မိုးရာသီမှာ သေချာပေါက် လုပ်စားကြည့်သင့်တဲ့ မုန့်လုပ်နည်း ၅မျိုး

Posted in အစားအစာ


မိုးအေးအေးနဲ့ တွေးချင်၊ ဆွေးချင်စရာကောင်းတဲ့ ခုလိုရာသီဥတုမျိုးမှာ စိတ်ကျေနပ်စရာကောင်းတဲ့ အစားအသောက် ကောင်းကောင်းလေးတွေလည်း စားလိုက်ရမှ ပြီးပြည့်စုံတော့မှာပေါ့။ မိုးတွင်းရောက်ပြီဆို ပုံမှန်ချက်နေကြ၊ စားနေကြ အစားအစာတွေထက် စာရင် ထူးထူးခြားခြားနဲ့ ခံတွင်းတွေ့စရာ အစားအစာလေးတွေ ဖန်တီးစားကြည့်ကြမယ်လေ။ ဒီအတွက် နေ့တိုင်းနီးပါး စားဖြစ်နေကြ မြန်မာအစားအစာတွေပဲကို တစ်ဆင့်မြှင့်ပြီး အိမ်မှာလည်း အပျင်းပြေ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ထူးထူးခြားခြားလည်း ဖြစ်‌‌စေဖို့ ဘယ်လိုဟင်းလျာတွေ ရှိမလဲ။ ပါဝင်ပစ္စည်းတွေကိုလည်း အနီးအနားမှာပဲ ဝယ်ယူနိုင်ပြီး မြန်မာ့ရိုးရာ အစားအစာတွေနဲ့ အနောက်တိုင်းအစားအစာတွေကို မိုးရာသီနဲ့ လိုက်ဖက်ညီစွာ စားနိုင်မယ့် ဟင်းချက်နည်း အိုင်ဒီယာတွေကို ဖတ်ကြည့်လိုက်ရအောင်။

မုန့်ဟင်းခါးပုံစံ Ramen

နာမည်ကြားရုံနဲ့ မြန်မာအစားအစာနဲ့ ဂျပန်အစားအစာ ဘယ်လိုတွဲစားလို့ရမှာလဲဆိုပြီး တွေးမိစရာဖြစ်နေမှာပါ။ ဒါပေမယ့် အခြေခံအချက်အနေနဲ့ကတော့ မုန့်ဖတ်နဲ့ အရည်နဲ့ တွဲစားရတဲ့ ပူပူနွေးနွေးအစားအစာ တစ်မျိုးဖြစ်တာမို့လို့ တွဲဖက်ဖန်တီးစားလို့ရပြီး အခုလို မိုးရာသီနဲ့ လိုက်ဖက်မှာ အသေအချာပါပဲ။ ချက်ပြုတ်နည်းကတော့ စပါးလင်၊ ကြက်သွန်ဖြူ တို့နဲ့ သေချာပြုတ်ထားတဲ့ ငါးပြုတ်ရည်အဖြူထည်ကိုပဲ နှစ်သက်ရာ ဟင်းချက်အမွှေးအကြိုင်တွေနဲ့အတူ နူးညံတဲ့ ဆန်ခေါက်ဆွဲသားကို ကြက်ဥပြုတ်ရယ်၊ ပဲကြော်တို့နဲ့ တွဲဖက်စားမယ်ဆို မိုးအေးအေးမှာ နွေးနွေးထွေးထွေးနဲ့ အာဟာရရှိရှိ စားလို့ကောင်းနေရော‌ပေါ့။

Air-Fried စမူဆာသုပ်

စမူဆာသုပ်ကိုမှ ဆီအများကြီးနဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိရှိ စားချင်တယ်ဆို ဒီလုပ်နည်းလေးက သေချာပေါက်ကွက်တိဖြစ်နေမှာနော်။ အနံ့အရသာကောင်းစေမယ့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ ပုံမှန်စားနေကြ စမူဆာလုပ်နည်းကိုမှ ဆီများများနဲ့ နှစ်ကြော်တဲ့ အဆင့်မှာ Air Flyerအစားထိုး အသုံးပြုရုံပါပဲ။ ရလာတဲ့ ပူပူနွေးနွေး စမူဆာကြော်လေးတွေကို ညှပ်ပြီး ဂေါ်ဖီထုပ်၊ ပဲနဲ့ မန်ကျည်းနှစ်တို့နဲ့ ရောသမမွှေလိုက်မယ်ဆို အင်မတန်အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ စမူဆာသုပ်လေး ရပါပြီ။

