
မြန်မာအစားအစာအပါအဝင် အာရှအစားအစာအများစုက မီးများများအသုံးပြုပြီး ကြော်လှော် ချက်ပြုတ်ကြတဲ့အတွက် မီးဖိုချောင်တိုင်းမှာ နေ့စဥ် အညှော်နံ့ကတော့ အနည်းအများ ရှိကြစမြဲပါ။ နေထိုင်ရာ တိုက်ခန်းအိမ်ရာတွေရဲ့ မီးဖိုချောင်မှာလည်း ဒီလို ဟင်းချက် အကြော်အလှော်အနံ့တွေအတွက် သီးသန့် လေစုပ်၊လေထွက်ပေါက်တွေ ထားရှိကြပေမဲ့ နေရာအကျယ်အဝန်းနဲ့ ငွေကြေးအရ အိမ်တိုင်းမှာ မရှိနိုင်တာကြောင့် ဟင်းချက်စားသောက်ချိန်က ခဏပေမဲ့ ဒီအညှော်မီးခိုးအနံ့တွေက အချိန်တစ်ခုကြာတဲ့အထိ ရှိနေတတ်ကြမှာပါ။ ဒီအနံ့အသက်တွေက တစ်ခါတစ်လေဆို ကိစ္စမရှိပေမဲ့ နေ့စဥ်ရက်ဆက် ဖြစ်လာပြီဆို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ရှေ့လျှောက် ဒီလိုဆိုးကျိုးတွေ ဖြစ်မလာရအောင် ကိုယ့်အိမ်မှာ အညှော်နံ့ သက်သက်သာသာနဲ့ ကျန်းမာစွာ ချက်ပြုတ်နည်းလမ်းကောင်းတွေကို သိထားရအောင် မျှဝေချင်ပါတယ်။

ဟင်းချက်ဆီ ကောင်းကောင်းရွေးချယ်ပါ
ညော်နံ့တွေ၊ မီးခိုးတွေ ထွက်တာရဲ့ အဓိကအကြောင်းရင်းထဲက တစ်ခုဖြစ်တဲ့ အပူချိန်မြင့်မြင့် ဟင်းချက်ဖို့ မသင့်တော်တဲ့ ဆီများကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဥပမာ - ထောပတ်ဆီ သို့ သံလွင်ဆီ (Extra Virgin Olive Oil) တွေမှာဆို အပူချိန်နည်းနည်းနဲ့တောင် မီးခိုးထွက်လွယ်တာပါ။ ဒါကြောင့် အပူချိန်များများနဲ့ ကြော်လှော်မယ်ဆို အကြော်ခံတဲ့ ပဲဆီက အကောင်းဆုံးဖြစ်ပြီး သန့်စင်ပြီးသား စားအုန်းဆီ စသဖြင့် အပူဒဏ်ခံနိုင်သော ဆီများကို အသုံးပြုသင့်ပါတယ်။
အစားအစာတွေကို ခြောက်သွေ့အောင် ထားပါ
အစားအစာတွေမှာ ရေငွေ့ပါနေမယ်ဆို ပူနေတဲ့ ဒယ်အိုးထဲကို ထည့်လိုက်အခါ ဆီငွေ့တွေရော၊ ရေငွေ့တွေရော လေထဲရောက်ပြီး မီးခိုးနဲ့ အနံ့အသက်တွေ ဖြစ်စေပါတယ်။ တစ်ခါတစ်လေ အချိန်မရတဲ့အခါ ရေခဲသေတ္တာထဲက အေးခဲအသားတွေကို အပူမခံဘဲ ဒယ်အိုးထဲ ချက်ချင်းထည့်ချက်တဲ့အခါ၊ အဆီများတဲ့ အစားအစာတွေကို ပြန်နွေးတဲ့အခါတွေမှာလည်း ရေငွေ့တွေ၊ ဆီငွေ့တွေနဲ့ မီးဖိုချောင်မှာ အခိုးအငွေ့တွေ အောင်းနေနိုင်ပါတယ်။
ဒါကြောင့် အသား သို့မဟုတ် ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင်မှာ တစ်ရှူးနဲ့ အစိုဓာတ်ကုန်စင်အောင် အရင်သုတ်ပေးလိုက်ရင်တော့ ဟင်းချက်စားတဲ့အခါမှာလည်း မီးခိုး၊ အနံ့အသက်တွေမပါဘဲ သဘာဝအတိုင်း အရသာကောင်းကောင်း စားရတာပေါ့။

