မိခင်လောင်းတို့ ကြိုတင် ပြင်ဆင် ဝယ်ယူနိုင်ဖို့

Posted in မိဘအုပ်ထိန်းခြင်း, ကိုယ်ဝန်ဆောင်မိခင်

နှစ်ယောက်တစ်ဘဝထဲကို မိသားစုဝင် အသစ်လေးတစ်ယောက် စတင်ရောက်ရှိလာတော့မယ်လို့ သိသိရချင်း စိတ်လှုပ်ရှားလို့ ဘာတွေ ပြင်ဆင်လို့ ပြင်ဆင်ရမှန်းမသိ ဖြစ်နေပြီလား မေမေ ဖေဖေ တို့ရေ။ သားသမီးအတွက် အကောင်းဆုံးတွေကိုပဲ ပေးချင်တယ်၊ လိုအပ်တာတွေမှန်သမျှ ပြည့်စုံစေချင်တယ်ဆိုတာ မိဘတိုင်းရဲ့  စေတနာ၊ မေတ္တာပါ။ ဈေးကြီးပြီး ငွေကုန်ကြေးကျများတဲ့အရာတွေကပဲ အကောင်းဆုံးတွေ မဟုတ်ပါဘူး။  ကိုယ်လက် လှမ်းမှီတဲ့ အတိုင်းအတာအတွင်းမှာ မိခင်လောင်းတို့ ဘာတွေကြိုတင်ပြင်ဆင်ထား၊ ဝယ်ယူထားရမလဲဆိုတဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးမှာ တစုတစည်းတည်း ဖတ်ရှုနိုင်ပါပြီ။

(၁) မိခင်က ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ 

ကျန်းမာရေးစောင့်ရှောက်မှု - ကိုယ်ဝန်ရှိလာပြီလို့ သိတာနဲ့တပြိုင်နက် မိခင်ရော၊ ကလေးပါ ကျန်းမာရေး ကောင်းမွန်နေတာ သေချာစေဖို့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးရပါမယ်။ ကိုယ်ဝန်စလွယ်ထားတဲ့ အချိန်ကနေစပြီး၊ မီးမဖွားခင်၊ မီးဖွားပြီးသည်အထိ စလယ်အဆုံး ကာလသုံးပါးလုံးမှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာခံယူဖို့ လိုအပ်ပါတယ်။

အာဟာရမျှတအောင် စားသုံးပါ _ ကိုယ်ဝန်ဆောင်မိခင်တွေက နှစ်ယောက်စာ စားပေးရမယ်ဆိုတဲ့ အယူအဆဟောင်း ကို အတိတ်မှာ ချန်ထားခဲ့ပါတော့။ ကိုယ်ဝန်ဆောင်တွေက အာဟာရလုံလောက်ပြီး သင့်တင့်မျှတစွာ စားသုံးဖို့ပဲ လိုပါတယ်။ ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာစားပေးရမယ်လို့ ယူဆပြီး လိုအပ်တာထက် များစွာပို စားမိတဲ့အခါ၊ အထူးသဖြင့် အချိုစာတွေ ပိုစားမိတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တက်လာခြင်း၊ သွေးတွင်း သကြားဓာတ်များလာခြင်းကနေတဆင့် ကိုယ်ဝန်ဆောင် ဆီးချိုအထိပါ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဥ် လိုအပ်တဲ့အာဟာရကို သင့်တင့်မျှတစွာ စားသုံးနိုင်ဖို့ အရေးကြီးပါတယ်။ နောက် တစ်ချက် က ဈေးကြီးတဲ့ အစားအစာတွေစားမှ အာဟာရဖြစ်မှာလည်း မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ ပေါများတဲ့ အစားအစာတွေကို အာဟာရအုပ်စုစုံ၊ အရသာစုံ စားသုံးလို့ ရပါတယ်နော်။ 

ကိုယ်လက်လှုပ်ရှားပြုလုပ်ပါ_  အာဟာရ လုံလောက်မျှတအောင် စားသုံးတာအပြင် ကိုယ်လက်လုပ်ရှား  လေ့ ကျင့်ခန်း ပြုလုပ်ခြင်းကလည်း ကိုယ်ဝန်‌ဆောင်မေမေရော၊ ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာနေဖို့ အထောက် အကူ ပြုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက နှလုံးနဲ့အဆုတ်ကို အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လည်း တိုးတက်ကောင်းမွန်စေပါတယ်။ အပျော့စားအေရိုးဗစ်၊ လမ်းလျောက်တာ၊ အပင်စိုက်တာနဲ့ ကိုယ်ဝန် ဆောင်တွေလိုက်လုပ်လို့ရတဲ့ ယောဂလေ့ကျင့်ခန်းလို အပျော့စားအားကစားတွေ တစ်နေ့ နာရီဝက်ခန့်၊ တပတ် ကို ငါးရက် ပြုလုပ် ပေးသင့်ပါတယ်။

