
တစ်နေ့တစ်ခြားပြောင်းလဲလာတဲ့ လူနေမှုပုံစံကြောင့် ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်တွေကို ရရှိဖို့ အရင်ကထက် မလွယ်ကူတော့ပါဘူး။ အမျိုးသား၊ အမျိုးသမီးမရွေး ကျန်းမာသန်စွမ်းပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းဖို့ နေ့စဥ်မှီဝဲနေတဲ့ ဗီတာမင်မျိုးစုံ သို့ သဘာဝကရတဲ့ ဗီတာမင်ဓာတ်တွေကသာ ဖြည့်စွမ်းပေးနိုင်မှာပါ။ ဒါတွေကို ကိုယ့်ရဲ့တစ်နေ့တာထဲမှာ ထည့်သွင်းစားမသောက်ခင်မှာတော့ သူတို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့အတူ ဘယ်အချိန်မှာ ဘယ်လိုသောက်သုံးသင့်လဲ ဆိုတာနဲ့ သဘာဝအတိုင်း အစားအသောက်၊ အနေအထိုင်ကောင်းတွေကနေ ဗီတာမင်ဓာတ်တွေ ရရှိနိုင်လဲဆိုတာတွေကို အဘက်ဘက်က လေ့လာထားဖို့ကလည်း အရေးကြီးတယ်နော်။

တစ်နေ့တာအတွက် ဗီတာမင်
ပထမဆုံးအနေနဲ့ သောက်သုံးနေကြတဲ့ ဗီတာမင်တွေ (Multivitamins) ဆိုတာဟာ Magnesium ၊ Zinc နဲ့ Calcium စတာတွေကို Vitamin A, B-complex, C, D, E, K စတဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဓာတ်ပစ္စည်းတွေကို ပေါင်းစပ်ဖော်ထုတ်ထားတဲ့ ဗီတာမင် ဆေး တစ်မျိုး ဖြစ်ပါတယ်။ သူတို့ကို ဆေးတောင့်၊ ဆေးပြား၊ ပေါင်ဒါအမှုန့်နဲ့ ဝါးစားစရာ ဂျယ်လီ (Gummies) ပုံစံပါမကျန် အမျိုးမျိုး သောက်သုံးမှီဝဲနိုင်တာပါ။
- ဒီလို ဗီတာမင်တွေကို တစ်နေ့တာစားသုံးမှုထဲ ထည့်သွင်းစားသောက်တော့မယ်ဆို
- နေ့တိုင်း တစ်နေ့တစ်ကြိမ် သို့ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်သင့်တော်တဲ့ အမျိုးအစားနဲ့ ပမာဏကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။
- အစာအိမ်နဲ့ဓာတ်မတည့်တာ မဖြစ်ရအောင်နဲ့ ဗီတာမင်ဓာတ်တွေ စုပ်ယူနိုင်စွမ်း တိုးတက်အောင် အစာနဲ့ တွဲဖက်စားပါ။
- ဘေးထွက်ဆိုးကျိုးမဖြစ်စေဖို့ တူညီတဲ့ ဗီတာမင်အမျိုးအစားတွေကို အများကြီးသောက်တာမျိုး ရှောင်ကြဥ်ပေးပါ။
- ရေများများသောက်ဖို့ အရေးကြီးပြီး ဆေးဝါးမှီဝဲတာနဲ့အတူ ပြည့်စုံမျှတတဲ့ အစားအသောက်ကိုလည်း ရေရှည်စားသုံးပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကောင်းကျိုးနဲ့ ဆိုးကျိုး
ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေပေးတဲ့ ဗီတာမင်ဓာတ်တွေမှာလည်း တန်ဆေး၊ လွန်ဘေးကြောင့် ဆိုးကျိုးတွေလည်း ရှိနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကောင်းကျိုးတွေကတော့
- ဗီတာမင်ဓာတ်တွေကို တစ်နေရာစီမှာ တစ်ခုစီ ရှာဖွေသောက်သုံးနေစရာမလိုဘဲ ဆေးတစ်မျိုးတည်းနဲ့ အလွယ်တကူ သောက်သုံးလို့ရတယ်။
- Diet သမားတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အာဟာရချို့တဲ့နေသူများအတွက်လည်း အဆင်ပြေလိုက်ဖက်လှပါတယ်။
မထင်ထားတဲ့ ဆိုးကျိုးတွေအနေနဲ့ကတော့ လိုအပ်တာထက် ပိုမိုသောက်သုံးမိတယ်ဆို
