန်းစစ်ဖို့လိုပါတယ်။

  • အိုဟောင်းရှုပ်ထွေးတဲ့ လျှပ်စစ်မီး ဝိုင်ယာသွယ်တန်းထားမှုတွေနဲ့ မီးအားအလွန်အကျွံ သုံးစွဲမှုတွေက မြို့ပြပတ်ဝန်းကျင်မှာ မီးလောင်ကျွမ်းစေဖို့ အစချီတတ်ပါတယ်။ ဒါကြောင့် နေထိုင်ရာ အိမ်၊ အဆောက်အအုံက ၁၀နှစ်နဲ့ အထက်ရှိနေပြီဆို တတ်ကျွမ်းနားလည်သူတွေနဲ့ လျှပ်စစ် မီးကြိုးသွယ်တန်းထားမှုတွေ၊ ကြံ့ခိုင်မှုတွေကို စစ်ဆေးပေးပါ။ အိမ်နဲ့ လုပ်ငန်းခွင်ကနေ မထွက်ခွာခင်မှာလည်း အသုံးပြုခဲ့တဲ့ မီးခလုတ်နဲ့ ပလပ်ပေါက်တွေကို ဖြုတ်ခဲ့၊ ပိတ်ခဲ့ဖို့လည်း အလေ့အကျင့်လုပ်ထားပေးပါ။
  • မီးဖိုချောင်မှာလည်း ဂတ်စ်အိုးယိုစိမ့်မှုတွေ မဖြစ်အောင် ဂရုပြုပေးသင့်ပြီး ဂတ်စ်နံ့ရတာနဲ့ ပြတင်းပေါက်တွေကို ချက်ချင်းဖွင့်ပေးပါ။ ထင်းနဲ့ မီးသွေးမီးဖို အသုံးပြုတဲ့အိမ်တွေမှာလည်း မီးဖိုချောင်မှာ ချက်ပြုတ်ပြီးပြီ၊ ထွက်တော့မယ်ဆို မီးကျွင်းမီးကျန် မကျန်အောင် ရေနဲ့ သေချာငြိမ်းခဲ့ရမှာပါ။ မီးဖိုပတ်ဝန်းကျင်မှာလည်း မီးလောင်လွယ်စေမယ့် လက်နှီးစတွေ၊ ပလတ်စတစ်အိတ်တွေကို အဝေးမှာ ထားပြီး သန့်ရှင်းရေး မကြာခဏပြုလုပ်ပေးသင့်ပါတယ်။
  • နောက်ဆုံးအချက်အနေနဲ့ ဖယောင်းတိုင်နဲ့ အမွှေးတိုင်အသုံးပြုမှုတွေကို သေချာဂရုပြုသင့်တာမလို့ တစ်နေ့လုံး တစ်ညလုံး အိမ်မှာ လူမရှိချိန်၊ ညအိပ်ချိန်တွေမှာ ဖယောင်းတိုင်ထွန်းထားခဲ့တာမျိုးတွေကို ဘယ်တော့မှ မလုပ်မိဖို့ အရေးကြီးပါတယ်။ ဘေးကင်းစိတ်ချရဖို့ဆို ဖယောင်းတိုင်တွေကို ပြင်ညီပြီး မီးလောင်မလွယ်တဲ့ ဖယောင်းတိုင်အောက်ခံပစ္စည်းတွေကိုသာ အသုံးပြုပြီး လိုက်ကာနဲ့ သစ်သားနံရံတွေကနေ ဝေးဝေးထားပေးဖို့ လိုပါမယ်။