(၂) မိသားစုဝင်တွေက ဒါလေးတွေ ပြင်ဆင်ထားပေးပါ 

ကိုယ့်မိသားစုဝင်ထဲက တစ်‌ယောက်ယောက် ကိုယ်ဝန်ရှိနေတယ်ဆိုတာနဲ့ တစ်အိမ်သားလုံး အနည်းနဲ့အများ စိတ် လှုပ်ရှားကြမှာပါ။ ကိုယ်ဝန်ဆောင်မေမေနဲ့ မွေးလာမယ့် ဘေဘီ‌လေးတို့အတွက် အိမ်သားတွေကလည်း ဒါလေးတွေ ကြိုတင်ပြင်ဆင်‌ပေးလို့ရပါတယ်။

ကလေးငယ် အန္တရာယ်ကင်းစေဖို့ အိမ်ကိုပြင်ဆင်စို့ အိမ်တစ်အိမ်လုံးကို အစအဆုံးပြင်ဆင်ဖို့ မလိုပါဘူး။ ဘေဘီလေးအတွက် အခန်းတစ်ခန်းသီးသန့်ပြင်တာ၊ ဒါမှမဟုတ် မေမေတို့အခန်းထဲမှာပဲ ဘေဘီလေးဖို့ နေရာ သီးသန့်ပြင်ပေးတာမျိုးပေါ့။ မွေးခါစကလေးအရွယ်အတွက် နေရာသိပ်မလိုပေမယ့် ကလေးက ဝမ်းလျားမှောက်အရွယ်ရောက်လာတဲ့အခါ ကလေးအတွက် အန္တရာယ်ရှိနိုင်မယ့် ချွန်ထက်တဲ့အရာတွေ၊ အပူလောင်စေမယ့် အရာတွေနဲ့ တိုက်မိခိုက်မိနိုင်မယ့် ပရိဘောဂတွေ၊ ချော်လဲနိုင်မယ့်နေရာတွေကို သေချာဖယ်ရှား ပြုပြင်ထားဖို့ လိုပါတယ်။

မိခင်လောင်းကို နွေးထွေးအားပေးပါ - ကိုယ်ဝန်ဆောင်မိခင်ကို အတွေ့အကြုံတွေမျှဝေဖို့၊ စိတ်သက်တောင့်သက် သာရှိစေဖို့ တိုင်ပင်ဖော်တိုင်ပင်ဖက် မိခင်၊ အဖွား၊ ညီအမတွေ၊ ဝမ်းကွဲတွေက အနီးကပ်ရှိနေပေးရင် ပိုကောင်းပါ တယ်။ ခင်ပွန်းသည်အပါအဝင် အခြားမိသားစုဝင်တွေရှိသေးရင်လည်း အိမ်အလုပ်တွေ ဝိုင်းလုပ်တာ၊ လမ်းအတူ တူလျောက်ပေးတာ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို နားထောင်ပေးတာ၊ ချစ်ခြင်းနဲ့ နွေးထွေးမှုကို အရင်ကထက် ပိုထုတ်ပြတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

မောင်နှမအသစ်တိုးလာမယ်ဆိုတာ ကြိုတင်အသိပေးပါ_ အခုကိုယ်ဝန်က သားဦးမဟုတ်ဘဲ အရင်ကလေးတွေ ရှိပြီးသားဆိုရင် သူတို့အတွက် မောင်နှမအသစ်ကလေး၊ မွေးကင်းစကလေးငယ်လေး ရောက်လာတော့မယ် ဆိုတာ ကြိုတင်ပြောပြထားဖို့ လိုကိုလိုအပ်ပါတယ်။ ကလေးသေးသေးလေးတွေက ပိုပြီး ဂရုစိုက်မှုလိုအပ် ကြောင်း၊ မေမေဖေဖေနဲ့ တခြားမိသားစုဝင်တွေ ကလေးကို ဂရုစိုက်နေကြသလို သားကြီး၊ သမီးကြီးတွေကို လည်း အချစ်မလျော့ကြောင်းနဲ့ အခုကစပြီး သား/သမီးက အကိုကြီး/ အမကြီး အခန်းကဏ္ဍကို ရောက်သွားပြီး ဖြစ်ကြောင်း စသဖြင့် ကြိုတင်ရှင်းပြထားရပါမယ်။ ဒါမှ ကလေးအကြီးတွေရဲ့ စိတ်ခံစားမှုက ကောင်းမွန်ပြီး မွေးစကလေးကိုလည်း ကောင်းကောင်းမွန်မွန်ကြိုဆိုနိုင်မှာပါ။

