အိပ်ရေးဝဖို့က အရေးကြီးလို့လား

Posted in ကျန်းမာရေး


ခေတ်မှီပြောင်းလဲလာတဲ့ ခုလိုခေတ်ကြီးမှာ နည်းပညာတွေနဲ့ ပြောင်းလဲလာတဲ့ အလုပ်လုပ်တဲ့ပုံစံတွေ၊ လူမှုရေးနဲ့ တခြားဖျော်ဖြေရေးကဏ္ဍတွေကြောင့် ညဘက်ကို အချိန်မှန်မှန်နဲ့ ပြည့်စုံလုံလောက်တဲ့ အိပ်စက်ခြင်းကို ရရှိဖို့ခက်ခဲလာကြပါပြီ။ လူသားတိုင်း တစ်နေ့တာအတွက် အသက်ရှင်နေထိုင်ဖို့ စားသောက်ကြသလို အိပ်စက်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာအတွက်ပါ အရေးပါတာပါပဲ။ ဒါ‌ကြောင့်မို့ အသက်ရှည်ကျန်းမာပြီး လုပ်ဆောင်သမျှတွေ အောင်မြင်တိုးတက်စေဖို့ အိပ်စက်တဲ့ပုံစံကိုလည်း ကျန်းမာမျှတနေအောင် ဂရုတစိုက်စောင့်ကြည့်နေသင့်တာပါ။ ဒီ့အတွက် ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ လုံလောက်တဲ့ အိပ်စက်ချိန်နဲ့ ဘယ်လိုနေထိုင်မှုပုံစံတွေ လိုအပ်လဲဆိုတာ ဒီဆောင်းပါးလေးမှာ မျှဝေလိုက်ပါရစေ။

အိပ်စက်‌ရေးနဲ့ ကျန်းမာရေး

အသက်အရွယ်မရွေး လုံလောက်ပြည့်ဝတဲ့ အိပ်ချိန်ရှိနေမှ စိတ်ရောကိုယ်ပါ သွက်လက်ကြံ့ခိုင်မှုရှိနေမှာ ဖြစ်ပါတယ်။ အိပ်စက်တာကြောင့် ကိုယ်ခန္ဓာတ္ငင်းက အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်ကျန်းမာစေပြီး ကိုယ်ခန္ဓာကို အနားပေးလိုက်တဲ့အတွက် ကြွက်သား‌တစ်ရှူးတွေကို ပြုပြင်ပေးကာ စွမ်းအင်ကိုလည်း ပြန်လည်သိုလှောင်‌‌‌ပေးရာ ‌ရောက်တာပေါ့။ အလှအပအတွက်လည်း အိပ်ရေးဝဝရှိထားခြင်းက အသားရည်ကို သဘာဝအတိုင်း စိုပြေစေပြီး အသားရည်ခြောက်ခြင်းနဲ့ အရေးကြောင်းဖြစ်တာတွေကို လျော့ချနိုင်ပါတယ်။ ဒီလို ကျန်းမာ‌ရေးနဲ့ နည်းမျိုးစုံသက်ဆိုင်နေတဲ့ အိပ်စက်ခြင်းကို ဂရုမမူဘဲ နေမိမယ်ဆို မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် အိမ်တွင်းမိသားစုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာပါ အနှောင့်အယှက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အိပ်စက်ခြင်းဟာ အ‌ရေးပါလွန်းပြီး လူကြီး၊ လူငယ်မရွေး အနည်းဆုံး ၆နာရီကနေ ၈နာရီကြား အိပ်ချိန် လိုအပ်လှပါတယ်။ 

သတိပြုသင့်တဲ့ ရောဂါအကြောင်းတွေ

အိပ်ချိန်မမှန်တာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ စိတ်ကျရောဂါတွေအထိပါ ဖြစ်စေတတ်တာပါ။ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတဲ့ ကိုယ်ခံစွမ်းအားအပေါ် လည်း ထိခိုက်မှုရှိတာကြောင့် လျော့မတွက်သင့်ပါဘူး။ ဒါတွေအပြင် အိပ်စက်တာက ဉီးနှောက်ကျန်းမာရေးအတွက်ပါ တိုက်ရိုက်အ‌ရေးပါနေတာမို့ အိပ်ချိန် ပုံမှန်မရှိဘူးဆို မှတ်ဉာဏ်ထိခိုက်ပြီး အာရုံစူးစိုက်မှုလျော့ကျလာကာ ဖန်တီးနိုင်စွမ်းတွေလည်း လျော့ကျနိုင်တယ်။ တဖြည်းဖြည်းနဲ့  နိုးကြားတက်ကြွမှု နည်းလာပြီး လူမှုဆက်ဆံရေးပါ ထိခိုက်လာနိုင်တော့တာပါပဲ။ ဒီလိုမျိုး ကျန်းမာရေးအတွက် ဘက်စုံမှာ အားနည်းလာနိုင်တာမို့ ကိုယ့်မှာ အိပ်ချိန်မမှန်တာမျိုး၊ အိပ်စက်ရာမှာ အခက်အခဲဖြစ်နေတယ်ဆို နေထိုင်မှုပြောင်းလဲတာဖြစ်ဖြစ်၊ လိုအပ်တယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဝါးမှီဝဲပြီး ကုသတာမျိုးလုပ်သင့်ပါတယ်။