- ဗီတာမင်အဆိပ်သင့်တာ၊ အထူးသဖြင့် Vitamins A, D, E, K တို့ လွန်လွန်ကဲကဲ မှီဝဲမိတာတို့မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနိုင်တာပါ။
- နောက်ပြီး ကိုယ်က ဗီတာမင်အားဆေးတွေ နေ့စဥ်သောက်နေတာပဲဆိုပြီး စားသောက်နေထိုင်မှုပုံစံကို အလေးမထားဘဲ မှားယွင်းစားသောက်တာ အပြင်
- အရည်အသွေးမကောင်းတဲ့ ဗီတာမင်အားဆေးတွေ သောက်သုံးမိတာ၊ မလိုအပ်ဘဲ ဆေးကို စွဲလမ်း သောက်သုံးနေမိတာတွေ ဖြစ်တတ်သေးတာပါ။

သဘာဝကနေ ရရှိနိုင်တဲ့ ဗီတာမင်ဓာတ်တွေ
ဒီလို ကောင်းကျိုး၊ ဆိုးကျိုးတွေ မျှခြေရှိနေတဲ့ ဗီတာမင်ဆေးဝါးတွေပဲ ကိုယ်ခန္ဓာအတွက် မှီဝဲနိုင်တာမဟုတ်လို့ သဘာဝကရတဲ့ အစားအသောက်နဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုတွေကနေ ဗီတာမင်ဓာတ်တွေ ရရှိနိုင်တာပါ။ ဒီအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုကြည့်မယ်ဆိုရင်
- မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ဟင်းနုနွယ်တို့မှာ Vitamin A
- အစေ့အဆန်တွေ၊ ကြက်ဥနဲ့ ငါး တို့မှာ Vitamin B-complex
- အချဥ်ဓာတ်ပေါများတဲ့ အသီးတွေ၊ ဘယ်ရီသီးနဲ့ ငရုတ်ပွတို့မှာ Vitamin C တို့အပြင်
- မနက်ပိုင်း နေရောင်ခံပေးတာ၊ နွားနို့သောက်တာတို့ကလည်း Vitamin D ရရှိဖို့ အထောက်အကူပြုပါတယ်။
- Vitamin E ရဖို့အတွက် အစေ့အဆန်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေ စားသုံးနိုင်ပြီး
- Vitamin K အတွက် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီရွက် အစိမ်း (Kale)၊ ဂေါ်ဖီ (Brussels sprouts) တို့ကနေ လိုအပ်တဲ့အာဟာရတွေ ရရှိနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဗီတာမင်ဆေးဝါးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ သဘာဝအတိုင်း ရရှိနိုင်တဲ့ အာဟာရဓာတ်တွေ အကြောင်း စုံစုံလင်လင် သိသွားကြမယ်ထင်ပါတယ်။ ဗီတာမင်အားဆေးတွေဆိုတာဟာ သဘာဝအတိုင်း အာဟာရဓာတ်အစုံကို မရရှိနိုင်မှသာ ဖြည့်စွက် ဗီတာမင်ဓာတ်အနေနဲ့သာ ကျန်းမာရေးအရ မှီဝဲသင့်တာဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းဖို့အတွက် ဆေးဝါးတွေအပေါ်မှာပဲ မှီခိုနေတာ၊ အာဟာရအစားထိုးအနေနဲ့ သောက်သုံးနေတာမျိုးတွေ မလုပ်သင့်ဘဲ သဘာဝအတိုင်း အာဟာရဖြည့်တင်းနိုင်ဖို့က ပိုအရေးကြီးတာပါ။ အားအင်ဖြစ်စေမယ့် အစားအစာတွေကို စားမယ်၊ တက်တက်ကြွကြွ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ အားဆေး စသောက်မယ်ဆိုလည်း ကိုယ့်ကျန်းမာရေး၊ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမယ့် ဆေးဝါးတွေကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးတာတို့ကို အဓိကထား လုပ်ဆောင်ပေးမယ်ဆို ကျန်းမာတက်ကြွတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။
Comments