လေဝင်လေထွက်စနစ်ကို ကြိုတင်ဖွင့်ထားပါ
ဟင်းချက်တဲ့အခါ တော်တော်များများက အညှော်နံ့တွေ ထွက်မှ အငွေ့စုပ်စက် (Exhaust Fan) ဖွင့်တတ်ကြပါတယ်။ ဒီလို မီးခိုးမြင်ရမှ Exhaust Fan ဖွင့်တာထက် ဟင်းမချက်ခင် ၅ မိနစ်လောက် ကြိုတင်ဖွင့်ထားမယ်ဆို မီးဖိုချောင်အတွင်းမှာ လေဝင်လေထွက်ကောင်းနေအောင် ပြင်ဆင်ထားလို့ရတာပေါ့။ ဒါဆိုရင် အညှော်နံ့တွေ စထွက်လာတာနဲ့ ချက်ချင်းလေစုပ်သွားတဲ့အတွက် အဆင်ပြေလွယ်ကူပြီး အနံ့အသက်လည်း ကင်းစင်စေမှာပါ။
အိုးအပူချိန်ကို ထိန်းညှိပါ
ချက်ပြုတ်တဲ့ အိုးအမျိုးအစားအလိုက် အပူကူးမှု မြန်၊မမြန် ကွာခြားနိုင်ပေမဲ့ အိုးထဲကို ချက်ပြုတ်မဲ့ အစားအစာတွေ မထည့်ခင်မှာ အိုးကို အကြာကြီး အပူပေးမထားသင့်ပါဘူး။ ဘာကြောင့်ဆို ဆီတွေပဲ လောင်ကျွမ်းပြီး မီးခိုးတွေ ထွက်နေလိမ့်မှာပါ။ ဒါကြောင့် ဆီအရောင်တောက်လာပြီဆိုတာနဲ့ ဟင်းစချက်ဖို့ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကို တစ်ဆင့်ချင်း ထည့်သွင်းချက်ပြုတ်သင့်ပါတယ်။

အိုးအောက်ခြေကို သန့်ရှင်းပါ
ဟင်းချက်နေကြ အိုးတွေရဲ့ အတွင်းအောက်ခြေဘက်မှာ မီးပြင်းလို့ အိုးကပ်တာတွေကြောင့် အမည်းရောင်တွေဖြစ်နေတတ်ပြီး ဒါတွေက အပူဒဏ်ကြောင့် လောင်ကျွမ်းပြီး မီးခိုးထွက်စေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းချက်နေစဥ်မှာ ရေ သို့ ဟင်းရည် နည်းနည်းထည့်ပေးတာက အိုးကပ်တာမဖြစ်စေဘဲ မီးခိုးနံ့မထွက်အောင်ပါ ထိန်းချုပ်ပေးနိုင်မှာပါ။
ဒါ့အပြင် မီးခိုး၊ အညှော်နံ့ စုပ်စက် အသုံးပြုမယ်ဆိုလည်း စက်အတွင်းက အဆီစစ်ဇကာတွေမှာ အဆီတွေ မပိတ်ဆို့နေအောင် အနည်းဆုံး ၁လ ၁ကြိမ် ပုံမှန်ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။
မိသားစုဝင်တိုင်းအတွက် နေ့စဥ်လှုပ်ရှားပြင်ဆင်နေရတဲ့ မီးဖိုချောင်လေးကနေ အရသာရှိရှိဟင်းလျာတွေကို သန့်သန့်ရှင်းရှင်းနဲ့ အညှော်နံ့ကင်းစင်စွာ ဖန်တီးနိုင်ဖို့ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ရင်း ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစေနော်။
Comments