ပတ်ဝန်းကျင်ဆိုင်ရာ မီးအန္တရာယ်ဂရုပြုနိုင်ဖို့

ဖေဖော်ဝါရီလ ကနေ မေလအထိက မီးဘေးအန္တရာယ်အဖြစ်စေဆုံး ကာလတွေ ဖြစ်တာမလို့ မီးအသုံးပြုရာမှာ သတိပိုထားသင့်တာပါ။ လေပြင်းတဲ့နေ့တွေမှာ အမှိုက်နဲ့ သစ်ရွက်ဟောင်းတွေ မီးရှို့တာ ရှောင်ကြဥ်သင့်ပြီး ဒီကနေ မီးစလောင်ပြီဆို မီးပွားက လေနဲ့အတူ အဝေးကို ပိုရောက်စေကာ အနီးအနားက အိမ်ခေါင်မိုးတွေအထိပါ လောင်ကျွမ်းစေလို့ပါပဲ။ နောက်ပြီး မီးလောင်လွယ်စေတဲ့ လောင်စာအမျိုးမျိုးကိုလည်း နေရောင်နဲ့ တိုက်ရိုက်မထိစေတဲ့ အေးမြတဲ့နေရာတွေမှာ သိုလှောင်ထားဖို့ အကြံပြုလိုပါတယ်။

အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားနိုင်ဖို့

အိမ်နဲ့ လုပ်ငန်းခွင်တွေမှာ မီးခိုးအချက်ပြပစ္စည်းဖြစ်တဲ့ Smoke Detectors တွေ တပ်ဆင်ထားတာက ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် မီးလောင်တဲ့အခါ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ စက္ကန့်အနည်းငယ်ရရှိစေပါတယ်။

မီးသတ်ဆေးဗူးကို သေချာပေါက်ဝယ်ထား ဆောင်ထားသင့်ပြီး အိမ်မှာရှိနေတဲ့ နှစ်ချို့ မီးသတ်ဆေးဗူးဟောင်းတွေကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်ရင် အသစ်လဲလှယ်ထားသင့်တာပါ။ အသုံးပြုပုံကိုလည်း တစ်အိမ်သားလုံး သိရှိထားအောင် သင်ကြားထားသင့်ပြီး PASS method (Pull, Aim, Squeeze, Sweep) ဖြစ်တဲ့ မီးသတ်ဆေးဗူးထိပ်က Pinကို အရင်ဖြုတ်၊ မီးတောက်ရဲ့ အောက်ခြေကို ချိန်၊ လက်ကိုင်မောင်းကို ဆွဲညှစ်ကာ၊ ဘေးတိုက် ‌ဝှေ့ယမ်းပြီး ဖြန်းပေးရမှာ ဖြစ်ပါတယ်။

အရေးပေါက်ထွက်ပေါက်ကိုလည်း အခန်းတိုင်းမှာ အနည်းဆုံး ၂လမ်း‌ပေးထားပြီး ဘယ်နေရာကထွက်ရမလဲဆိုတာ အားလုံးသိထားပေးဖို့ လိုပါမယ်။ ပြီးတော့ အခန်းသော့တွေ၊ တံခါးသော့တွေကို ယူရလွယ်ကူတဲ့ နေရာမှာ ပုံသေထားရှိပေးဖို့လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်နဲ့ သတင်းတွေကိုလည်း ဂရုပြုလေ့လာနိုင်ပြီး မီးဘေးအန္တရာယ်အတွက် အရေး‌ပေါ် နံပါတ် 191 ကို ဆက်သွယ်နိုင်ပါတယ်။ ကိုယ်နေထိုင်ရာ မြို့နယ်အပိုင်းအခြားအလိုက် တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ မီးသတ်ဌာနဖုန်းနံပတ်တွေကိုလည်း မှတ်သားထားတာ အကောင်းဆုံးပါပဲ။

သဘာဝကြောင့် ဖြစ်လာတဲ့မီးဖြစ်ဖြစ်၊ လူကြောင့် ဖြစ်တဲ့ ပေါ့ဆမီးဖြစ်ဖြစ် မီးဘေးအန္တရာယ်အတွက် အပေါ်မှာပြောပြထားတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပါ သိထားပြီး အသိ၊ သတိနဲ့ လုပ်ဆောင်စရာရှိတာတွေကို လူတိုင်း၊ အိမ်တိုင်း၊ အလုပ်ခွင်တိုင်း ကြိုတင်လုပ်ကိုင်ထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေ အခုလို ဝေမျှလိုက်ရပါတယ်။ 


Share

Comments

Related Posts