အိပ်စက်ချိန်နဲ့ ပုံစံ

အိပ်စက်ချိန် လုံလောက်ဖို့ အရေးကြီးတဲ့အပြင် မှန်ကန်တဲ့အိပ်စက်မှုပုံစံကလည်း လိုအပ်ပါသေးတယ်။ ညဘက်တွေမှာ “လုပ်စရာရှိတာတွေတော့ ဆက်လုပ်လိုက်ဦးမယ်၊ နောက်မှ ခဏမှေးတာပေါ့” ဆိုတဲ့ အတွေးနဲ့ အလုပ်တွေ သည်းကြီးမဲကြီးလုပ်နေတာ၊ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကို အများစုလုပ်တတ်ကြမှာပါ။ အသက်အရွယ်ငယ်တုန်းမှာ မသိသာပေမဲ့ ဒီလိုအလေ့အကျင့်အမှားတွေက ‌အိပ်စက်ချိန် ပုံမှန်မဖြစ်တော့ဘဲ ရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုပ်နေတဲ့ အလုပ်တွေကို တတ်နိုင်သလောက် လက်စသတ်ပြီး ညဘက်မှာ အိပ်ချိန်အတိအကျသတ်မှတ်ကာ အနားယူသင့်တာပါ။ ဒါကြောင့် သိသိ မသိသိ လုပ်ဖြစ်နေတဲ့ ဒီလိုအလေ့အကျင့်မှားကို ရှောင်ရှားပြီး နေထိုင်မှုပုံစံပြောင်းလဲနိုင်မယ်ဆို ပြည့်စုံလုံလောက်တဲ့ အိပ်စက်ချိန်နဲ့အတူ ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်ကြရမှာပါပဲ။ 

ပြည့်စုံလုံလောက်တဲ့ အိပ်စက်ခြင်းရဖို့

ညဘက်တွေမှာဆို အိပ်ရခက်တယ်၊ အိပ်ပျော်ပေမယ့်လည်း ခဏခဏပြန်နိုးတတ်တယ်ဆို လုံလောက်မျှတတဲ့ အိပ်ချိန်မရနိုင်တော့ဘူးပေါ့။ နှစ်ခြုက်စွာ အိပ်စက်နိုင်ဖို့ အားပေးတဲ့ အခန်းပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံတွေ ရှိမယ်ဆို စိတ်ကျေနပ်စရာ လုံလောက်တဲ့အိပ်ချိန်ရနိုင်ပါတယ်။ ခုခေတ်မှာ အမြဲအတူရှိနေတတ်တဲ့ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အိပ်ချိန်နဲ့ အနည်းဆုံး ၁နာရီခွာပြီး အသုံးပြုတာ ရပ်ထားတာတို့ကို ပြုလုပ်သင့်ပါတယ်၊ ဘာကြောင့်ဆို ဒီပစ္စည်းတွေကနေ ထွက်တဲ့အလင်းရောင်က ဦးနှောက်ကို လှုံ့ဆော်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေလို့ပါပဲ။ ကဖိန်း နဲ့ အယ်ကိုဟောပါတဲ့ သောက်စရာတွေကလည်း ဦးနှောက်လှိုင်းတွေကို အနှောက်အယှက်‌ပေးပြီး အိပ်ချိန်ကို ကမောက်ကမဖြစ်စေတဲ့အတွက် ကော်ဖီကို နေ့လည်ကျော်ရင် မသောက်သင့်တော့ပါဘူး။ အရေးကြီးဆုံးကတော့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို မွေးမြူရင်း ပုံမှန်လုပ်ဆောင်သွားနိုင်မယ်ဆို အိပ်ရေးဝဝနဲ့ လုပ်ငန်းဆောင်တာတိုင်းကို စိတ်ကြည်ကြည်လင်လင်နဲ့ ချောချောမွေ့မွေ့လုပ်ကိုင်နိုင်မှာပါ။

အိပ်ချိန်မမှန်တဲ့ လူတစ်ယောက်ဟာ ဘီးလေ မရှိတဲ့ ကားကိုမောင်းနေရတာနဲ့ ဆင်တူပါတယ်။ ကားက ရွေ့နေ၊ သွားနေပေမယ့် နှောင့်နှောင့်နှေးနှေးနဲ့ တစ်ဘီးစီလိမ့်သွားနေရမှာပါ။ ဒီလိုပုံစံအတိုင်း ကြာကြာဆက်သွားလေ၊ ကားပဲ ပိုထိခိုက်လာမှာပါ။ ထို့အတူ လူသားတွေကလည်း ကျန်းမာရေးအတွက် အရေးကြီးဆုံး အိပ်စက်ခြင်းအတွက် ဂရုပြုနေထိုင်သင့်ပြီး လိုအပ်မယ်ဆို ကျွမ်းကျင်ရာဆရာ၀န်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။ ပြည့်စုံလုံလောက်တဲ့ အိပ်စက်ခြင်းနဲ့ ကိုယ့်လုပ်ငန်းဆောင်တာတွေကို ကျန်းကျန်းမာမာလုပ်ကိုင်နိုင်ဖို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။


Share

Related Posts