သက်သတ်လွတ် အုန်းနို့ခေါက်ဆွဲ

မိုးအေးအေးမှာ ပူပူနွေးနွေးဟင်းရည်လေးနဲ့ အရသာရှိရှိစားနိုင်မယ့် ဟင်းချက်နည်းတစ်မျိုး ရှိပါသေးတယ်။ အုန်းနို့ခေါက်ဆွဲရယ်ပါ။ ဘာမှမထူးခြားတဲ့ မုန့်လုပ်နည်းဆိုပေမယ့် သက်သတ်လွတ်ဟင်းလျာတွေကို အထူးတလှယ်လုပ်စားတတ်ကြတဲ့ အခုနောက်ပိုင်း လူငယ်တွေအတွက် သဘောတွေ့စေမယ့် ဟင်းလျာပါပဲ။ ပုံမှန် အုန်းနို့ခေါက်ဆွဲချက်နေကြအတိုင်းကိုမှ ပရိုတင်းအစားထိုးအနေနဲ့ တို့ဖူးနဲ့ မှိုတို့ကို လိုက်ဖက်ညီစွာ ထည့်သွင်းစားနိုင်ပါတယ်။

လက်ဖက်ပါစတာ

စဥ်းစားကြည့်ရင် ဘယ်လိုမှမအပ်စပ်တဲ့ အစားအစာ နှစ်မျိုးလို့ ထင်ရပေမယ့် တကယ်လုပ်စားကြည့်မယ်ဆို အရသာရှိတဲ့ လက်ဖက်ပါစတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဖက်ကို အိမ်မှာပဲ ကိုယ်တိုင် နှပ်စားလို့ရသလို အပြင်မှာလည်း ဝယ်ယူနိုင်တာမို့လို့ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် ဖန်တီးကြည့်နိုင်တာပါ။ ပါစတာ ခေါက်ဆွဲ မရှိရင်‌တောင် ရိုးရိုးဂျုံခေါက်ဆွဲ အသုံးပြုနိုင်ပြီး လက်ဖက်ကို ပင်စိမ်းရွက်၊ ကြက်သွန်ဖြူနဲ့ သံလွင်ဆီတို့နဲ့ မီးအေးအေးမှာ ကြော်လှော်ကာ နူးနူးညံ့ညံ့ခေါက်ဆွဲပေါ်မှာတင်ရင်း ဟင်းပွဲအသစ်တစ်ခုအနေနဲ့ အရသာရှိရှိ စားလို့ရပြီလေ။

ချောကလက်ဌက်ပျောကြော်

ပူနွေးနွေး ဌက်ပျောကြော်ကို အခုခေတ်မှာ အရင်တုန်းကအတိုင်း ကြော်စားနေတုန်းဆို ပျင်းစရာကြီးဖြစ်နေမှာနော်။ မိုးတွင်းလေးမှာ ကော်ဖီလေးနဲ့တွဲသောက်ဖို့ အိမ်မှာပဲ သွားရည်စာကောင်းကောင်း ဖန်တီးမယ်ဆို ဒါလေးက ကွက်တိပါပဲ။ ပြုလုပ်နည်းကတော့ ဌက်ပျောသီးမှည့်ကို မုန့်နှစ်ကောင်းကောင်းနဲ့ သေချာလေးကြော်ကာ အပူပေးထားတဲ့ Dark Chocolateရည်လေးတွေကို အနည်းငယ် လောင်းချပြီး စားလို့ရပြီး ချောကလက်မကြိုက်ဘူးဆို Cinnamon Sugar တစ်ချို့ကို ဖြူးပြီး စားလို့ရသေးတာမို့ အရသာရှိတဲ့မုန့်လုပ်နည်းလေးတစ်ခု ထပ်တိုးပြီပေါ့။

ပုံမှန်စားနေကြ အစားအစာတွေကိုမှ ထင်မထားတဲ့ အတွဲအစပ်တွေနဲ့ အရသာရှိရှိ အခုလိုဖန်တီးစားလို့ရတယ်ဆိုတာ သိရှိသွားကြမယ် ထင်ပါတယ်နော်။ ဒီလို ပူပူနွေးနွေး၊ ပေါ့ပေါ့ပါးပါး၊ အာဟာရဖြစ်ဖြစ်၊ အရသာရှိရှိ မုန့်လုပ်နည်းအသစ်လေးတွေ လိုက်လုပ်ကြည့်ရင်း မိုးရာသီလေးကို နွေးနွေးထွေးထွေးဖြတ်သန်းလိုက်ကြရအောင်။ 


Share

Comments

Related Posts