(၃) ကလေးနဲ့ မေမေ့ဖို့ ဒါတွေကြိုတင်ဝယ်ယူစို့ 

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ တဖြည်းဖြည်းချင်း ကြိုတင်စုဆောင်းထားဖို့  ဆေးရုံကိုသွားရင် ယူသွားဖို့ကစပြီး ကလေးလသားအထိ အသုံးပြုလို့ရမယ့် ပစ္စည်းလေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ကလေးဒိုက်ဘာနဲ့ ဆက်စပ်ပစ္စည်းများ _ ကလေးအနှီး၊ မွေးကင်းစသုံးဒိုက်ဘာ၊ အောက်ခံအခင်း၊ ဒိုက်ဘာပွန်းရင် လိမ်းတဲ့ လိမ်းဆေး စတာတွေက အခြေခံပစ္စည်းတွေပါ။ အရင်ကတော့ ပိတ်စအဖြူတွေ၊ ပုဆိုးတွေကို ဖြတ်ပြီး သုံးကြပေမယ့် အခုအခါမှာ ပိုးသတ်ထားပြီးသား ပစ္စည်းတွေက ဝယ်ယူဖို့အသင့်ရှိနေပါပြီ။

ကလေးအဝတ်အစား_ ကလေးနောက်ကြိုးချည်အင်္ကျီလေးတွေ၊ ကလေးခြေအိတ်လက်အိတ်၊ ကလေးဦးထုတ်၊ မျက်နှာသုတ်ပုဝါ နဲ့ အခြားအခြားသော ချစ်စရာကလေးအဝတ်အစားများစွာ ရှိနေပါပြီ။ ကုန်တိုက်တွေ၊ ကလေးပစ္စည်းဆိုင်တွေမှာ ကြိုဝယ်ထားလို့ ရသလို၊ အပ်ချုပ်တတ်တဲ့ သူတွေကလည်း စိတ်ကြိုက်ကိုယ်တိုင် ချုပ်လို့ ရပါသေးတယ်။

နို့တိုက်ပစ္စည်းများ_ ကလေး(၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ မဖြစ်မနေတိုက်ကျွေးရပါမယ်။ ဒီအတွက် မိခင်နို့ညှစ်စက်၊ နို့ရည်သိမ်းတဲ့နို့ဘူး၊ နို့ဘူးပေါင်းစက်၊ နို့ဘူးဆေးစက်၊ နို့ဘူးဆေးတဲ့ဆပ်ပြာ ဒါလေးတွေ ကြိုတင်ဝယ်ယူထားလို့ရပါတယ်နော်။

ရေချိုးပစ္စည်းများ _ ဘေဘီပေါက်စလေးကို ရေချိုးပေးဖို့ဆိုရင် သူ့အတွက်သီးသန့် ကလေးဆပ်ပြာ၊ ခေါင်းလျော် ရည်၊ ခေါင်းလိမ်းဆီ၊ ဘေဘီလိုးရှင်း၊ ဘေဘီပေါင်ဒါ၊ တစ်ရှုးအစို၊ ကလေးရေချိုးဇလုံ စတဲ့စတဲ့ မွေးကင်း စကလေးအတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းလေးတွေကို ယုံကြည်စိတ်ချရတဲ့ ကလေးပစ္စည်း ဆိုင်တွေမှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ပိုးမွှားကင်းစင် ကျန်းမာစေဖို့_ လက်သည်းညှပ်တို့၊ ကလေးခေါင်းဘီးတို့လို တကိုယ်ရည်သုံးပစ္စည်းလေးတွေကို သီးသန့်ထားပေးဖို့ လိုပါတယ်။

အိပ်ယာဆက်စပ်ပစ္စည်းများ_ ကလေးခြင်ထောင်၊ ကလေးအုပ်ဆောင်း၊ ခြုံစောင်၊ အိပ်ယာခင်းခံ၊ ခေါင်းအုံး၊ ဖက်လုံး စတဲ့ပစ္စည်းလေးတွေလည်း လိုသေးတယ်နော်။ ပိုးမွှားကင်းစင် ကျန်းမာစေဖို့_ လက်သည်းညှပ်တို့၊ ကလေးခေါင်းဘီးတို့လို တကိုယ်ရည်သုံးပစ္စည်းလေးတွေကို သီးသန့်ထားပေးဖို့ လိုပါတယ်။ 

မေမေတို့အတွက်_ မေမေတို့အတွက်လည်း မေ့ထားခဲ့လို့ ဘယ်ဖြစ်မလဲနော်။ မီးမဖွားမီ ဗိုက်ဖုံးအင်္ကျီကစလို့ မီးဖွားပြီး ဗိုက်စည်း၊ နို့တိုက်အတွင်းခံအင်္ကျီ( Maternity Bra) စတဲ့ ပစ္စည်းတွေကိုလည်း ဈေးဝယ်စာရင်းထဲ ထည့်ထားပါဦး။

မိခင်လောင်းတစ်ဦးဖြစ်တဲ့ ကိုယ့်ကိုယ်ကို အတွက်ပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက် အတွက်ပဲဖြစ်ဖြစ် ကြိုတင်ဝယ်ယူချင်တယ်၊ လက်ဆောင် ပေးချင် တယ် ဆိုရင် ဒီစာရင်းလေးက အသုံးဝင်မှာ အသေအချာပါပဲ။ မိခင်လောင်းတိုင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပျော်ရွှင်ပြီး ကျန်းမာတဲ့ဘေဘီလေးတွေ အခက်အခဲမရှိ မွေးဖွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


Share

Comments

Related Posts